
AI Summary
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ခူမီးလူမျိုး ၄၇ ဦးကို ဇွန်လ ၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ စစ်ရေးပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်လာကြခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် ကလေးငယ် ၁၁ ဦး ပါဝင်သည်။ မြန်မာနယ်စပ်တွင် စစ်တပ်၊ အာရက္ခတပ်တော်နှင့် ရိုဟင်ဂျာလက်နက်ကိုင်များအကြား တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ခူမီးမိသားစုဝင်များ လုံခြုံမှုမရှိဟု ခံစားရကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် ၎င်းတို့ကို BGB က ထိန်းသိမ်းထားဆဲဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခြင်း မရှိသေးပေ။ BGB တာဝန်ရှိသူများက ကိုယ်ရေးအချက်အလက်များ စိစစ်ပြီးနောက် နိုင်ငံတကာ စည်းမျဉ်းများအရ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများကြောင့် ခူမီး၊ ချင်းယန်၊ ဘွမ်နှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များလည်း ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာခဲ့ကြသည်။

ချင်းပြည်နယ်၊ ပလက်ဝမြိုန့ယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ခရိုင်၊ သန်ချီနယ်စပ်ဒေသကို ဝင်ရောက်လာကြတဲ့ ခူမီးလူမျိုး ၄၇ ယောက်ကို ဇွန် ၅ ရက်က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက ဖော်ပြပါတယ်။
မြန်မာနိုင်ငံဘက်အခြမ်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ပလက်ဝမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်လာသူတွေ ဖြစ်ကြပြီး လက်ရှိ ဖမ်းဆီးခံရသူတွေအထဲမှာ ကလေးငယ် ၁၁ ယောက် ပါဝင်ကာ သူတို့ဟာ ဇွန် ၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။
ဖမ်ဆီးခံလိုက်ရတဲ့သူတွေဟာ သန်ချီမြို့နယ်၊ ရီမက်ကရီယူနီယံ၊ အမှတ် ၅ ရပ်ကွက်ရှိ ဟွိုင်ကို ခူမီးပါရာ ကျေးရွာမှာ ဖမ်းဆီးခံလိုက်ရတာလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနယ်စပ်မှာ စစ်အာဏာရှင်တပ်တွေ၊ အာရက္ခတပ်တော်နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် ခူမီး မိသားစုဝင်တွေဟာ လုံခြုံမှုမရှိသလို ခံစားလာကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ခူမီးလူမျိုး ၄၇ ယောက်ကို နယ်ခြားစောင့်တပ် (BGB) လက်ထဲကနေ မြို့နယ်ရဲတပ်ဖွဲ့ လက်ထဲကို လွှဲပြောင်းထားတာ မရှိသေးဘူးလို့ သန်ချီမြို့ ရဲစခန်းမှူး ကာနယ် ဆာကာက ပြောပါတယ်။
“လူ ၄၇ ဦး ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းအချက်အလက်ကို ကျနော် မရရှိသေးပါဘူး။ သူတို့ကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလာခဲ့မယ်ဆိုရင် မီဒီယာတွေကို သက်ဆိုင်ရာအတိုင်း အသိပေးသွားမှာ ဖြစ်ပါတယ်။”
လက်ရှိ ဖမ်းဆီးထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်အတည်ပြုနေဆဲဖြစ်ပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ပြီးနောက် နိုင်ငံတကာ နယ်စပ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မြန်မာနိုင်ငံကို ပြည်လည်ပို့ဆောင်ပေးသွားမယ်လို့လည်း BGB တာဝန်ရှိသူတွေက မီဒီယာတွေကို ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ခူမီး၊ ချင်းယန် (Khiyang)၊ ဘွမ် (Bawm) နဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ နယ်စပ်လမ်းကြောင်းတွေကတဆင့် ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်လာခဲ့ကြတယ်လို့ သတင်းစာတွေက ရေးသားထားပါတယ်။
၂၀၂၄ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ကို အာရက္ခတပ်တော်က အလုံးစုံ ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
Source: Dhaka Tribune