ရွှေကူမြို့နယ် တိုက်နယ်ဆေးရုံ ဗုံးကြဲခံရသဖြင့် ပြည်သူ ၃ ဦး သေဆုံး

ရွှေကူမြို့နယ် တိုက်နယ်ဆေးရုံ ဗုံးကြဲခံရသဖြင့် ပြည်သူ ၃ ဦး သေဆုံး

DVB
SourceDVB

AI Summary

ဇွန်လ ၄ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကာ ဆေးရုံအဆောက်အအုံ ၃ လုံးနှင့် ဆိုင်ကယ် ၃ စီး မီးလောင်ပျက်စီးခဲ့သည်။ အဆိုပါဆေးရုံသည် ဒေသခံများ ဆေးကုသရာနေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာတွင် လေကြောင်းမှ တမင်သက်သက် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စီသာကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး၊ စစ်အာဏာရှင်တပ်က မဘိမ်းနယ်မှ အင်အား ၈၀၀ ခန့်ဖြင့် ရွှေကူမြို့ဘက်သို့ စစ်ကြောင်းထိုးလာနေခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ လမ်းများပိတ်ဆို့နေ၍ ဒဏ်ရာရသူများကို ဆိုင်ကယ်ဖြင့် ကယ်ဆယ်နေရပြီး၊ အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံထောင်ပေါင်းများစွာ စစ်ဘေးတိမ်းရှောင်နေရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ရွှေကူမြို့နယ်၊ စီသာကျေးရွာမှာ ဇွန် ၄ ရက် မနက် ၈ နာရီခွဲလောက်မှာ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာကြောင့် တိုက်နယ်ဆေးရုံ အဆောက်အအုံကို ထိမှန်ခဲ့ကာ ပြည်သူ ၃ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ပေါင် ၅၀၀ ဗုံးသီး ၃ လုံး ကြဲချခဲ့တာဖြစ်ပြီး ဆေးရုံအဆောက်အအုံ ၃ လုံးနဲ့ ဆိုင်ကယ် ၃ စီးလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဲဒီဆေးရုံဟာ ဒေသခံတွေ ဆေးကုသနေတဲ့ တိုက်နယ်ဆေးရုံဖြစ်ကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပြီး လတ်တလော ကားလမ်းတွေ ပိတ်ထားတာကြောင့် ဆိုင်ကယ်နဲ့ ကယ်ထုတ်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ကားတွေကတော့ ပိတ်ထားတယ်။ ဆိုင်ကယ်နဲ့တော့ သွားကယ်နေရတာ။ ဟိုဟာက တိုက်နယ်ဆေးရုံ ကြဲသွားတာ။ အဲ့မှာ လင်မယား ၂ ယောက်နဲ့ အားလုံး ၃ ယောက် သေသွားတယ်။ ဆေးရုံကော၊ ဘေးနားက အိမ်တွေကော။”

KIA တပ်မဟာ ၁၁ နယ်မြေရှိ ငို့စင်ကျေးရွာနဲ့ မိုင်သုံး ၃၀ လောက်အကွာမှာ တည်ရှိတဲ့ စီသာကျေးရွာမှာ စစ်အာဏာရှင်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်။

ရွှေကူ-ငါးအိုးလမ်းပိုင်းမှာ စစ်အာဏာရှင်တပ်တွေ ရွှေကူမြို့နယ်ထဲ ထိုးစစ်ဆင်လာတာ ဖြစ်ပေမဲ့ ဗုံးကြဲခံရတဲ့ ဆေးရုံကတော့ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့နေရာမှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“အခုဖြစ်တာက ဆေးရုံမှာပေါ့။ တိုက်ပွဲကတော့ အဲ့ဆေးရုံနားထိ မဖြစ်သေးဘူး။ အဲ့က ဟိုးအရှေ့ဘက်တွေမှာ ဖြစ်နေတာ။ အဲ့ဘက်ကို ညောင်ပင်ကွေ့တို့၊ စကာကုန်းတို့ သူတို့ရောက်ထားပြီ။ ဒါပေမဲ့ ဒီဆေးရုံဘက်ကို မရောက်ဘူး။ ဒါပေမဲ့ ဆေးရုံက သူတို့ တမင်သက်သက်လာကြဲတာပေါ့။ အဲ့လိုပုံစံမျိုး။”

လက်ရှိမှာတော့ ရွှေကူမြို့တွင်းတပ်ဖြစ်တဲ့ ခ.လ.ရ ၅၆ တပ်ထဲကို စစ်အင်အားဖြည့်ဖို့ မေ ၅ ရက်နေ့ကတည်းက ရှမ်းမြောက် မဘိမ်းနယ်ကနေ ရွှေကူ-ငအိုးလမ်းအတိုင်း တက်လာတဲ့ အင်အား ၈၀၀ ခန့်ရှိ စစ်အာဏာရှင်စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေဟာ ရွှေကူနဲ့ မဘိမ်းနယ်အစပ်ရှိ မဘိမ်းနယ်ထဲက မန်နားလေးကျေးရွာမှာ  တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

အခုလို မဘိမ်းမြို့ကနေ စစ်အာဏာရှင်တပ်က အင်အား ၈၀၀ ခန့်နဲ့ ရွှေကူမြို့ဆီကို စစ်ကြောင်းထိုးလာနေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ငို့စင်ကျေးရွာအနီးရှိ ခတ်ခုံကျေးရွာ၊ မန်နားကျေးရွာ၊ စီဖွာကျေးရွာ၊ မန်ကင်းကျေးရွာမှ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဟန်န

ဆက်စပ်သတင်းများ

AI Curated
ရွှေကူမြို့နယ် တိုက်နယ်ဆေးရုံ ဗုံးကြဲခံရသဖြင့် ပြည်သူ ၃ ဦး သေဆုံး | YGN Daily