
တရုတ်က သူလျှိူများကို မွေးပြီး ထိုင်ဝမ် လွှတ်တော်ထဲအထိ ထိုးဖောက်ဝင်ရောက်သည့် နည်းဗျူဟာ အသုံးပြုလာ
AI Summary
ရှန်ဟိုင်းဇာတိဖြစ်ပြီး ထိုင်ဝမ်အမျိုးသားနှင့် အိမ်ထောင်ပြုကာ ထိုင်ဝမ်နိုင်ငံသားဖြစ်ခွင့်ရခဲ့သည့် ရှူချွန်ယင် (Hsu Chun-ying) အမည်ရှိ အမျိုးသမီးတစ်ဦးသည် နိုင်ငံရေးရည်မှန်းချက်ကြီးမားသူအဖြစ် လူသိများသည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်ဝမ်ပြည်သူ့ပါတီက သူမကို လွှတ်တော်အမတ်လောင်းအဖြစ် အဆိုပြုရန် စဉ်းစားခဲ့သော်လည်း တရုတ်ပြည်သို့ မကြာခဏသွားရောက်မှုနှင့် အရည်အချင်းများကြောင့် မေးခွန်းထုတ်ခံရပြီးနောက် ကိုယ်စားလှယ်လောင်းအဖြစ်မှ နုတ်ထွက်ခဲ့သည်။ ထို့နောက် သူမသည် တရုတ်ကွန်မြူနစ်ပါတီ၏ ညွှန်ကြားချက်ဖြင့် ထိုင်ဝမ်ဒီမိုကရေစီထဲသို့ လျှို့ဝှက်စိမ့်ဝင်ကာ သြဇာလွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ သူမက စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း ဤဖြစ်ရပ်ကြောင့် ထိုင်ဝမ်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာခဲ့သည်။ လက်ရှိ နောက်ဆုံးအခြေအနေအရ ရှူချွန်ယင်သည် အဆိုပါစွဲချက်များဖြင့် ထောင်ထဲတွင် ရောက်ရှိနေပြီဖြစ်သည်။
ထိုင်ဝမ်အမျိုးသားတွေနဲ့အိမ်ထောင်ကျပြီး ရွှေ့ပြောင်းအခြေချ နေထိုင်နေကြတဲ့ အမျိုးသမီးအရေအတွက်ဟာ အခုဆိုရင် ထိုင်ဝမ်မှာ သိန်းနဲ့ချီ ရှိနေပါပြီ။
သူတို့တွေထဲမှာ ရှူချွန်ယင် (Hsu Chun-ying) ဆိုတဲ့ အမျိုးသမီးကတော့ နိုင်ငံရေး ရည်မှန်းချက် အတော်ကြီးမားသူ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသလို တရုတ်နိုင်ငံက ပြောင်းရွှေ့လာသူ အချင်းချင်း စုစည်းတာတွေကို လုပ်တဲ့အပြင် ထိုင်ဝမ်ရဲ့ နာမည်ကြီး နိုင်ငံရေးသမားတွေနဲ့လည်း နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ဖူးပါတယ်။
သူဟာ ရှန်ဟိုင်းမှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး ထိုင်ဝမ်အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျပြီးနောက် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာပဲ ထိုင်ဝမ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး၊ ၂၀၀၀ ပြည့်နှစ်မှာ ထိုင်ဝမ်နိုင်ငံသားဖြစ်ခွင့် ရခဲ့တယ်လို့ သူက ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ ထိုင်ဝမ်ရဲ့ အတိုက်အခံပါတီသစ်တစ်ခုဖြစ်တဲ့ “ထိုင်ဝမ်ပြည်သူ့ပါတီ” (Taiwan People’s Party) က သူ့ကို လွှတ်တော်အမတ်လောင်းတစ်ဦးအနေနဲ့ အဆိုပြုဖို့အထိ စဉ်းစားလာခဲ့ကြပါတယ်။
ဒါပေမဲ့ အတိုက်အခံတွေက သူ့ရဲ့ အရည်အချင်း သတ်မှတ်ချက်တွေနဲ့ တရုတ်ပြည်ကို ခဏခဏသွားတဲ့ အချက်အပေါ် မေးခွန်းထုတ်လာကြတဲ့အတွက် သူကိုယ်တိုင်ပဲ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။
ဒါ့အပြင် မရှုက သူက တရုတ်အစိုးရရဲ့ ညွှန်ကြားချက်တွေကို လုပ်ဆောင်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ အပြတ်အသတ် ငြင်းဆိုခဲ့ပါတယ်။
ထိုင်ဝမ်ဒီမိုကရေစီကျွန်းထဲကို လျှို့ဝှက်စိမ့်ဝင်ပြီး သြဇာလွှမ်းမိုးဖို့ တရုတ်ကွန်မြူနစ်ပါတီက သူ့ကို စည်းရုံးသိမ်းသွင်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေအတွက် မရှူချွန်ယင် ဟာ အခုဆိုရင် ထောင်ထဲကို ရောက်နေပါပြီ။