ရန်ကုန်တွင် တက္ကစီယာဥ်စီးခစံနှုန်းသတ်မှတ်ရန် စစ်တမ်းကောက်နေ

ရန်ကုန်တွင် တက္ကစီယာဥ်စီးခစံနှုန်းသတ်မှတ်ရန် စစ်တမ်းကောက်နေ

DVB
SourceDVB

AI Summary

ရန်ကုန်မြို့ရှိ အများပြည်သူသုံး City Taxi များအတွက် ယာဉ်စီးခစံနှုန်းသတ်မှတ်ရန် မြို့ခံပြည်သူများနှင့် YRTC တို့က အွန်လိုင်းစစ်တမ်းကောက်ယူနေပါသည်။ City Taxi အသုံးပြုသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဇွန်လ ၂ ရက်နေ့မှစတင်ကာ ခရီးသည်များနှင့် ယာဉ်မောင်းများအား Google Form ဖြည့်စွက်ဖြေဆိုရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ လက်ရှိစစ်တမ်းတွင် Taxi အမျိုးအစား၊ သုံးလေ့ရှိသည့်ငွေပမာဏ၊ အများဆုံးစီးသည့်ခရီးစဉ်၊ ရွေးချယ်မှုအချက်များ၊ စောင့်ဆိုင်းမှုလက်ခံ/မခံ၊ စိုးရိမ်ရသည့်အချက်နှင့် ယာဉ်စီးခသတ်မှတ်လိုသည့်နည်းလမ်းများ ပါဝင်မေးမြန်းထားသည်။ ရန်ကုန်တွင် လက်တားစနစ်ဖြင့် ဈေးညှိငှားရမ်းခြင်းမှာ တွင်ကျယ်နေဆဲဖြစ်ပြီး၊ မီတာစနစ်နှင့် Mobile App များလည်း အသုံးပြုလာကြသည်။ လုယက်မှုများပြားလာ၍ လုံခြုံရေးအရ Mobile App ဖြင့် ငှားရမ်းမှုများရှိသော်လည်း စောင့်ဆိုင်းရခြင်း၊ ပယ်ဖျက်ခံရခြင်းနှင့် ကားခတိုးမြှင့်ကောက်ခံခြင်းစသည့် ပြဿနာများလည်း ကြုံတွေ့ရကြောင်း သိရသည်။ ယာဉ်စီးခစံနှုန်းသတ်မှတ်မည့် အချိန်ကာလကိုမူ အသိပေးထားခြင်းမရှိသေးဘဲ၊ ရန်ကုန်တွင် City Taxi အဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်စီးရေ ၅၃,၀၀၀ ကျော်ရှိပါသည်။

Photo: DVB

ရန်ကုန်မြို့မှာ အများပြည်သူ အသုံးပြုနေတဲ့ City Taxi တွေမှာ ယာဥ်စီးခစံနှုန်းသတ်မှတ်ဖို့အတွက် အွန်လိုင်းကနေ စစ်တမ်းကောက်နေတယ်လို့ မြို့ခံပြည်သူတွေနဲ့ တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုကော်မတီ (YRTC) ဆီက သိရပါတယ်။

City Taxi စီးနင်းအသုံးပြုသူတွေ အဆင်ပြေချောမွေ့အောင်ဆိုကာ YRTCက ဇွန် ၂ ရက်ကစလို့ အွန်လိုင်းကနေ Google Form ဖြည့် ဖြေဆိုနိုင်မဲ့ စစ်တမ်းကောက်နေတာဖြစ်ပြီး စီးနင်း အသုံးပြုတဲ့ ခရီးသည်နဲ့ ယာဥ်မောင်းတွေ ဝင်ရောက်ဖြေဆိုဖို့ ကမ်းလှမ်းထားပါတယ်။

လက်ရှိ ကောက်နေတဲ့ စစ်တမ်းမှာ ခရီးသည်တွေကို ကြိုက်နှစ်သက်တဲ့ Taxi ကားအမျိုးအစား၊ တကြိမ်စီးရင် သုံးလေ့ရှိတဲ့ ငွေပမာဏ၊ အများဆုံးစီးတဲ့ခရီးစဥ်၊ Taxi စီးရင် ရွေးချယ်လေ့ရှိတဲ့အချက်၊ စောင့်ဆိုင်းပေးရတဲ့အပေါ် လက်ခံ/မခံ၊ Taxi စီးရင်အများဆုံး စိုးရိမ်ရတဲ့ အချက်၊ ယာဥ်စီး ခသတ်မှတ်လိုတဲ့ နည်းလမ်း စတာတွေ မေးမြန်းထားပါတယ်။

လက်ရှိမှာ အွန်လိုင်းစစ်တမ်းကောက်နေပေမဲ့ ယာဥ်စီးခစံနှုန်းသတ်မှတ်မဲ့ အချိန်ကာလကိုတော့ အသိပေးထားတာ မတွေ့ရပါဘူး။

ရန်ကုန်မြို့က အငှားယာဥ်မောင်းတယောက်က “ကားခကို တပုံစံတည်း သတ်မှတ်မယ်ဆို အဘက်ဘက်က စဥ်းစားရမှာလေ။ ဆီကားလား၊ CNG ကားလား၊ EV လား ကုန်ကျစရိတ်ကွဲတာတွေ ရှိတယ်။ ကားပိုင်လား၊ ပိုင်ရှင်ယူမောင်းတာလား အများကြီး ပြောစရာတွေ ရှိတယ်။ ဘယ်လိုပဲ လုပ်လုပ်မြန်မာ့နည်း၊ မြန်မာ့ဟန်ဆက်ရှိနေမှာပဲ” လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ လက်တားစနစ်နဲ့ Taxi ဈေးညှိငှားစီးတာ တွင်ကျယ်နေဆဲဖြစ်သလို မီတာစနစ်၊ Mobile App အသုံးပြုငှားတာတွေလည်း အသုံးပြုလာတာ ရှိပါတယ်။

အခုနောက်ပိုင်းမှာ လုယက်မှုတွေ များလာတဲ့အတွက် ယာဥ်မောင်းနဲ့ ခရီးသည်ရဲ့ အချက်အလက်မှတ်တမ်း ရယူထားလို့ လုံခြုံမှုအလေးထားသူတွေ Mobile App နဲ့ ငှားရမ်းလာပေမဲ့ အချိန်ပေး စောင့်ဆိုင်းရတာ၊ ငှားရမ်းတာကို လက်ခံပြီးမှ ပယ်ဖျက်တာ၊ ပယ်ဖျက်လို့ နောက်တကြိမ် ချိတ်ဆက်ငှားရမ်းချိန်မှာ အရင်ကထက် ကားခတိုးသွားတာမျိုး ပြဿနာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံဖူးသူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းက Taxi စီးရေ ၆၀,၀၀၀ နီးပါးထဲမှာ City Taxi အဖြစ် မှတ်ပုံတင်ထားတဲ့ စီးရေ ၅၃,၀၀၀ ကျော်ရှိတယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ YRTC တို့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated