
ဖရူဆိုတွင် စစ်အာဏာရှင်တပ်က ရွာမီးရှို့၊ တိုင်းရင်းသားပြည်သူ ၁,၅၀၀ ခန့် ထွက်ပြေး
AI Summary
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မတ်လနှင့် မေလအတွင်း ကျေးရွာ ၃ ရွာမှ နေအိမ် ၈၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဘူးခူ၊ ထားလဲနှင့် ပရယ်တော်ကျေးရွာများမှ ဒေသခံပြည်သူ ၁,၅၀၀ ကျော်သည် နေအိမ်များ ဆုံးရှုံးကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ KNDF ၏ ထုတ်ပြန်ချက်အရ မတ် ၂၈ ရက်တွင် ဘူးခူကျေးရွာ၌ နေအိမ် ၁၆ လုံး၊ မေ ၆ ရက်တွင် ထားလဲကျေးရွာ၌ နေအိမ် ၆၀ ခန့်နှင့် မေ ၇ ရက်တွင် ပရယ်တော်ကျေးရွာ၌ နေအိမ် ၄ လုံး မီးရှို့ခံခဲ့ရသည်။ လက်ရှိတွင် စစ်တပ်သည် ဖရူဆို–ဘောလခဲ လမ်းမတလျှောက် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ဒရုန်းဖြင့် ဗုံးကြဲမှုများကြောင့် ဒေသခံများသည် စိုးရိမ်ထိတ်လန့်နေရဆဲဖြစ်ပြီး နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် မတ်လနဲ့ မေလအတွင်း ကျေးရွာ ၃ ရွာက ဒေသခံပြည်သူလူထု နေအိမ် ၈၀ ကျော် မီးရှို့ ဖျက်ဆီး ခံခဲ့ရပြီး ဒေသခံ ၁,၅၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။
မတ် ၂၈ ရက်မှာ ဘူးခူကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဒေသခံတွေရဲ့ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို မေ ၆ ရက်မှာ ထားလဲကျေးရွာက နေအိမ် ၆၀ လောက်ကို မီးရှို့ခဲ့ပြီး မေ ၇ ရက်မှာလည်း ပရယ်တော်ကျေးရွာက နေအိမ် ၄ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖရူဆိုဒေသခံတယောက်က “စစ်သားတွေ ဝင်လာပြီဆိုတာနဲ့ ကျနော်တို့ အကုန် ထွက်ပြေးကြ ရတာပဲ။ အသက်လွတ်ဖို့က အရေးကြီးဆုံးလေ။ ပြန်လာကြည့်တော့ အိမ်က မီးလောင်ပြီး ဘာမှ မကျန်တော့ဘူး။ အခုတော့ စစ်ရှောင်စခန်းမှာပဲ နေနေရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်တပ်က ဖရူဆို–ဘောလခဲ လမ်းမတလျှောက် စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ် နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ရှိနေတယ်လို့ KNDF က ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် ဒေသခံတွေဟာ နေရပ်ကို မပြန်နိုင်သေးဘဲ စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း သိရပါတယ်။
အဲဒီလို စစ်ကြောင်းထိုးတာနဲ့ တိုက်ခိုက်မှုတွေကြောင့် ဖရူဆိုဒေသက ပြည်သူတွေနဲ့ စစ်ဘေးရှောင် စုစုပေါင်း ၁,၅၀၀ နီးပါးဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။