
AI Summary
တော်လှန်ရေးတပ်ဖွဲ့များ မင်းဘူး-ပဒန်းကြား စစ်ကားတိုက်ခိုက်။ စစ်သား ၇ ဦးသေ၊ လက်နက်ခဲယမ်းသိမ်း။ နတ်ရေကန်သို့ စစ်ကူလာသောကား။
နိရဉ္စရာ၊မေ ၂၉/၂၀၂၆
နတ်ရေကန်သို့စစ်ကူလိုက်လာသောစစ်ကားတစ်စီးကို မင်းဘူးနှင့်ပဒန်းအကြားတွင်တော်လှန်ရေးတပ်ဖွဲ့များကဖြတ်တောက်တိုက်ခိုက်ရာတွင် အာဏာသိမ်းစစ်တပ်မှ စစ်သား ၇ ယောက်သေပြီး လက်နက်ခဲယမ်းအချို့ကိုလည်း တော်လှန်ရေးတပ်ဘက်က သိမ်းဆည်းရမိခဲ့သည်ဟု သတင်းရရှိသည်။
“ တိုက်ခိုက်ခံရတာက မင်းဘူးမြို့ကနေ နတ်ရေကန်သို့စစ်ကူလိုက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကား ပဒန်းမရောက်ခင် ကြားဖြတ်တိုက်ခိုက်ခံရတာပါ။ ဇီးအိုင်ကျေးရွာနားအရောက်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ပြီးတိုက်ခိုက်ခဲ့တာမှာစစ်သား ၇ယောက်သေတယ်။လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရမိတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သော ဒေသခံအမျိုးသားတစ်ယောက်က နိရဉ္စရာကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုသည် မေလ ၂၈ ရက် မနက် ၇ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကားပေါ်တွင် စစ်သား ၃၀ ခန့် ပါရှိကာ တိုက်ပွဲမှာ အချိန်အနည်းငယ်ကြာဖြစ်ပွားခဲ့သည်ဟုသိရသည်။
" မနေ့ မနက်ကတည်းကအသင့်စောင့်ပြီး ကြားဖြတ်တိုက်ခိုက်တာပါ။ ၂ ယောက်အလောင်းကိုရတယ်။နောက်ထပ်အလောင်း ၅ လောင်းကတော့ သေနေတာမြင်ပေမဲ့ အလောင်းကို မကြည့်နိုင်ခဲ့ဘူး။ ကားပေါ်က လက်နက်နဲ့ ခဲယမ်းတွေ အချို့ သိမ်းယူနိုင်ခဲ့တယ်။ ကျန်တဲ့ စစ်သားတွေက နောက်ဆုတ် ထွက်ပြေးသွားကြတယ်"ဟု ပြောသည်။
ဇီးအိုင်ကျေးရွာနားနှစ်ဖက်တိုက်ပွဲ အချိန်အနည်းငယ်ဖြစ်ပွားခဲ့သည်ဟုနောက်ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
"ကားကိုစောင့်ပြီးတိုက်တာပါ။ အဲဒီမှာတိုက်ပွဲအနည်းငယ်ဖြစ်တယ်။ စကစ ဖက်ကတော့၇ယောက်လောက် သေဆုံးတာကိုအတည်ပြုနိုင်ပါတယ်။ တော်လှန်ရေးဖက်ကကားမှာပါလာတဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရယူခဲ့တယ်။လက်နက်ကြီးကျည်အချို့ မသယ်ယူနိုင်လို့ ကားနဲ့ အတူ မီးရှို့ခဲ့ရတယ်။ စစ်ကူလိုက်လာတော့ အောင်မြင်စွာနဲ့ နောက်ဆုတ်လာခဲ့ရပါတယ်"ဟုပြောသည်။
အာဏာသိမ်းမြန်မာစစ်တပ်သည်နတ်ရေကန်တောင်သို့ ပဇီ၊ဂုတ်ကြီးကနေ မင်ဘူးနှင့် ပဒါန်းလမ်းပိုင်းကို အသုံးပြုပြီး စစ်ကူများပို့နေရာမှ တော်လှန်ရေးတပ်ဖွဲ့များက လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။