ရိုးမပေါ်ကိုစစ်ကြောင်းထိုးသည့် အာဏာသိမ်းစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်နှစ်ဦးအပါဝင် စစ်မှုထမ်းတပ်သားသစ်         ၇၀ခန့် သေဆုံးဟုဆို
politics||4 MIN READ

ရိုးမပေါ်ကိုစစ်ကြောင်းထိုးသည့် အာဏာသိမ်းစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်နှစ်ဦးအပါဝင် စစ်မှုထမ်းတပ်သားသစ် ၇၀ခန့် သေဆုံးဟုဆို

Narinjara
SourceNarinjara

AI Summary

ဧရာဝတီတိုင်း၊ သာပေါင်းနှင့် ရေကြည်မြို့နယ်အစပ်ရှိ ရခိုင်ရိုးမပေါ်သို့ စစ်ကြောင်းထိုးစဉ် အာဏာသိမ်းစစ်တပ်သည် AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ထိုတိုက်ခိုက်မှုကြောင့် ဗိုလ်နှစ်ဦးအပါအဝင် စစ်သား ၇၀ ခန့် သေဆုံးခဲ့ပြီး ခြေပြတ်၊ လက်ပြတ်ဒဏ်ရာများရရှိသူ ၃၀ ခန့်ကို စက်လှေများဖြင့် နတခ မဆရ (၄) စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို ရိုးမပေါ်၌ပင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်သား ၂၀ ထက်မနည်း ထွက်ပြေးခဲ့ရာ ၉ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့သည်။ စစ်ကြောင်းထိုးစဉ် စစ်တပ်က ဒေသခံရွာသားများအား ရိက္ခာသယ်ယူရန် အဓမ္မခိုင်းစေခြင်း၊ ယာဉ်များ ချောဆွဲခြင်း၊ ငွေကြေးကောက်ခံခြင်းနှင့် ကင်းစောင့်ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

(ပြင်းထန်ဒဏ်ရာရရှိသူစစ်သား ၃၀ခန့်ကိုစက်လှေများဖြင့် နတခ မဆရ (၄) စစ်ဆေးရုံသို့ ယူဆောင်သွား)

နိရဉ္စရာ၊ ဇွန် ၅/၂၀၂၆

ဧရာ၀တီတိုင်း၊သာပေါင်းနှင့်ရေကြည်အစပ်ရိုးမပေါ်ကိုစစ်ကြောင်းထိုးသည့် အာဏာသိမ်းစစ်တပ်မိုင်းဆွဲခံရသည့်အပြင်တိုက်ခိုက်ခံရသဖြင့်ဗိုလ်နှစ်ဦးအပါဝင် စစ်မှုထမ်းတပ်သားသစ် ၇၀ခန့် သေဆုံးသွားခဲ့သည်ဟုဧရာ၀တီတိုင်း သတင်းများကို နေ့စဉ်ရေးသားဖော်ပြနေသည့် အထူးသတင်းတပ်ဖွဲ့-ပုသိမ် က သတင်းထုတ်ပြန်သည်။

၎င်းပြင် ပြင်းထန်ဒဏ်ရာရရှိသူစစ်သား ၃၀ခန့်ကိုစက်လှေများဖြင့် နတခ မဆရ (၄) စစ်ဆေးရုံသို့ ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်ရှိ ကျေးရွာများသို့မေလ နောက်ဆုံးပတ်နှင့် ဇွန်လပထမပတ်အတွင်း အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော် ရောက်ရှိလာပြီး စစ်ကြောင်းထိုးနေကြောင်း၊ရခိုင်ရိုးမပေါ်သို့အသွား မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်တပ်ဘက်ကအရာရှိနှစ်ဦးအပါအဝင် ၇၀ ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်သတင်းပေးကိုကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

“ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ်ရှိသရက်ကုန်း၊ရွှေရင်မျှော်ကြီး၊ဘုရားကြီး၊ညောင်မှော်၊သောင်တန်း၊မရမ်းချို၊ဝါးတောကွင်း၊ရွာသစ်၊ကျောက်ခဲနီ စတဲ့ ကျေးရွာတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် ရောက်ရှိလာခဲ့ပါတယ်။အဲဒီ စစ်သားတွေဟာ ကျေးရွာတွေရှိ ဘုရားတွေနဲ့ဘုန်းကြီးကျောင်းတွေမှာအခြေစိုက်တပ်စွဲကာ၊ အနောက်ရိုးမဘက်နဲ့ပေါက်တူးဘက်သို့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်ခဲ့ကြပါတယ်”ဟု ကိုးကားဖော်ပြထားသည်။

