
ဂျပန်ကုမ္ပဏီများ MPT နှင့် ပူးပေါင်းမှုအဆုံးသတ်ပြီး နိုင်ငံက ထွက်ခွာရန် တောင်းဆို
AI Summary
ဂျပန်ကုမ္ပဏီကြီးများဖြစ်ကြသော KDDI နှင့် ဆူမီတိုမိုတို့အနေဖြင့် မြန်မာစစ်အာဏာရှင်၏ ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းဆောင်ရွက်နေမှုကို အဆုံးသတ်ရန် Justice For Myanmar (JFM)၊ Mekong Watch နှင့် ဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ဖွဲ့တို့က ဇွန်လ ၂ ရက်နေ့တွင် ပူးတွဲတောင်းဆိုလိုက်သည်။ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်အသုံးပြုမှု ကန့်သတ်ပိတ်ပင်မှုများ မြင့်တက်လာပြီး စစ်အုပ်စု၏ ဒစ်ဂျစ်တယ်ပိတ်ဆို့ ထောက်လှမ်းမှုများလည်း တိုးမြှင့်လာခဲ့သည်။ MPT သည် စစ်အုပ်စုနှင့် ပူးပေါင်းကာ တရုတ်နည်းပညာများ အသုံးပြု၍ အရပ်သားပြည်သူများကို ခြေရာခံခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့အတွက် အထောက်အကူပြုနေကြောင်း JFM က ထောက်ပြသည်။ ထို့အပြင် MPT သည် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုက်များအတွက် ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးပေးနေပြီး ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီရာရောက်နိုင်ကြောင်း တောင်းဆိုမှုတွင် ဖော်ပြထားသည်။

ဂျပန်ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ KDDI ကော်ပိုရေးရှင်းနဲ့ ဆူမီတိုမိုကော်ပိုရေးရှင်းတို့အနေနဲ့ မြန်မာစစ်အာဏာရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ ပူးပေါင်းဆောင်ရွက်နေမှုကို အဆုံးသတ်ဖို့ Justice For Myanmar (JFM)၊ Mekong Watch နဲ့ ဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ဖွဲ့တို့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ အခြေစိုက်တဲ့ အဆိုပါတယ်လီကွန်း နည်းပညာကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး ၂ ခုအနေနဲ့ မြန်မာနိုင်ငံကနေ တာဝန်ယူမှုရှိစွာ ချက်ချင်းထွက်ခွာဖို့ ဇွန် ၂ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ကြတာပါ။
မြန်မာစစ်တပ်က အာဏာသိမ်းထားတဲ့ ၅ နှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ အင်တာနက်အသုံးပြုမှုဟာ ကမ္ဘာပေါ်မှာ ကန့်သတ်ပိတ်ပင်မှု အများဆုံးစာရင်းထဲ ပါဝင်လာခဲ့ပြီး၊ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဟန်ပြရွေးကောက်ပွဲနဲ့အတူ စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်ပိတ်ဆို့ ထောက်လှမ်းမှုတွေဟာ အဆင့်တိုးမြှင့်လာတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက တရုတ်ကုမ္ပဏီ Geedge Networks နဲ့ ပူးပေါင်းပြီး တရုတ်နည်းပညာတွေကို အသုံးပြုကာ အရပ်သားပြည်သူတွေကို ခြေရာခံတာ၊ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေကို စစ်တပ်လက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းလုပ်ငန်း MPT က စတင်သုံးခဲ့တယ်လို့ JFM က ထောက်ပြပါတယ်။
ဒါ့အပြင် MPT ဟာ စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြဝတီသတင်းတို့လို ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုက်တွေအတွက် ဝက်ဘ်ဆိုက်လွှင့်တင်မှု ဝန်ဆောင်မှုတွေကိုလည်း ဆက်လက်ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
MPT လုပ်ငန်းစုဟာ လက်ရှိ စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC) နဲ့ Sumitomo၊ KDDI တို့အကြား ဖက်စပ်တည်ထောင်ထားတဲ့ KDDI Summit Global Myanmar (KSGM) ကတဆင့် ပူးတွဲလည်ပတ်နေတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ MPT ကို ဆက်လက်ပံ့ပိုးနေမှုဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တာတွေကို အားပေးကူညီရာရောက်နိုင်တယ်လို့ ထုတ်ပြန်ထောက်ပြထား ပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့တွေအတွက် လက်ရှိ အသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားရဲ့ အဓိကအစိတ်အပိုင်းတခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပြီး ဂျပန်ကုမ္ပဏီတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းအဆုံးသတ်ကာ တာဝန်သိစွာ ထွက်ခွာသင့်ကြောင်း တိုက်တွန်းထားပါတယ်။