
AI Summary
စစ်အုပ်စုသည် ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်စတင်ရန် ကြိုးပမ်းနေပြီး လူထုသဘောတူညီမှုရရှိရန် အတင်းအဓမ္မစည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ဒေသခံများ အိုးအိမ်စွန့်ခွာရခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံများ၊ ကျောင်းသားများနှင့် လူငယ်များက လုံခြုံရေးစိုးရိမ်ရသည့်ကြားမှ ဆက်တိုက်ကန့်ကွက် ဆန္ဒပြနေကြသည်။ စစ်အုပ်စုက ကန့်ကွက်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်ထားသော်လည်း ပြည်သူများက စီမံကိန်းကို ထာဝရဖျက်သိမ်းပေးရန် တောင်းဆိုလျက်ရှိသည်။ လက်ရှိတွင် စစ်အုပ်စုက စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး ဒေသခံများကလည်း နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"ကျနော်တို့ အစိုးရအဆက်ဆက် တောင်းဆိုခဲ့လို့ အစိုးရအဆက်ဆက်က ရပ်နားထားခဲ့တာ။ အခု အာဏာသိမ်းစစ်တပ်က ပြန်လုပ်မယ်ဆိုတော့ ကျနော်တို့ ဒေသခံတွေရဲ့ သဘောထားကို မျက်ကွယ်ပြုတာပဲ။"
"ဒီမြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူတွေတင် မဟုတ်ဘူး၊ တနိုင်ငံလုံးက ပြည်သူတွေက မထောက်ခံဘူး အလိုမရှိဘူးဆိုတာ အားလုံးအသိပဲ။ ဒါပေမဲ့ သူတို့ကတော့ ရအောင် လုပ်မဲ့ပုံပဲ။"

စစ်အုပ်စုက မြစ်ဆုံစီမံကိန်းပြန်စဖို့ လူထုလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်လုပ်လာသလို ဒေသခံတွေဘက်ကတော့ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေကြားက ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ တောင်းဆိုမှုတွေကို ဆက်တိုက်လုပ်ဆောင်နေကြပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ကြောင်းနဲ့ စီမံကိန်းဖျက်သိမ်းပေးဖို့ မြစ်ကြီးနားမှာ ဒေသခံတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေဟာ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေကြားကနေ လှုပ်ရှားမှုနဲ့ တောင်းဆိုမှု အစီအစဉ်တွေကို ဆက်တိုက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်အစိုးရခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မြစ်ဆုံစီမံကိန်း ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေက မြစ်ဆုံစီမံကိန်းပေါ် လူထုတွေရဲ့ သဘောတူညီမှုကို အတင်းအဓမ္မရယူတဲ့ လှုပ်ရှားမှုတွေ၊ စည်းရုံးရေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်နေပါတယ်။
စစ်အာဏာရှင်က မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့အပေါ် ကန့်ကွက်တဲ့သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ဥပဒေထုတ်ပြီး ခြိမ်းခြောက်ထားတာကြောင့် ဒေသခံတွေဟာ ဒီစီမံကိန်းကို လွတ်လပ်စွာ ကန့်ကွက်နိုင်ဖို့အတွက်လည်း လုံခြုံရေးစိုးရိမ်မှုတွေ ကြုံနေရပါတယ်။
ဒါပေမဲ့ ကချင်ပြည်သူတွေက ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ မြစ်ဆုံဆည် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို ပုံမှန်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
“ကျနော်တို့ အစိုးရအဆက်ဆက် တောင်းဆိုခဲ့လို့ အစိုးရအဆက်ဆက်က ရပ်နားထားခဲ့တာ။ အခု အာဏာသိမ်းစစ်တပ်က ပြန်လုပ်မယ်ဆိုတော့ ကျနော်တို့ ဒေသခံတွေရဲ့ သဘောထားကို မျက်ကွယ်ပြုတာပဲ။ မြစ်ဆုံလုပ်ရင် ဒါဖြစ်မယ်၊ ဂေဟစနစ်တွေ ပျက်စီးမယ်။ သူတို့ မြစ်ဆုံလုပ်မယ် ဆိုကတည်းက တောတောင်တွေကို ဖျက်ဆီးပစ်တာ ဒေသခံတွေလည်း အိုးအိမ်တွေ စွန့်ပြီး နေရာတွေပြောင်းရွှေ့ရနဲ့။ ဒီစီမံကိန်းစကတည်းက ရေကာတာလုပ်မယ်ဆိုပြီး တောတောင်တွေ၊ မြေယာတွေ ဖျက်ဆီးခံလိုက်ရတာလည်း တော်တော်များနေပြီ။ အခု ပြန်လုပ်မယ်ဆိုရင် ပိုပျက်စီးဖို့ပဲ ရှိမယ်။ ကျနော်တို့ ဒေသခံတွေကတော့ ဧရာဝတီမြစ် လွတ်လပ်စွာ စီးဆင်းနိုင်ဖို့အတွက် ဒီမြစ်ဆုံစီမံကိန်း ဆက်လုပ်မှာကို ကန့်ကွက်ပါတယ်။”
