
ကချင်နှင့် ကရင်နီရှိ ဆေးရုံနှင့် စစ်ရှောင်စခန်းတို့ကို စစ်တပ်ဗုံးကြဲမှု ၃ ဦးသေဆုံး
AI Summary
စစ်ကောင်စီတပ်သည် ဇွန်လ ၄ ရက်နေ့တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ တိုက်နယ်ဆေးရုံနှင့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုများကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ရာ စီသာရွာမှ အရပ်သားနှစ်ဦးနှင့် ဒီးမော့ဆိုမှ ခရစ်ယာန်ဓမ္မဆရာတစ်ဦးတို့ ပါဝင်သည်။ ရွှေကူတွင် စစ်တပ်စစ်ကြောင်း အထိနာသဖြင့် တိုက်ပွဲမရှိသည့် ဒေသများကို လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုပြီး ဒီးမော့ဆိုတွင်မူ အရပ်သားနှင့် စစ်ဘေးရှောင်များရှိသည့်နေရာကို တိုက်ရိုက်ပစ်မှတ်ထားခြင်းဖြစ်ကြောင်း IEC က ပြောသည်။ တိုက်နယ်ဆေးရုံ၊ KIO အုပ်ချုပ်ရေးရုံးအဟောင်းနှင့် စစ်ဘေးရှောင်များ ခိုလှုံရာနေရာများ ပျက်စီးခဲ့ပြီး အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် ရွှေကူနှင့် ငါးအိုးမြို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဒီးမော့ဆိုတွင်လည်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေဆဲဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ကချင်နှင့် ကရင်နီပြည်နယ်တို့တွင် တိုက်နယ်ဆေးရုံနှင့်စစ်ဘေးရှောင်များ ခိုလှုံနေသည့်နေရာတို့ကို ယမန်နေ့ (ဇွန်လ ၄ ရက်)တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား သုံးဦးသေဆုံး၍ ငါးဦးထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။
တိုက်ခိုက်ခံရသည့် နေရာများမှာ ရွှေကူမြို့နယ် စီသာရွာရှိ တိုက်နယ်ဆေးရုံတစ်ခုနှင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း စစ်ဘေးရှောင်များ ခိုလှုံနေသည့်နေရာ သုံးခုထက်မနည်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တိုက်ခိုက်မှုကြောင့် စီသာရွာ၌ အရပ်သားနှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရရှိခဲ့သည်။ အလားတူ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် အသက် ၃၈ နှစ်အရွယ် ခရစ်ယာန်ဓမ္မဆရာတစ်ဦး သေဆုံးကာ အခြားအရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)တို့က အသီးသီး အတည်ပြုသည်။
စီသာရွာသည် ရွှေကူမြို့ တောင်ဘက် ကိုးမိုင်ခန့်အကွာတွင်ရှိပြီး ထိုရွာရှိ တိုက်နယ်ဆေးရုံနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးရုံးတို့ကို ယမန်နေ့ နံနက် ၈ နာရီခွဲခန့်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးကြဲတာဖြစ်ပါတယ်။ ထိခိုက်တာကတော့ ဆေးရုံ၊ ဆေးပေးခန်းကို ထိခိုက်သွားတာ နောက် KIO ရဲ့ တိုက်နယ်ရုံးခန်းပေါ့၊ အရင်က (KIO) ရုံးအဟောင်းကို ထိခိုက်သွားတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗုံးကြဲမှုဒဏ်ကြောင့် KIO အုပ်ချုပ်ရေးရုံးနှင့် တိုက်နယ်ဆေးရုံ၏ တောင်ဘက်အခြမ်း အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး အမျိုသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သွားခဲ့ခြင်းဖြစ်ကြောင်း၊ လူနေအိမ်များထိခိုက်မှုမရှိကြောင်း ဗုံးကြဲခံရသည့် KIO အုပ်ချုပ်ရေးရုံးမှာလည်း ရုံးအဟောင်းဖြစ်ပြီး လက်ရှိ အုပ်ချုပ်ရေးလည်ပတ်နေခြင်းမရှိကြောင်း ၎င်းက ပြောသည်။
စစ်တပ်သည် ရွှေကူမြို့သို့ ဦးတည်ထိုးနေသည့် ၎င်းတို့စစ်ကြောင်းကို KIAနှင့် ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်စဉ် အထိနာသဖြင့် တိုက်ပွဲမရှိသည့် ဒေသများကို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တိုက်ပွဲကတော့ ငြိမ်နေတယ်။ အရင်ရက်တွေက ငါးအိုးက တက်လာတဲ့ စစ်တပ်ကို ဖြတ်တိုက်ထားတော့ သူတို့ ထပ်တက်မလာဘဲ ရှုံးမဲမဲပြီးတော့ လေကြောင်းက လိုက်ပစ်နေတဲ့ အနေအထား။ အဲဒီရွာနားမှာကလည်း တစ်ခါမှ တိုက်ပွဲမဖြစ်သေးဘူး။ သက်သက် လာကြဲသွားတာ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
