မြစ်ခြေဒေသ စစ်ဘေးရှောင် ၁၉,၁၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ - BUR.MIZZIMA.COM
politics||4 MIN READ

မြစ်ခြေဒေသ စစ်ဘေးရှောင် ၁၉,၁၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ - BUR.MIZZIMA.COM

AI Summary

မကွေးတိုင်း၊ မြစ်ခြေဒေသသို့ စစ်အုပ်စုတပ်ဖွဲ့နှင့် ပျူစောထီးများ ဝင်ရောက်လာပြီးနောက် ဒေသခံ ၄၀ နီးပါးကို သတ်ဖြတ်ကာ နေအိမ် ၁,၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် ကျေးရွာ ၃၇ ရွာမှ ဒေသခံ ၁၉,၁၀၀ ကျော်မှာ စစ်ဘေးရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိသည်။ စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ထူထပ်ခြင်းနှင့် သန့်ရှင်းသောရေ မရရှိခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေသည်။ စစ်အုပ်စုတပ်ဖွဲ့သည် ဒေသခံများကို သတ်ဖြတ်ပြီး အလောင်းများကို စွန့်ပစ်ခဲ့သည့်အပြင် နေအိမ်နှင့် ဈေးဆိုင်များကိုလည်း ဖျက်ဆီးခဲ့သည်။ လက်ရှိတွင် စစ်အုပ်စု ပြန်လည်ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံများမှာ နေရပ်မပြန်ရဲဘဲ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်ခိုလှုံနေကြရသည်။

ဓာတ်ပုံ- စစ်အုပ်စု မီးရှို့ဖျက်ဆီးသွား၍ ပျက်စီးသွားသည့် မြေခြေဒေသခံများ၏ နေအိမ်များ

MTO

မဇ္ဈိမ။ ။ စစ်အုပ်စုတပ်ဖွဲ့က ဒေသခံ ၄၀ နီးပါးကို သတ်ဖြတ်ပြီး နေအိမ် ၁,၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည့် မကွေးတိုင်း၊ မြစ်ခြေဒေသတွင် စစ်ဘေးရှောင် ၁၉,၁၀၀ ကျော် ရှိနေပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများကို ကူညီပေးနေသူများထံက သိရသည်။

ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် အောင်သာပျူရွာမှ ပျူစောထီးများ ပါဝင်သည့် အင်အား ၅၀၀ ခန့်ပါ စစ်အုပ်စုစစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့တွင် မြစ်ခြေမြို့သို့ စတင်ဝင်ရောက်လာ၍ ဒေသခံများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင်ကာလ လေးပတ်အထိ ရှိလာနေပြီဖြစ်သည့်အတွက် စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ တဦးက ပြောသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသူ တဦးက “စစ်ရှောင်နေရာ ၁၂ နေရာ ရှိတယ်။ တရက်ကို ဆန်အိတ် ၄၀၊ ဆီ ၃၆ ပိဿာကုန်တယ်။ အခြားချက်စရာအစုံလည်း ပေးရတယ်။ အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်ဖွဲ့သည် မြစ်ခြေမြို့မဈေး၊ မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ကျေးရွာပေါင်း ၃၇ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

စစ်ဘေးရှောင်စခန်းများတွင် လူဦးရေများပြားလာမှုနှင့်အတူ တနေရာတည်းတွင် စုပြုံနေထိုင်ရခြင်း၊ သန့်ရှင်းသည့် ရေကို မရရှိခြင်းများလည်း ရှိနေသည့်အတွက် တချို့သော စစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားလာသဖြင့် ဆေးဝါးအကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။ စစ်အုပ်စုတပ်ဖွဲ့သည် မြစ်ခြေမြို့ကို ဝင်ရောက်လာသည့် မေလ ၁၀ ရက်နေ့မှ စတင်၍ ဇွန်လ ၅ ရက်နေ့အထိ ဒေသခံပြည်သူ ၄၀ နီးပါးကိုလည်း သတ်ဖြတ်ခဲ့ပြီး အလောင်းများကို လမ်းမများ၊ နေအိမ်များနှင့် သာသနာ့အဝန်းအဝိုင်းများတွင် စွန့်ပစ်ခဲ့ကြကြောင်း အကူအညီပေးရေး လုပ်ဆောင်နေသူ နောက်ထပ်တဦးက ပြောသည်။

၎င်းက “အသတ်ခံရသူပေါင်း ယခုအချိန်ထိ ၄၀ ဦးဝန်းကျင်ထိ ရှိနေပါတယ်ဗျ။ ကျွန်တော် တို့အဖွဲ့တွေ ပြည်သူထဲက ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူသေလောင်းတွေ ရှင်းလင်းကြတယ်။ အသတ်ခံရတဲ့လူ နာမည်တွေကတော့ လိုက်နေတုန်း” ဟု ယနေ့ ( ဇွန်လ ၈ ရက်) ညနေပိုင်းတွင် ပြောသည်။

စစ်အုပ်စုတပ်ဖွဲ့သည် မြစ်ခြေမြို့ပေါ်တွင် တပ်စွဲထားသည့် ကာလတလျှောက် ဈေးဆိုင်ခန်းများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့ရာ ကျေးရွာပေါင်း ၁၈ ရွာမှ နေအိမ်ပေါင်း ၁,၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံအဖွဲ့အစည်းများထံက သိရသည်။

လက်ရှိအချိန်တွင် စစ်အုပ်စုစစ်ကြောင်းသည် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို အတိအကျသိရရန် ခက်ခဲနေပြီး စစ်အုပ်စုတပ်ဖွဲ့က နောက်တကြိမ် ပြန်လည်ဝင်ရောက်လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည့်အတွက် ဒေသခံများသည် စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ- စစ်အုပ်စု မီးရှို့ဖျက်ဆီးသွား၍ ပျက်စီးသွားသည့် မြေခြေဒေသခံများ၏ နေအိမ်များ

ဆက်စပ်သတင်းများ

AI Curated