သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ
politics||3 MIN READ

သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ

Back to News

AI Summary

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းမှုကျူးလွန်ခဲ့သည့် မောင်တူးဆိုသူ အမျိုးသားတစ်ဦးသည် ဖမ်းဆီးစစ်ဆေးနေစဉ် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ရာ တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက လိုက်လံရှာဖွေနေသော်လည်း တရားခံမှာ တောတောင်ကိုကျွမ်းကျင်သူဖြစ်၍ ဖမ်းမမိသေးကြောင်း ဒေသခံများက ပြောသည်။ ပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ အိမ်ပြင်မထွက်ရဲဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရပြီး တရားခံလွတ်မြောက်နေခြင်းကြောင့် လုံခြုံမှုမရှိဟု ခံစားနေရသည်။ ဒေသခံများက တရားခံကို အမြန်ဆုံးဖမ်းဆီးရန် လိုအပ်ကြောင်းနှင့် နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုများလာနိုင်ကြောင်း စိုးရိမ်နေကြသည်။ လက်ရှိတွင် တရားခံမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ဒေသခံများအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဉီးကို  မုဒိမ်းမှုကျူးလွန်ခဲ့သော အမျိုးသားတစ်ဦးကို တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး စစ်ကော်မရှင်လက်အောက်ခံ ရဲနှင့် စစ်သားများက လိုက်လံရှာဖွေသော်လည်း ယနေ့အထိမတွေ့ရှိကြောင်း ရွာငံ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်သားတွေအုပ်စုလိုက် တပင်ပျော်ဘက်ကို စစ်ကြောင်း မကြာခဏသွားတယ်၊ခုထိတရားခံကို ဖမ်းမိတယ် မကြားသေးဘူး။ စစ်တပ်ကလိုက်တော့ရှာတယ် တွေ့မှာတော့မဟုတ်လောက်ဘူး ဟိုမောင်တူးက စစ်တပ်ထက် ဒီတောကို သူကပိုကျွမ်းတယ်လေ။”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကော်မရှင်တပ်သားများက တပင်ပျော်ကျေးရွာနှင့် အနီးတဝိုက်တောတောင် ဘက်သို့နှစ်ရက်ခြား တစ်ကြိမ်စစ်ကြောင်းထိုးနေသောကြောင့် တရားခံကို မတွေ့ရှိသေးပေ။

ဆက်လက်ပြီး ပြုကျင့်ခံရသည့် အသက်မပြည့်သေးသည့် မိန်းကလေးငယ်သည်  အိမ်ပြင်သို့ မထွက်ရဲဘဲ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားနေရကြောင်း သိရသည်။

“ကလေးမက လူတွေလာရင်သူ အိမ်ထဲပဲနေတယ်၊ သူ့မိသားစုကလွဲရင် တခြားသူနဲ့ကို မျက်နှာချင်းမဆိုင်တော့တာ၊ သူလည်း အပျိုဖော်ဝင်ခါစဆိုတော့ ရှက်မှာပေါ့၊ ပတ်ဝန်းကျင်မှာလည်း ဖေးမကူညီရမယ်ဆိုတဲ့ အသိတရားက နည်းတော့လေ ဝိုင်းကဲ့ရဲ့မဲ့သူတွေများတော့ သူကပိုပြီး စိတ်ဒဏ်ရာရမှာ၊ တရားခံကလည်း လွတ်နေသေးတော့ သူ့အတွက် ပိုပြီးလုံခြုံမှုမရှိဘူးလို့ ခံစားနေရမှာ။”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တရားခံကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ တရားခံလွှတ်မြောက်နေခြင်းနှင့် နိုင်ငံရေး အခြေအနေကို အခွင့်ကောင်းယူကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုများလာနိုင်ကြောင်း ၎င်းအမျိုးသမီးက ဆိုသည်။

လက်ရှိရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က နယ်မြေစိုးမိုးထားသည့်အပြင် ကျေးရွာအတွင်းရှိ ပျူစောထီးခေါင်း‌ဆောင်များ ၊ စစ်ကော်မရှင်တပ် သတင်းပေးသူနှင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများကို အမည်မသိလက်နက်ကိုင် အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated
သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ | YGN Daily