
AI Summary
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ငါးဖမ်းခွင့်ပိတ်ပင်ထားမှုကြောင့် ငါးစျေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့သည်။ ထိုသို့ ငါးရှားပါးမှုနှင့် စျေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် မွတ်ဆလင်ရေလုပ်သားများကို မြစ်ကမ်းနားတစ်လျှောက် လှေငယ်များဖြင့် ငါးဖမ်းခွင့် ပြန်လည်ပေးအပ်ခဲ့သည်။ ဤစီမံချက်သည် ငါးစျေးနှုန်းကျဆင်းစေရန် ရည်ရွယ်သော်လည်း လက်ရှိအချိန်အထိ စျေးနှုန်းများမှာ သိသာစွာ ကျဆင်းခြင်းမရှိသေးပေ။ လုံခြုံရေးနှင့် ခိုးဝင်မှုများကြောင့် အချို့သောကျေးရွာများတွင် ငါးဖမ်းခွင့်ကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။
နိရဥ္စရာ၊ ဇွန်လ ၆/၂၀၂၆
လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှစစ်တွေမြို့ပေါ်ရှိစျေးများတွင်ငါးများရောင်းချမှုနည်းပါးလာသဖြင့်မွတ်ဆလင်ရေလုပ်သားများအားမြစ်ကမ်းတစ်လျှောက်ငါးဖမ်းခွင့်ပြန်ပြုပေးထားသည်ဟုသိရသည်။
စစ်တွေဒေသခံတစ်ဦးက “ မြစ်နားမှာ ငါးဖမ်းနေကြပါတယ်။ မွတ်ဆလင်တွေကို ကမ်းနားတစ်လျှောက်ငါးဖမ်းခွင့်ပြန်ပေးထားတာပါ။ပြည်နယ်ဝန်ကြီးချုပ်ကခုလိုစီစဉ်ပေးထားတယ်လို့သိရပါတယ် ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ စတင်ကာ ဆတ်ရိုးကျချောင်းဝအနီးမှ ကျေးတောရွာအထိ မြစ်နားတစ်လျှောက်တွင် ငါးဖမ်းပိုက်များချကာ လှေငယ်တချို့ဖြင့် ငါးဖမ်းနေကြသည်ကိုမြင်တွေ့ရသည်ဟု၎င်းက ဆက်ပြောသည်။
“ ငါးဖမ်းစက်လှေတွေနဲ့ ဖမ်းနေကြတာ မဟုတ်ပါ။ ကမ်းနားအစပ်လောက်မှာပဲ လှေလေးတွေနဲ့ ပိုက်ချပြီးဖမ်းကြတာပါ။ စက်မပါဘူး။ လက်နဲ့လှော်ကြတဲ့လှေတွေလောက်ဘဲခွင့်ပြုတယ်လို့ကြာပါတယ်” ဟု၎င်းကပြောသည်။
ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် တိုက်ပွဲများနှင့်လုံခြုံရေးကြောင့်မွတ်ဆလင်ရေလုပ်သားများ၏ ကမ်းနီးငါးဖမ်းခွင့်ကိုပိတ်ပင်လိုက်ပြီးနောက် ငါးများရှားပါးပြီးစျေးနှုန်းများအဆမတန် မြင့်တက်လာသည့်အတွက် ပြည်သူများစျေးသက်သာစွာဖြင့် ငါးစားသုံးရန်မှာအခက်အခဲဖြစ်ပေါ်နေသည်ဟုသိရသည်။
ပြည်နယ်အစိုးရနှင့် နီးစပ်သူတစ်ဦးက “ သံတော်လီတို့၊ အောင်တိုင်တို့ဘက်မှာ ငါးဖမ်းခွင့်ပိတ်လိုက်တော့ ငါးစျေးတွေ တက်နေတယ်လေ။ အဲဒါကြောင့် ဝန်ကြီးချုပ်က ငါးစျေးကျအောင် ရည်ရွယ်ပြီးတော့ အစမ်းသဘောနဲ့ ငါးဖမ်းခိုင်းထားတယ်လို့ ကြားပါတယ်။ဒီလိုခွင့်ပြုပေးတဲ့အတွက် ငါးတွေ မြို့မှာ စျေးကျလာနိုင်ပါတယ်” ဟုပြောသည်။
သို့သော်လည်းစစ်တွေမြို့တွင်ငါးစျေးနှုန်းများကြီးမားနေဆဲဟုစစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
“ အခုထိတော့ ငါးစျေးနှုန်းမကျသေးဘူး။ ငါးစျေး ကျလာဖို့ မျှော်လင့်ပါတယ်။ ငါးစျေးကြီးလွန်းလို့ ငါးမဝယ်စားဖြစ်တာ ကြာပါပြီ။ လူတိုင်းငါးဖမ်းစက်လှေတွေနဲ့ ငါးဖမ်းခွင့်ရရင်တော့ ပိုကောင်းပါမယ်” ဟုပြောသည်။
စစ်တွေမြို့ပြင်တွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစတင်ကာ သဲချောင်း၊ အုန်းတောကြီး၊ အုန်းတောချေ၊ ပလ္လင်ပြင်နှင့် အောင်တိုင်အစရှိသည့်ကျေးရွာများမှ လုံခြုံရေးနှင့်ဘင်္ဂလားဒေ့ရှ်ဘက်မှ မွတ်ဆလင်များခိုးဝင်မှုများရှိသောကြောင့် ငါးဖမ်းခွင့်များကို ပိတ်ပင်ခဲ့သည်ဟုသိရသည်။