
AI Summary
အမေရိကန် OFAC၊ ၇၆ ဦး/အဖွဲ့ နာမည်ပျက်စာရင်းမှ ဖယ်ရှား။ မြန်မာ ၅ ဦး ပါဝင်၊ ပေါက်ယူယိ၊ ပေါက်ဟွာချန်း၊ ဦးမြင့်ဆွေ ပါ။ အချက်အလက်ဟောင်း၊ သေဆုံးသူကြောင့် ဖယ်ရှား။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က လက်ရှိအခြေအနေတွေနဲ့ မကိုက်ညီတော့တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၇၆ ခုကို နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးလိုက်ရာမှာ မြန်မာနိုင်ငံက ၅ ယောက် ပါဝင်ပါတယ်။
မေ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ OFAC ရဲ့ ကြေညာချက်အရ ပယ်ဖျက်ခံရသူတွေထဲ မူးယစ်ဆေးဝါးကုန်ကူးမှု စွပ်စွဲချက်တွေနဲ့ ၂၀၀၈ ခုနှစ်ကတည်းက အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု ခံထားရတဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ခေါင်းဆောင်ပိုင်းက ပေါက်ယူယိနဲ့ ပေါက်ဟွာချန်း အပါအဝင် လူ ၄ ယောက် ပါဝင်ပါတယ်။ ဒါ့အပြင် မနှစ်က ကွယ်လွန်သွားပြီဖြစ်တဲ့ စစ်တပ်ခန့် ယာယီသမ္မတဟောင်း ဦးမြင့်ဆွေကိုလည်း ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။
သမ္မတ ထရမ့်ပ်လက်ထက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ခေတ်နဲ့အညီ ပြုပြင်ရေးအစီအစဉ်အရ အခုလို လုပ်ဆောင်ပေးခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အခုပယ်ဖျက်ပေးလိုက်တဲ့သူတွေထဲ သေဆုံးသွားသူတွေ၊ လက်ရှိမှာ လည်ပတ်ခြင်းမရှိတော့တဲ့ တရားမဝင် ငွေကြေးကွန်ရက်နဲ့ ဆက်စပ်သူတွေ၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက အမည်ပျက်စာရင်းသွင်းခံခဲ့ရပြီး ဆက်လက်စောင့်ကြည့်ဖို့ လုံလောက်တဲ့ အထောက်အထား မရှိတော့တဲ့သူတွေနဲ့ အသုံးပြုခြင်းမရှိတော့တဲ့ ရေယာဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု ခံထားရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို DVB ရဲ့ Myanmar Sanctions Monitor Dashboard မှာ အချိန်နဲ့တပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Dashboard အား ဝင်ရောက်ကြည့်ရှုရန် - https://burmese.dvb.no/sanctions