စီသာရွာသည် KIA နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်များ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည့် ကျေးရွာဖြစ်သည်။
လေယာဉ်သံကြားသည့် ဒေသခံများက ဆေးရုံအတွင်းမှ အလျင်အမြန်ရှောင်ရှားနိုင်ခဲ့ကြသည့်အတွက် အသေအပျောက် နည်းပါးခြင်းဖြစ်သည်ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် မေလ ၅ ရက်မှစ၍ ရွှေကူမြို့တောင်ဘက် မိုင် ၃၀ ကျော်အကွာ ရှမ်းပြည်နယ်မြောက်ပိုင်း ငါးအိုးမြို့မှတဆင့် ရွှေကူမြို့သို့ ဦးတည်၍ စစ်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး KIA နှင့် ပူးပေါင်းတပ်များက လမ်းတစ်လျှောက်တွင် ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်။
ရွှေကူနှင့် ငါးအိုးမြို့ကြားတွင် နှစ်ဖက်အကြားတိုက်ပွဲများသည် တစ်လကျော်ကြာ ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်စစ်ကြောင်းမှာလည်း ရွှေကူမြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ မန်နားရွာတွင် ရပ်တန့်နေဆဲဖြစ်သည်။
ဗုံးကြဲခံရသည့် စီသာရွာသည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် အနည်းဆုံး ငါးမိုင်ထက်မနည်းဝေးသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
နိုင်ငံတောင်ပိုင်းရှိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ကျေးရွာနှင့် စစ်ရှောင်စခန်းတစ်ခုကို ယမန်နေ့ ညနေပိုင်းတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်သည် ရွာလယ်ခေါင် ခရစ်ယာန်ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းများသို့ တိုက်ခိုက်ရေးလေယာဉ်ဖြင့် လေးကြိမ်ပျံဝဲ၍ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု IEC အထွေထွေ အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
ဗုံးကြဲမှုအတွင်း သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ် ခရစ်ယာန်ဓမ္မဆရာ ဦးစိစီ ဆိုသူဖြစ်ကြောင်း၊ ဒဏ်ရာရသည့် အရပ်သားနှစ်ဦး၏ အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ယမန်နေ့က တိုက်ခိုက်မှုသည် အရပ်သားများနှင့် စစ်ဘေးရှောင်များရှိသည့် နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံမြို့အနီးတဝိုက်နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်စခန်းများကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် မကြာခဏတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုရှိကြောင်း ၎င်းက ဆိုသည်။
ဒီးမော့ဆိုမြို့နယ်၏ တောင်ဘက်နယ်နိမိတ်ချင်းထိဆက်နေသည့် ဖရူဆိုမြို့နယ်တွင် ပြီးခဲ့သည့် မတ်လမှစ၍ စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဘူးခူ၊ ထားလဲ၊ ပရယ်တော်ကျေးရွာသုံးခုမှ အိမ်ခြေ ၈၀ ကျော်ကို မီးရှို့ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇွန်လ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုစစ်ကြောင်းသည် ဖရူဆို-ဘော်လခဲလမ်းတစ်လျှောက် ခြေကုပ်စခန်းများ၊ စစ်ကြောင်းများဖြင့် စစ်ရေးလှုပ်ရှားနေပြီး တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။
အိမ်နီးချင်း ထိုင်းနှင့် နယ်နိမိတ်ထိစပ်နေသော ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့်ကရင်နီတော်လှန်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်နယ်လူဦးရေလေးသိန်းအနက် အများအပြားစစ်ရှောင်နေရသည်။ ဒီးမော့ဆိုအနောက်ခြမ်းသည် စစ်ဘေးရှောင်အများအပြား ခိုလှုံနေသည့် ဒေသတစ်ခုဖြစ်သည်။