မင်းပြားခရိုင်ရှိ ကမ်းစပ်များတွင် ဒီရေပင် ခုနစ်ထောင်ကျော်ကို ULA ဦးဆောင်စိုက်ပျိုး
myanmar||3 MIN READ

မင်းပြားခရိုင်ရှိ ကမ်းစပ်များတွင် ဒီရေပင် ခုနစ်ထောင်ကျော်ကို ULA ဦးဆောင်စိုက်ပျိုး

Narinjara
SourceNarinjara

AI Summary

ရခိုင်၊ မင်းပြားခရိုင် ကမ်းစပ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ သစ်တောဌာနက ဗျူးခြေထောက်ပင် ၇၂၆၀ ပင် စိုက်ပျိုးခဲ့သည်။ ၎င်းတို့သည် ဒီရေတောပျက်စီးမှု ကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ရန်နှင့် ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ရန်ဖြစ်သည်။ သစ်တောဌာနက မြို့နယ်အဝှမ်း ဆက်လက်စိုက်ပျိုးမည်ဖြစ်ပြီး ဒေသခံများ ဇွန်/ဇူလိုင်တွင် မျိုးပင်အခမဲ့ယူနိုင်ကြောင်း အသိပေးသည်။

ရခိုင်ပြည်၊ မင်းပြားခရိုင်ရှိ ကမ်းစပ်များတွင် ဒီရေပင်တစ်မျိုးဖြစ်သော ဗျူးခြေထောက်ပင် ခုနစ်ထောင်ကျော်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနက ဦးဆောင်၍ စိုက်ပျိုးခဲ့သည်ဟု သိရသည်။ အဆိုပါခရိုင်အတွင်းရှိ ဒီရေတောပျက်စီးမှုကြုံတွေ့နေရသည့် ကမ်းစပ်ဒေသများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အရေးပါသော နေရာများကိုရွေးချယ်ကာ ဗျူးခြေထောက်အပင်ပေါင်း ၇၂၆၀ ပင်ကို ယခုရက်ပိုင်းအတွင်း စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်နိုင်ရေးအတွက် ယခုကဲ့သို့ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Narinjara News Image

ဒေသခံတစ်ဦးက “ဒီလိုစိုက်ပျိုးပေးတော့ ရေလှိုင်းရိုက်ခတ်ပြီး ကမ်းပါးပြိုတာကိုလည်း သက်သာသွားစေနိုင်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်တဲ့အတွက် စိုက်ပျိုးပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

အဆိုပါအပင်များကို သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ ဦးဆောင်၍ မြို့နယ်ပါတီရုံး၊ ဒီလပ်ဌာန၊ အုပ်ချုပ်ရေးဌာန၊ အမျိုးသမီးအင်အားစု၊ လူငယ်အင်အားစုတို့နှင့် ဒေသခံပြည်သူများ စုပေါင်းစိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဒီရေပင်များကိုစိုက်ပျိုးထားခြင်းအားဖြင့် ကမ်းရိုးတန်းဂေဟစနစ်ကို ပြန်လည်ကောင်းမွန်လာစေနိုင်သလို ပင်လယ်ဒီရေလှိုင်းနှင့် မုန်တိုင်းများ၏ဒဏ်များမှ ကာကွယ်ပေးနိုင်သည်ဟုလည်း သိရသည်။

Narinjara News Image

သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင့် ဒီရေတောများရေရှည်တည်တံ့ရေးအတွက်လည်း ဒီရေပင်စိုက်ပျိုးမှုများကို မြို့နယ်အဝှမ်း ဆက်လက်စိုက်ပျိုးသွားမည်ဟုလည်း သစ်တောဌာနက ပြောသည်။

ရခိုင်ရှိ ဒေသခံပြည်သူလူထုများအ‌နေဖြင့်လည်း စိမ်းလန်းစိုပြေသော ဒီရေတောများနှင့် သစ်တောများဖြစ်ထွန်းလာစေရေးအတွက် သစ်ပင်များစိုက်ပျိုးလိုပါက လာမည့် ဇွန်လနှင့် ဇူလိုင်လများတွင် မျိုးပင်များအခမဲ့လာယူနိုင်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနက အသိပေးနှိုးဆော်ထားသည်။


ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၉/၂ဝ၂၆

ဆက်စပ်သတင်းများ

AI Curated
မင်းပြားခရိုင်ရှိ ကမ်းစပ်များတွင် ဒီရေပင် ခုနစ်ထောင်ကျော်ကို ULA ဦးဆောင်စိုက်ပျိုး | YGN Daily