
လောင်းလုံးမြို့နယ်အတွင်း နယ်မြေစိုးမိုးမှု အပြည့်အဝပြန်ရရေး စစ်အုပ်စုတပ် စစ်ကြောင်းထိုး - BUR.MIZZIMA.COM
AI Summary
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်အုပ်စုတပ်က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရန် မေလမှစ၍ စစ်ကြောင်းထိုးကာ မီးရှို့မှုများ ပြုလုပ်နေပါသည်။ ဇွန်လ ၆ ရက်နေ့အထိ စစ်အုပ်စုတပ်သည် ထားဝယ်နှင့် လောင်းလုံးဘက်မှ စစ်ကြောင်းများ ဖြန့်ချီကာ တော်လှန်ရေးအင်အားစုများ လှုပ်ရှားရာနေရာများသို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ထိုစစ်ကြောင်းများနှင့် တော်လှန်ရေးအင်အားစုများအကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်က လက်နက်ကြီးပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများအပြင် ကျေးရွာများအတွင်း ဝင်ရောက်ကာ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်။ ဇွန် ၄ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုများက စစ်အုပ်စုစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ ဤသို့သော တိုက်ပွဲများနှင့် စစ်ကြောင်းထိုးမှုများကြောင့် လောင်းလုံးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများမှ အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ ကျောင်းဖွင့်ရာသီဖြစ်သော်လည်း စာသင်ကျောင်းများ ပိတ်ထားရသဖြင့် ကလေးငယ်များ ကျောင်းမတက်နိုင်ဘဲ နစ်နာမှုများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
YT (ဇွန် ၆)
မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း နယ်မြေစိုးမိုးမှုအပြည့်အဝ ပြန်ရနိုင်ရေးအတွက် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးကာ မီးရှို့မှုများ ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
မေလအတွင်းက စ၍ စစ်အုပ်စုတပ်က လောင်းလုံးမြို့နယ်အတွင်း ၎င်းတို့လက်လွှတ်ထားရသည့် နယ်မြေများအား ပြန်လည်စိုးမိုးနိုင်ရေး မကြာခဏ ကြိုးပမ်းနေခြင်းရှိသည်။
“ သူတို့ကလည်း နယ်မြေပြန်စိုးမိုးမှုရအောင် တိုးတာပေါ့။ အခုဆို မြို့ကအလယ်မှာလေ ဟိုဘက်ရော ဒီဘက်ရော တိုးတာ။ ကျွန်တော်တို့ဘက်ကလည်း မရရအောင် ကာမှာပဲ။ နယ်မြေအသစ်တွေ ထပ်မသိမ်းနိုင်ရင်တောင် သူတို့( စစ်အုပ်စု) ပြန်စိုးမိုးသွားမှာကိုတော့ ခွင့်ပြုမပေးနိုင်ဘူး။ တိုက်ပွဲတွေကတော့ ခဏခဏဖြစ်တယ်။ အဓိက ကြားထဲက နစ်နာတာတော့ ပြည်သူပေါ့ဗျာ။ ပြည်သူတွေကတော့ အထိအနာဆုံးပေါ့။ ကျွန်တော်တို့တပ်တွေအနေနဲ့လည်း ပြည်သူတွေ အထိအရှသက်သာစေဖို့ တက်နိုင်သမျှ ကြိုးပမ်းနေပါတယ်” ဟု သတင်းရင်းမြစ်တရပ်က ပြောသည်။
ယနေ့ ဇွန်လ ၆ ရက်နေ့အထိလည်း စစ်အုပ်စုက ထားဝယ်မြို့နှင့် လောင်းလုံးမြို့ဘက်တို့မှတတဆင့် လောင်းလုံးမြို့နယ် တောင်ပိုင်း စပ်ပြဲ၊ ညင်းမော်ရွာနှင့် အနီးတဝိုက်၊ မြောက်ဘက်တွင် စခန်းကြီးရွာနှင့် အနီးတဝိုက်တို့ဘက်သို့ စစ်ကြောင်းများ ဖြန့်ချီထားပြီး တော်လှန်ရေးအင်အားစုများ လှုပ်ရှားရာ နေရာများသို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
“ဒီနေ့မနက်ဆို ညင်းမော်ရွာဘက်ကနေ လောင်းလုံးကို အင်အား ၁၇၀ လောက်နဲ့ လက်နက်နဲ့ ရိက္ခာတွေ လာတက်ယူပြီး ညင်းမော်ဘက်ကို ပြန်လာနေကြတယ်။ မြောက်ဘက် မောင်းမကန်၊ စခန်းကြီး တို့ဘက်မှာလည်း အင်အား ၁၀၀ ကျော်ရောက်နေကြတယ်။ မြောက်ပိုင်းက စစ်ကြောင်းမှာဆိုရင် လူ သုံးလေးယောက်လောက်ကို ဖမ်းချုပ်ထားတာရှိတယ်။ ဘယ်ကလူတွေလဲတော့ မသိဘူး လူသားဒိုင်းသဘောပေါ့” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထိုစစ်ကြောင်းများနှင့် တော်လှန်ရေးအင်အားစုများအကြား မကြာခဏ ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ ဂျိုင်ရိုကော်ပတာ၊ ဒရုန်းများဖြင့် ဗုံးကြဲမှုများသာမက ကျေးရွာများအတွင်း ဝင်ရောက်ပြီး အရပ်သားနေအိမ်များအား မီးရှီု့ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ ညနေပိုင်းကလည်း ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ တက်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်းအား ထားဝယ်-လောင်းလုံးလမ်းပိုင်း အင်းဝန်းရွာနှင့် သာယာကုန်းကျေးရွာအကြား၌ တော်လှန်ရေးအင်အားစုများက သွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းရှိသည်။
လက်ရှိ၌ စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် တောင်ပိုင်းတွင် စပ်ပြဲ၊ ညင်းမော်၊ ရေဖြူ၊ ဂေါ့အင်း၊ ဂဒက်ကြီး၊ ဂဒက်ငယ်၊ မြောက်ပိုင်းတွင် စခန်းကြီး၊ ခမောင်းတောင် အပါအဝင် အနီးအနားကျေးရွာများမှ အရပ်သားပြည်သူများ ဘေးလွတ်ရာများတွင် တိမ်းရှောင်နေကြရသည်။
စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ကျောင်းဖွင့်ရာသီဖြစ်သော်လည်း စာသင်ကျောင်းများ ပိတ်ထားရသည့်အတွက် ကျောင်းမတက်ရသည့် ကလေးများလည်း ရှိနေသည်။
စာတည်း။ ။အောင်ကျော်ဖြိုး