ဖာပွန်နှင့် ဝေါလေဗျူဟာ၌ တကျော့ပြန် တိုက်ပွဲ ပြန်လည်ပြင်းထန် - BUR.MIZZIMA.COM
politics||3 MIN READ

ဖာပွန်နှင့် ဝေါလေဗျူဟာ၌ တကျော့ပြန် တိုက်ပွဲ ပြန်လည်ပြင်းထန် - BUR.MIZZIMA.COM

AI Summary

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၅) မူတြော်ခရိုင်ရှိ ဖာပွန်ဗျူဟာနှင့် တပ်မဟာ (၆) ဒူးပလာယာခရိုင်ရှိ ဝေါလေဗျူဟာတို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက စစ်အုပ်စုကို တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ ဖာပွန်ဗျူဟာကို နှစ်နှစ်ခန့်၊ ဝေါလေဗျူဟာကို တစ်နှစ်နီးပါး ပိတ်ဆို့ထားပြီးနောက် ဇွန်လ ပထမအပတ်မှစ၍ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။ စစ်အုပ်စုက လေကြောင်းပစ်ကူများနှင့် မြေပြင်အင်အားဖြည့်တင်းမှုများဖြင့် ပြင်းပြင်းထန်ထန် ခုခံနေသည်။ ဝေါလေဗျူဟာတိုက်ပွဲအတွင်း ထိုင်းနယ်စပ်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည့် အသေခံဒရုန်းကြောင့် မြန်မာရွှေ့ပြောင်းမိသားစု သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲများကြောင့် နှစ်ဖက်အကျအဆုံးရှိနေပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း မကြာခဏဖြစ်ပေါ်နေကာ စစ်ဘေးရှောင်များလည်း ခိုလှုံနေရဆဲဖြစ်သည်။

YT (ဇွန် ၆)

မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ (၅) မူတြော်ခရိုင်အတွင်း တည်ရှိသည့် စစ်အုပ်စုတပ်၏ ဖာပွန်ဗျူဟာနှင့် KNU တပ်မဟာ​ (၆) ဒူးပလာယာခရိုင်အတွင်းတည်ရှိသည့် ဝေါလေဗျူဟာတို့၌ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက ထိုဗျူဟာစခန်းများကို ပူးပေါင်းထိုးစစ်ဆင်နေကြခြင်းဖြစ်သည်။

ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့ထားသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်သည်။ စစ်အုပ်စုတပ်က ထိုစခန်း လက်မလွှတ်ရရေးအတွက် ဖာပွန်- ကမမောင်းလမ်းအတိုင်း အင်အားရာချီဖြင့် မြေပြအင်အားဖြည့်တင်းနေခြင်းလည်း ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ပထမအပတ်အတွင်းကစ၍ ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်က တကျော့ပြန် တိုက်ပွဲ ပြန်လည်ဆင်နွှဲနေပြီး စစ်အုပ်စုကလည်း လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံနေသည်။

“ အခြေအနေကတော့ သူ့ဘက်က အထိအခိုက်များနေသလိုပဲ ဒီဘက်ကလည်း နည်းနည်းတော့ အကျအဆုံး ရှိနေတယ်။ သူတို့ကိုတော့ မြေပြင်က ပိတ်ထားတယ်။ အခုထိတော့ သူတို့က ဝါးဒူးအကျော်ပေါ့ ဒီဘက်နဲ့တော့ ဝေးသေးတယ်ပြောရမယ်” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

အလားတူ KNLA ပူးပေါင်းတပ်များ အချိန်တနှစ်နီးပါးကြာ ပိတ်ဆို့ထားသည့် တပ်မဟာ (၆) နယ်မြေ၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ ဝေါလေဗျူဟာ၌လည်း ဇွန်လ ၂ ရက်နေ့ကစ၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး လေကြောင်းပစ်ကူများသုံးကာ အပြင်းအထန် ခုခံနေကြောင်း သတင်းရရှိသည်။

“ အဓိက လေကြောင်းပစ်ကူကပဲ သူတို့အတွက် အဓိကပေါ့။ လေယာဉ်ပဲ သူတို့ ကောင်းကောင်းသုံးနိုင်တာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၂ ရက်နေ့ ဝေါလေဗျူဟာ တိုက်ပွဲအတွင်း ပစ်ခတ်သည့် အသေခံဒရုန်းတစင်း ထိုင်းနယ်စပ်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲပြီး မြန်မာရွှေ့ပြောင်း မိသားစုသုံးဦး သေဆုံးကာ နှစိဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်း- မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းနှင့် စစ်ဘေးရှောင်စခန်းများတွင် စုဝေး ခိုလှုံလျက်ရှိကြပြီး စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ မကြာခဏ ရှိနေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated
ဖာပွန်နှင့် ဝေါလေဗျူဟာ၌ တကျော့ပြန် တိုက်ပွဲ ပြန်လည်ပြင်းထန် - BUR.MIZZIMA.COM | YGN Daily