
AI Summary
ဧရာဝတီတိုင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုတွင် စိတ်ဓာတ်ရေးရာယိုယွင်းမှုနှင့် စိတ်ဖိစီးမှုများကြောင့် တပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သားနှစ်ဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၂၃ ရက်နေ့က ရေကြည်မြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေ့ညနေပိုင်းတွင်လည်း အခြားစခန်းတစ်ခု၌ တပ်သားများအချင်းချင်း ရန်ဖြစ်မှုများ ထပ်မံပေါ်ပေါက်ခဲ့သည်။ ထို့အပြင် ခမရ ၃၀၈ တပ်ရင်း၏ ရိက္ခာတင်ကားတစ်စီးကိုလည်း မဟာမိတ်တပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်တွင်းဖိအားများနှင့် ရှေ့တန်းစစ်မျက်နှာပြင်များကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား အက်ကြောင်းများဖြစ်ပေါ်ကာ ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။ လက်ရှိတွင် တပ်တွင်းစည်းကမ်းထိန်းသိမ်းမှုများ အားနည်းလာပြီး တပ်ဖွဲ့ဝင်များကြား အငြင်းပွားမှုများနှင့်အတူ တပ်မှထွက်ပြေးမှုများလည်း ရှိနေကြောင်း သိရသည်။
( ခမရ ၃၀၈ မှ ရိက္ခာကားတစ်စီးလည်း တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးမှုရှိ)
နိရဉ္စရာ၊ ဇွန် ၂၅/၂၀၂၆
အာရက္ခတပ်တော် ( AA) နဲ့ စစ်ရေးအရ ရင်ဆိုင်နေရတဲ့ ဧရာ၀တီတိုင်း ရှေ့တန်းစစခန်းတစ်ခုမှာ စိတ်ဓာတ်ပျက်ပြားနေတဲ့ အာဏာသိမ်းစစ်တပ်အတွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီပစ်ခတ်မှုဟာဇွန်လ ၂၃ ရက် နံနက် ၈ နာရီဝန်းကျင်အချိန်မှာရေကြည်မြို့နယ်အပိုင်၊ ကမ္ဘားကြီး (ကမ်းဘားကြီး) ကျေးရွာအနီးရှိ ရွာသစ်ကလေးမှာတပ်စွဲထားတဲ့တပ်သားတွေအကြား အချင်းချင်းစကားများရာကနေဖြစ်ပွားခဲ့တယ်လို့ဧရာ၀တီတိုင်း သတင်းတွေကို နေ့စဉ် ဖော်ပြနေတဲ့ အထူးသတင်းတပ်ဖွဲ့- ပုသိမ်က ရေးသားဖော်ပြထားပါတယ်။
ရန်ဖြစ်ရာမှတစ်ဆင့် အခြေအနေရုန်းရင်းဆန်ခတ်ဖြစ်ကာ သေနတ်နဲ့အပြန်အလှန် ပစ်ခတ်ခဲ့ကြတာကြောင့်သေနတ်သမား စစ်သားနှစ်ဦးစလုံးဟာ နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၂၃ ရက် ညနေပိုင်းအချိန်ကလည်း ဘုရားကြီးအခြေစိုက် စစ်တပ်စခန်းအတွင်းရှိ တပ်သားတွေအကြား ထပ်မံပြီး စကားများရန်ဖြစ်ရာမှတစ်ဆင့် အချင်းချင်း လုံးထွေးသတ်ပုဒ်၊ ထိုးနှက်ကြတဲ့ ဖြစ်စဉ်တစ်ခုလည်းထပ်မံဖြစ်ပွားခဲ့သေးတယ်လို့ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်အတွင်း စိတ်ဓာတ်ရေးရာ ယိုယွင်းလာမှုနဲ့စိတ်ဖိစီးမှုတွေကြောင့် အခုလို အချင်းချင်းကြားမှာ ပဋိပက္ခတွေဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်တယ်လို့ တပ်တွင်း သတင်းပေးတွေကိုကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
အလားတူ ဇွန်လ ၂၃ ရက်နေ့မှာဘဲအာဏာသိမ်းစစ် ခမရ (၃၀၈) တပ်ရင်းမှ ရိက္ခာတွေတင်ဆောင်ကာ တက်လာတဲ့ ရိက္ခာတင် ကားတစ်စီးကိုလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လမ်းခရီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ခုလိုခြုံခိုတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူတို့အနက် ၂ ဦးမှာ သေဆုံးသွားခဲ့တယ်လို့တပ်တွင်းသတင်းအချက်အလက်တွေအရသိရတယ်လို့ဆိုပါတယ်။
=စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကိုလုံခြုံရေး ပိုမိုတင်းကျပ်ထားရသလို၊ တပ်တွင်းဖိအားတွေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေကို အင်အားဖြည့်တင်းနေရတာတွေကြောင့် တပ်ဖွဲ့ဝင်အချင်းချင်းကြား မကြာခဏ အက်ကြောင်းတွေဖြစ်ပေါ်နေပြီးအငြင်းပွားရန်ဖြစ်မှုတွေနဲ့အတူ နေ့စဉ်ထွက်ပြေးတာတွေလည်းရှိတယ်လို့ အထူးသတင်းဖွဲ့- ပုသိမ်မှာ ဖော်ပြထားပါတယ်။