အဆိုပါစစ်ကြောင်းသည် ဂွမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးရန် ရခိုင်ရိုးမပေါ်သို့ တက်ရောက်စဉ် လမ်းခရီး၌ မိုင်းနင်းမိပြီးAA နှင့် ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များ၏ပစ်ခတ်တိုက်ခိုက်ခံရခြင်းတို့ကြောင့် စစ်ကောင်စီတပ်သား (၇၀)ခန့်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ပြောသည်။

သေဆုံးသွားသည့်ရုပ်အလောင်းများကို ရိုးမပေါ်၌ပင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြပြီး ဒဏ်ရာရတပ်သားများကို နွားလှည်များ၊ သစ်ကားများဖြင့် ပြန်သယ်ကြောင်းဖော်ပြသည်။

တိုက်ပွဲနှင့် မိုင်းပေါက်ကွဲမှုကြောင့် ခြေပြတ်၊ လက်ပြတ်ဖြစ်ကာ ပြင်းထန်ဒဏ်ရာရရှိသူ(၃၀)ခန့် ရှိခဲ့ပြီး ၎င်းတို့ကို စအနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ရှိ မဆရ (၄) စစ်ဆေးရုံသို့ စက်လှေများဖြင့် သယ်ဆောင်သွားခဲ့ကြသည်ဟုဆိုသည်။

​သေဆုံးသူများထဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူ နှစ်ဦး ပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး၎င်းတို့အနက် ဗိုလ်တစ်ဦးသည် မိုင်းပေါက်ကွဲမှုကြောင့် ခြေနှစ်ဖက်စလုံး ပြတ်တောက်သွားခဲ့ပြီး မဆရ (၄) သို့ သယ်ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့သည်။

ကျန်ဗိုလ်တစ်ဦးမှာမှု ဝမ်းဗိုက်ပွင့်ထွက်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်သည့် လမ်းခရီးတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင်အာဏာသိမ်း စစ်တပ်ဘက်ကအကျအဆုံးများမှုကြောင့်စစ်မှုထမ်းတပ်သားသစ်များ လန့်ဖြန့်ကာ(၂၀)ဦးထက်မနည်း ထွက်ပြေခဲ့ကြပြီး ဇွန်လ ပထမပတ်အတွင်း (၉)ယောက်ပြန်ဖမ်းမိသွားကြောင်း သိရသည်ဟုဆိုသည်။

စစ်ကြောင်းထိုးစဉ်အတွင်းတွင်လည်းစစ်တပ်သည် ရိက္ခာများသယ်ယူရန်အတွက် ဒေသခံရွာသားများကို အဓမ္မအကူအညီတောင်းခံခဲ့ပြီး၊ ကျေးရွာရှိ မော်တော်ကားများနှင့် နွားလှည်းများကိုလည်း ချောဆွဲ (အတင်းအဓမ္မ သိမ်းဆည်း) ကာ ရိုးမပေါ်သို့ ရိက္ခာနှင့် ခဲယမ်းများ သယ်ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။

​ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်ကောင်စီတပ်သားများကို ထမင်းချက်ကျွေးရန်အတွက် ရွာသားများထံမှ ငွေကြေးများ လိုက်လံကောက်ခံနေသည့်အပြင်၊ စစ်ကောင်စီတပ်သားများ ကိန်းအောင်းရာ ဘုန်းကြီးကျောင်းနှင့် ဘုရားဝင်းများတွင် ညဘက်၌ တစ်ရွာလျှင် ရွာသား ၂ ဦးနှုန်းဖြင့် မဖြစ်မနေ လာရောက်ကင်းစောင့်ပေးနေရကြောင်း ဒေသခံများက ပြောကြောင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

AI Curated
ရိုးမပေါ်ကိုစစ်ကြောင်းထိုးသည့် အာဏာသိမ်းစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်နှစ်ဦးအပါဝင် စစ်မှုထမ်းတပ်သားသစ် ၇၀ခန့် သေဆုံးဟုဆို | YGN Daily