
AI Summary
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီးတွင် အသက် ၁၁ နှစ်အရွယ် သက္ကမ (ဒိုင်းနက်) လူမျိုး ကလေးငယ်တစ်ဦးသည် စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ ၎င်းကလေးငယ် Suminaing Tanchangya သည် ဇွန်လ ၂ ရက်နေ့က မိခင်နှင့်အတူ ဥယျာဉ်အလုပ်လုပ်ရန်သွားစဉ် နယ်စပ်ခြံစည်းရိုးအနီးမှ စစ်ကျန်မော်တာဗုံးသီးတစ်လုံးကို ကောက်ရခဲ့သည်။ ထိုဗုံးသီးကို တဲသို့ယူဆောင်ကာ ကစားနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ ဤဖြစ်ရပ်သည် နယ်စပ်ဒေသများရှိ စစ်ကျန်လက်နက်များ၏ အန္တရာယ်ကို မီးမောင်းထိုးပြနေသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နှင့် ရဲတပ်ဖွဲ့၏အကူအညီဖြင့် ကလေးငယ်၏အလောင်းကို ရွာသို့ ပြန်လည်ယူဆောင်လာခဲ့သည်။ နတ်ချောင်းဆရီမြို့နယ် Nirbahi အရာရှိက သေဆုံးမှုကို အတည်ပြုသော်လည်း ကလေးငယ်၏နိုင်ငံသားဖြစ်မှုကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။
နိရဉ္စရာ၊ ဇွန် ၃/၂၀၂၆
ရခိုင်နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် နေထိုင်သူ အသက် (၁၁) အရွယ် သက္ကမ (ဒိုင်းနက်) လူမျိုး ကလေးငယ် တစ်ဦးသည် နယ်စပ်ခြံစည်းရိုးအနီးမှ ကောက်ရခဲ့သော စစ်ကျန်ဗုံးသီးကို ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့သည်။
သေဆုံးသူမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ Baishfari ဒိုင်းနက်ရွာမှ Suminaing Tanchangya (၁၁) နှစ်(ဘ) Kinghla Tanchangya ဖြစ်သည်
၎င်းကလေးငယ်သည် မိခင်ဖြစ်သူနှင့် ယမန်နေ့ ဇွန်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဘင်ဒရိုဘင်ခရိုင်၊ နတ်ချောင်းဆရီမြို့နယ်၊ ခေါင်းတုံးနယ်စပ်၊ နယ်စပ်မှတ်တိုင် (၃၉) အနီးရှိ ခြံစည်းရိုးမှ ကောက်ရခဲ့သော စစ်ကျန် မော်တာဗုံးသီးတစ်လုံးကို တဲ့သို့ ယူဆောင်လာပြီး ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလီဘာသာဖြင့် ရေးသားထားသော သတင်းများတွင် ဖော်ပြသည်။
“ဒီကလေးငယ်က ဇွန်လ ၂ ရက် မနက်ပိုင်းမှာသူရဲ့ မိခင်နဲ့အတူ ဥယာဉ်မှာ အလုပ်လုပ်ဖို့သွားခဲ့ပါတယ်။နေလယ်ပိုင်းမှာဥယျာဉ်အောက်ရှိ မြန်မာနယ်စပ်ရှိ သံကြိုးဘေးမှာ စွန့်ပစ်ထားတဲ့ မော်တာကျည်ဆန်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။သူက မော်တာကျည်ဆန်ကို တဲသို့ ယူဆောင်လာပြီး ကစားခဲ့ရာမှာပေါက်ကွဲမှုဖြစ်ပြီးပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။
နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB)နှင့် ဘင်္ဂလားရဲတပ်ဖွဲ့၏အကူအညီဖြင့် ၎င်းကလေးငယ်၏အလောင်းကို ရွာသို့ပြန်လည်ယူဆောင်လာခဲ့သည်ဟုဆိုသည်။
ခေါင်းတုံးယူနီယံအုပ်ချုပ်ရေး အဖွဲ့ဝင် Babul Chakma က "ဆယ်ကျော်သက်တစ်ဦးဟာ မော်တာကျည်တစ်လုံးနဲ့ ကစားရင်း သေဆုံးခဲ့ပါတယ်။ အဲဒီကျည်ဆန်ကို မွန်းတည့်ချိန်လောက်မှာ တွေ့ရှိခဲ့ပါတယ်။ အလောင်းကို အခင်းဖြစ်ပွားရာနေရာကနေ ပြန်လည်တွေ့ရှိခဲ့ပြီး လမ်းပေါ်ကို ယူဆောင်လာခဲ့ပါတယ်" လို့ ပြောပါတယ်” ဟု မီဒီယာများသို့ ပြောကြားသည်။
နတ်ချောင်းဆရီမြို့နယ် Nirbahi အရာရှိ (UNO) Enamul Hasan က "ဆယ်ကျော်သက်တစ်ဦးဟာ မြန်မာနိုင်ငံအတွင်း သုညမျဉ်းကနေ ၁၀ ကိုက်လောက်အကွာမှာ မော်တာကျည်ဆန်ပေါက်ကွဲမှုကြောင့် သေဆုံးတယ်ဆိုတဲ့ သတင်းကို ကျွန်တော်ကြားသိခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ဘယ်နိုင်ငံက နိုင်ငံသားလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သေဆုံးသွားတာကို အတည်ပြုနိုင်ပါတယ်" ဟုပြောသည်။