စစ်အာဏာရှင်က မြစ်ဆုံပြန်စဖို့ ထုတ်ဖော်ပြောဆိုတာ၊ ဒေသခံလူထုကို နည်းမျိုးစုံနဲ့ ခေါ်ယူတာပြီး လူထုတွေ့ဆုံပွဲတွေ မကြာခဏလုပ်ဆောင်နေသလို တဖက်မှာလည်း ဒေသခံတွေက စီမံကိန်းကန့်ကွက်လှုပ်ရှားမှုတွေကို လုံခြုံရေးစိုးရိမ်မှုတွေကြားက ကန့်ကွက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပါတယ်။
မြစ်ဆုံဆည် အလိုမရှိကြောင်းနဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ထာဝရဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတရပ်ကို မြစ်ကြီးနားဒေသခံ လူငယ်တွေက ဇွန် ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်ကလည်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) နဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တွေ ပူးပေါင်းပြီး စစ်အာဏာရှင် ဖော်ဆောင်နေတဲ့ မြစ်ဆုံစီမံကိန်း ကန့်ကွက်ရေး လှုပ်ရှားမှုအစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကလည်း မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံ ၈၀ ကျော် စုဝေးကာ ဧရာဝတီမြစ်တနေရာမှာ မြစ်ဆုံစီမံကိန်းကို ချက်ချင်းရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
စီမံကိန်းနဲ့ပတ်သက်ပြီး ကန့်ကွက်ပြောဆိုသူတွေကို အရေးယူနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်ပြီးနောက် ဒေသခံတချို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုဖို့ စိုးရိမ်နေတယ်လို့ ကချင်လူငယ်တယောက်က ပြောပါတယ်။
“စစ်အုပ်စုက အရေးယူမယ်လို့ ပြောထားတော့ ဒေသခံတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဖို့ အခက်အခဲဖြစ်တာပေါ့။ သူတို့က အခုဒေသခံတွေ ကချင်လူထုတွေက ထောက်ခံပါတယ်ဆိုပြီး ပြဖို့ လူထုတွေ့ဆုံပွဲတွေ လုပ်တယ်။ အတင်းအဓမ္မခေါ်တော့ မသွားရဲတဲ့သူလည်း မရှိဘူး။ သွားရတာပဲ။ ဒါကို သူတို့က သူတို့ကို ထောက်ခံပါတယ်ပေါ့။ နောက်ပြီး ကျောင်းအပ်နှံရေးနေ့ ဆိုပြီး ကျောင်းသားတွေကို ခန်းမထဲ ခေါ်ပြီး မြစ်ဆုံစီမံကိန်းအကြောင်း ရှင်းပြတယ်။ သူတို့ကတော့ ဒီစီမံကိန်းကို လူထုထောက်ခံတယ်ပေါ့။ ဒီမြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူတွေတင် မဟုတ်ဘူး၊ တနိုင်ငံလုံးက ပြည်သူတွေက မထောက်ခံဘူး အလိုမရှိဘူးဆိုတာ အားလုံးအသိပဲ။ ဒါပေမဲ့ သူတို့ကတော့ ရအောင် လုပ်မဲ့ပုံပဲ။ စီမံကိန်းကြောင့် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ပညာရှင်တွေ ထောက်ပြထားတယ်။ ဒီတော့ မြစ်ဆုံစီမံကိန်း စစ်အုပ်စုက ပြန်လုပ်မဲ့အပေါ်ကို ကန့်ကွက်တာတွေက ဆက်ရှိနေမှာပဲ။ ကျနော်တို့ကတော့ ရတဲ့နည်းလမ်းနဲ့ ဆက်ပြီး ကန့်ကွက်နေမှာပဲ။”
ကချင်အဖွဲ့အစည်းတွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ ဘူမိဗေဒပညာရှင်တွေကလည်း မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းဟာ ကချင်ပြည်နယ်မှာရှိတဲ့ မလိခနဲ့ မေခ မြစ်နှစ်ခု ဆုံတဲ့နေရာမှာ တည်ဆောက်ဖို့ စီမံထားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတခုဖြစ်ပြီး ၂၀၀၉ ခုနှစ်ခန့်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တာ၊ ဒေသခံရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်နိုင်တာနဲ့ ထုတ်လုပ်မဲ့ လျှပ်စစ်အများစုကို တရုတ်နိုင်ငံကို ပို့မယ်ဆိုတဲ့ အချက်တွေကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာ ယာယီရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။