မင်းအောင်လှိုင်ကို အိန္ဒိယက ကော်ဇောနီခင်း ကြိုဆိုမည့်အစား ‘လက်ထိပ်သာ ခတ်သင့်သည်’ ဟု ဝေဖန်သူများ ပြော - BUR.MIZZIMA.COM
politics||9 MIN READ

မင်းအောင်လှိုင်ကို အိန္ဒိယက ကော်ဇောနီခင်း ကြိုဆိုမည့်အစား ‘လက်ထိပ်သာ ခတ်သင့်သည်’ ဟု ဝေဖန်သူများ ပြော - BUR.MIZZIMA.COM

AI Summary

အိန္ဒိယနိုင်ငံသည် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား လက်ခံတွေ့ဆုံခဲ့ခြင်းကြောင့် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ အိန္ဒိယက ၎င်းတို့၏ အရေးပါသော အိမ်နီးချင်းနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှု ဆက်လက်ထိန်းသိမ်းရန် လိုအပ်သည်ဟု ကာကွယ်ပြောဆိုသော်လည်း၊ လေ့လာဆန်းစစ်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ ယင်းဆုံးဖြတ်ချက်သည် အမြော်အမြင်နည်းပါးပြီး မြန်မာပြည်သူများအတွက်ရော အိန္ဒိယအတွက်ပါ အကျိုးမရှိဟု ဝေဖန်ခဲ့ကြသည်။ မင်းအောင်လှိုင်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီး ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သူဖြစ်ရာ သူ့ကို လက်ခံခြင်းသည် တရားဝင်မှုပေးရာရောက်သည်ဟု ဆိုသည်။ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများကလည်း မင်းအောင်လှိုင်အား ကော်ဇောနီခင်းပေးမည့်အစား လက်ထိပ်ခတ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကမူ အဆက်အသွယ်ဖြတ်တောက်ခြင်းသည် ပိုကောင်းသောရလဒ် မပေးနိုင်ဘဲ လစ်ဟာမှုကိုသာ ဖြစ်ပေါ်စေမည်ဟု တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ဝေဖန်မှုများကြားမှပင် အိန္ဒိယသည် မြန်မာစစ်ကောင်စီနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေဆဲဖြစ်သည်။

ဓာတ်ပုံ – ဒေလီမြို့ အစည်းအဝေးမတိုင်မီ မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့ လက်ဆွဲနှုတ်ဆက်စဉ်။

The Independent

မြန်မာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား ကော်ဇောနီခင်း ကြိုဆိုရန် ဆုံးဖြတ်ခဲ့မှုအတွက် အိန္ဒိယနိုင်ငံသည် ပိုမိုပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

အိန္ဒိယသို့ ငါးရက်တာ ခရီးစဉ် သွားရောက်ခဲ့သည့် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်းများစွာ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရှုတ်ချမှုများကို ရင်ဆိုင်နေရသည်။ စစ်တပ်က အာဏာဆုပ်ကိုင်ထားနိုင်ရန် လုပ်ဆောင်သည့် ဟန်ပြလုပ်ရပ်အဖြစ် အားလုံးက ဝေဖန်ရှုတ်ချထားသော ယခုနှစ်ရွေးကောက်ပွဲများအပြီးတွင် ၎င်းက ကိုယ်ပိုင်အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းသာ ဖြစ်သည်။

အိန္ဒိယနိုင်ငံက ယခု ခရီးစဉ်ကို အရေးပါသော အိမ်နီးချင်းနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်သောအဆင့်တရပ်အဖြစ် ကာကွယ်ပြောဆိုသော်လည်း လေ့လာဆန်းစစ်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ ထိုဆုံးဖြတ်ချက်သည် အမြော်အမြင် နည်းပါးပြီး မြန်မာပြည်သူများအတွက်ရော အိန္ဒိယနိုင်ငံကိုယ်တိုင်အတွက်ပါ အကျိုးမရှိကြောင်း ဝေဖန်ခဲ့ကြသည်။

“မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတ မဟုတ်ပါဘူး” ဟု အာဆီယံလူ့အခွင့်အရေးလွှတ်တော်အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ မာစီ ခရစ္စတီ ဘာရန်းစ်က ဆိုသည်။

“သူဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းမှုကို ဖန်တီးခဲ့သူပါ၊ အဲဒီအချိန်ကစလို့ ကိုယ့် ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေကို ဦးဆောင်လုပ်ဆောင်နေသူပဲ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယခု ခရီးစဉ်၏ အဓိကအစီအစဉ်မှာ တနင်္လာနေ့က ပြုလုပ်ခဲ့သည့် မင်းအောင်လှိုင်နှင့် မိုဒီတို့၏ တွေ့ဆုံမှု ဖြစ်သည်။ ယင်းနောက်တွင် ၎င်းတို့ နှစ်ဦးစလုံးက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းလည်း မရှိခဲ့ပေ။ ၎င်းတို့ နှစ်ဦးစလုံးက “ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ကြပြီး” ကုန်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်စီမံခန့်ခွဲမှုနှင့် “နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များ” ကို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တရပ်တွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရက ၎င်းတို့၏အရှေ့ဘက် အိမ်နီးချင်းနိုင်ငံကို မည်သည့်အစိုးရက ထိန်းချုပ်ထားသည်ဖြစ်စေ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရန်မှတပါး ပထဝီဝင် အနေအထားအရ အခြားရွေးချယ်စရာ သိပ်မရှိကြောင်း ကာလရှည်ကြာစွာ ပြောဆိုထားသည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံသည် နယ်စပ်စည်း ကီလိုမီတာ ၁,၆၀၀ ရှည်လျားကာ၊ လုံခြုံရေး၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတို့နှင့် ပတ်သက်၍ ဘုံစိန်ခေါ်မှုများ ရှိနေသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများအပေါ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုကြောင့် ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်အတွင်း လူပေါင်းထောင်ချီ သေဆုံးပြီး သန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်သောအချိန်မျိုးတွင် အိန္ဒိယက မင်းအောင်လှိုင်အား လက်ခံတွေ့ဆုံခဲ့ခြင်းပဲ ဖြစ်သည်။

မင်းအောင်လှိုင်အနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို မဦးဆောင်မီကတည်းက စစ်တပ်အတွင်း သြဇာကြီးမားသူတဦးဖြစ်ကာ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဖော်ပြခဲ့သည့် ရိုဟင်ဂျာ လူနည်းစုများအပေါ် စစ်တပ်၏ တိုက်ခိုက်မှုများတွင် ၎င်း၏ အခန်းကဏ္ဍကြောင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံထားရသူလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မွေးဖွားပြီး ဗြိတိန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့် ထင်ရှားသော ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ ဦးထွန်းခင်က “မင်းအောင်လှိုင်အတွက် ကော်ဇောနီ ခင်းပေးမယ့်အစား အိန္ဒိယအနေနဲ့ လက်ထိပ်ပဲ ခတ်သင့်ပါတယ်၊ မြန်မာစစ်တပ်ဟာ အိန္ဒိယအတွက် ဆယ်စုနှစ်ပေါင်းများစွာ နယ်စပ်မတည်ငြိမ်မှုတွေ၊ ဒုက္ခသည်တွေ၊ ကျားဖြန့်စင်တာတွေနဲ့ စီးပွားရေး အခွင့်အလမ်း ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပြီး ပြဿနာတွေ ဖန်တီးပေးခဲ့တာပါ၊ အိန္ဒိယအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်တယောက်ကို တရားဝင်မှုပေးနေမယ့်အစား ဒီမိုကရေစီနည်းကျတဲ့ မြန်မာနိုင်ငံကို ထောက်ခံအားပေးတာက ပိုကောင်းပါလိမ့်မယ်” ဟု The Independent သတင်းဌာနသို့ ပြောကြားသည်။

Burma Campaign UK ၏ ညွှန်ကြားရေးမှူး မာ့ခ် ဖန်မန်နာက The Independent သို့ ပြောကြားရာတွင် မိုဒီ၏ လက်ရှိမူဝါဒမှာ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်လိုသည့် ဆန္ဒကြောင့်ဖြစ်သော်လည်း၊ အိန္ဒိယအစိုးရအနေဖြင့် ရေရှည်တွင် ပေကျင်းအပေါ် မှီခိုမှု နည်းပါးနိုင်သည့် ဒီမိုကရေစီနည်းကျသော မြန်မာနိုင်ငံကိုသာ ထောက်ခံအားပေးခြင်းဖြင့် ပိုမို အကျိုးရှိစေမည်ဖြစ်ကြောင်း ပြောသည်။

“မိုဒီအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိမိကိုယ်ကိုယ် သမ္မတအဖြစ် ခန့်အပ်ပြီးကတည်းက ပထမဆုံး ဖိတ်ကြားတဲ့နိုင်ငံ ဖြစ်လာတာဟာ အိန္ဒိယအတွက် ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ သြဇာလွှမ်းမိုးမှုကို ရရှိစေလိမ့်မယ်လို့ တွက်ချက်ထားပုံရပါတယ်” ဟု ၎င်းက ဆိုသည်။ “အိန္ဒိယရဲ့ လက်ရှိ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံဟာ တရုတ်ရဲ့နောက်ကနေ ဒုတိယနေရာကပဲ လိုက်နေရမယ့်အခြေအနေကိုပဲ ဖြစ်စေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယဟာ တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နေရာနဲ့ ကမ္ဘာလုံးဆိုင်ရာ သြဇာအာဏာတွေကို မပြိုင်ဆိုင်နိုင်လို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အရှေ့တောင်အာရှရှိ လက်ရှိလွှတ်တော်အမတ်များနှင့် လွှတ်တော်အမတ်ဟောင်းများ ပါဝင်သည့် ဒေသတွင်း အဖွဲ့အစည်းတခုဖြစ်သော အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့က အိန္ဒိယ၏ “အိမ်နီးချင်းပထမ” နှင့် “အရှေ့မျှော်” နိုင်ငံခြားရေးမူဝါဒတို့မှာ တည်ငြိမ်မှု၊ ယုံကြည်မှုနှင့် စည်းမျဉ်းအခြေခံသော ဒေသတွင်းစနစ်အပေါ် တည်ဆောက်ထားခြင်းဖြစ်ပြီး ယင်းတန်ဖိုးများအားလုံးမှာ မြန်မာစစ်တပ်ကြောင့် ပျက်ပြားသွားခဲ့ရကြောင်း ထုတ်ပြန်သည်။

ယခု ခရီးစဉ်မတိုင်မီကပင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကွန်ရက်များနှင့် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ ပေါင်း ၁၂၂ ဖွဲ့က လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာတစောင်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ဖိတ်ကြားချက်ကို ပြန်လည်ရုပ်သိမ်းရန်နှင့် ၎င်းတို့က “မြန်မာ့ဘက်စုံအကျပ်အတည်းကို ဖန်တီးသူ” ဟု ဖော်ပြထားသည့် ခေါင်းဆောင်တဦးအား တရားဝင်မှုပေးခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့သည်။

မင်းအောင်လှိုင်အား လက်ခံတွေ့ဆုံခြင်းသည် “လူ့အခွင့်အရေးများကို စနစ်တကျ ချိုးဖောက်မှုများနှင့် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်မှုအတွက် တာဝန်ရှိသည့် တရားမဝင်စစ်ကောင်စီ(စစ်အုပ်စု)အား မရည်ရွယ်ဘဲ တရားဝင်မှု ပေးရာရောက်လိမ့်မည်” ဟု ယင်းစာတွင် ဖော်ပြထားသည်။

ခရီးစဉ်အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခုတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီကရမ် မစ်ဆရီ ကမူ နေပြည်တော်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းတို့၏ နိုင်ငံရေးစနစ်ကို အသိအမှတ်ပြုခြင်းဟု မဆိုလိုကြောင်း ပြောသည်။

“အဆက်အသွယ် ဖြတ်တောက်လိုက်တာဟာ ထိတွေ့ဆက်ဆံတာထက် ပိုကောင်းတဲ့ ရလဒ်မျိုး မပေးနိုင်ဘူးဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးသားဖြစ်ပြီး၊ အဲဒါဟာ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ ဒီမိုကရေစီ အပြောင်းအလဲကိုလည်း သေချာပေါက် ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။ “အခြားတစ်ဖက်မှာလည်း အဆက်အသွယ် ဖြတ်တောက်လိုက်တာဟာ လစ်ဟာမှုကိုသာ ဖြစ်ပေါ်စေပြီး အဲဒီနေရာကို တခြားသူတွေက လာရောက်ဖြည့်ဆည်းသွားမှာဖြစ်လို့ ကျွန်တော်တို့ကို ထိခိုက်စေပါလိမ့်မယ်၊ အဲဒီ တခြားသူတွေဆိုတာကလည်း ဒီမိုကရေစီအပေါ် ဘာစိတ်ဝင်စားမှုမှ မရှိဘူးဆိုတာကို ကျွန်တော် ရဲရဲကြီး အာမခံနိုင်ပါတယ်” ဟု ၎င်းက တရုတ်နိုင်ငံကို ရည်ညွှန်း၍ ပြောခဲ့သည်။

The Independent မှ India should have offered Myanmar’s leader ‘handcuffs, not a red carpet’, critics say ကို မိုးသဲ ဘာသာပြန်သည်။

ဆက်စပ်သတင်းများ

AI Curated
မင်းအောင်လှိုင်ကို အိန္ဒိယက ကော်ဇောနီခင်း ကြိုဆိုမည့်အစား ‘လက်ထိပ်သာ ခတ်သင့်သည်’ ဟု ဝေဖန်သူများ ပြော - BUR.MIZZIMA.COM | YGN Daily