ရွှေဘိုတွင် စစ်တပ်က ခရီးသွားလူငယ်များထံမှ ငွေနှင့် ပစ္စည်းများ လုယူ
general||4 MIN READ

ရွှေဘိုတွင် စစ်တပ်က ခရီးသွားလူငယ်များထံမှ ငွေနှင့် ပစ္စည်းများ လုယူ

DVB
SourceDVB
Back to News

AI Summary

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက် မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် မြို့တွင်းလှည့်ကင်းများက စစ်အာဏာရှင်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များသည် ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်များပေါ်ပါလာသူများကို တားဆီးစစ်ဆေးကာ ဖုန်း၊ နာရီ၊ ငွေကြေးနှင့် ပစ္စည်းများကို လုယက်သိမ်းဆည်းလျက်ရှိသည်။ မေလ ၂၈ ရက်နေ့တွင် စောင်တန်းကျေးရွာမှ လူငယ်တစ်ဦးထံမှ ငွေကျပ်သိန်း ၁၀၀ အပါအဝင် အခြားခရီးသွားများထံမှ ပစ္စည်းများ လုယူခဲ့ပြီး၊ မေလ ၃၀ ရက်နေ့တွင်လည်း ဆိုလာပြားဝယ်ယူပြန်လာသူတစ်ဦးကို ဖမ်းဆီးရိုက်နှက်ကာ သိန်း ၁၀၀ တန်ဖိုးရှိ ပစ္စည်းများ သိမ်းဆည်းသွားခဲ့သည်။ စစ်တပ်က ရွှေဘိုမြို့အဝင် အနောက်ပေါက်ကို ပိတ်ထားသဖြင့် ခရီးသွားယာဉ်များ မြို့တောင်ဘက်မှ ခက်ခဲစွာ ဝင်ထွက်နေရသည်။ အဆိုပါတောင်ဘက်ဂိတ်တွင် စစ်ဆေးရေးဂိတ်နှစ်ခုထားရှိပြီး ဂိတ်ကြေးအဆမတန်တောင်းခံခြင်း၊ အသက် ၄၀ အောက် လူငယ်များကို တင်းကျပ်စွာစစ်ဆေးကာ ဖမ်းဆီးငွေညှစ်ခြင်းတို့ကို နေ့စဉ်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ မြို့တွင်းလှည့်ကင်းများကလည်း ခရီးသွားများနှင့် အလုပ်သမားများကို ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်နေပြီး၊ အနောက်တောင်ဘက်ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်နေသဖြင့် ဒေသခံအများစု နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

Photo:  CJ (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက် မြို့အဝင်စစ်ဆေးရေးဂိတ်မှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက ခရီးသွားယာဉ်နဲ့ ကုန်တင်ယာဉ်ပေါ် ပါလာသူတွေကို တားဆီးစစ်ဆေးပြီး ဖုန်း၊ နာရီနဲ့ ငွေကြေးတွေကို လုယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၂၈ ရက် မနက်ပိုင်းက ရွှေဘိုမြို့တောင်ဘက် မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ခရီးသွားတွေကို တားဆီးစစ်ဆေးတဲ့အချိန် စစ်တပ်ပူးပေါင်းအဖွဲ့တွေက စောင်တန်းကျေးရွာက အသက် ၃၀ ခန့် အရွယ် လူငယ်တယောက်ဆီကနေ ငွေကျပ်သိန်း ၁၀၀ နဲ့ တခြားခရီးသွားတွေဆီက ဖုန်း၊ နာရီနဲ့ ပစ္စည်းတွေကို လုယူသွားခဲ့တာလို့ ခရီးသွားပြည်သူတယောက်က DVB ကို ပြောပါတယ်။

အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခရီးသွားတယောက်က “ဖမ်းတာကတော့ အများကြီးပဲ။ စောင်တန်းရွာ က လူငယ်တယောက်ကတော့ ခြေထောက်မသန်လို့ ပြန်လွှတ်ပေးလိုက်တယ်။ သူ့အမေက မြေကွက် ရောင်းရတဲ့ငွေကို လက်ထဲမထားချင်လို့ ရွှေသွားဝယ်ခိုင်းတာ၊ အဲဒီငွေတွေကို ယူသွားတာ။ တခြားလူတွေကိုတော့ ကျောပိုးအိတ်တွေနဲ့ ပစ္စည်းတွေသိမ်းပြီး ဒူးထောက်ခိုင်းထားတာ တွေ့ရတယ်” လို့ ပြောပါတယ်။

မေ ၃၀ ရက် မနက်ကလည်း ရွှေဘိုမြို့ကနေ လျှပ်စစ်ဆိုလာပြား ဝယ်ယူပြီး ပြန်လာတဲ့ အမျိုးသား တယောက်ကို စစ်‌အာဏာရှင် တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရိုက်နှက်ပြီး ပစ္စည်းတွေကို လုယူသွားခဲ့ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၄၀ ကျော်အရွယ်ရှိ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာက ဒေသခံ တယောက်ဖြစ်ပြီး သူ့ကို စစ်တပ်လှည့်ကင်းက သယ်ယူခွင့်မရှိဘူးလို့ ဆိုကာ ဖမ်းဆီးရိုက်နှက်ခဲ့ပြီး လူကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တန်ဖိုးငွေ ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိတဲ့ ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီအိုးတွေကိုတော့ သိမ်းဆည်းသွားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီ လုယက်ခံရသူက စစ်ရှောင်နေရင်းနဲ့ ဆိုလာနဲ့ ဘက်ထရီအိုး လိုက်ဆင်ပေးတဲ့အလုပ်ကို လုပ်ကိုင်နေတာဖြစ်ပြီး အခုလည်း တခြားလူက ဆိုလာဆင်ခိုင်းလို့ ဝယ်ပြီးအပြန်မှာ အခုလို ဖမ်းဆီးခံရကာ ပစ္စည်းတွေ အသိမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်တပ်က ရွှေဘိုမြို့အဝင် အနောက်ပေါက်ကို ပိတ်ထားတဲ့အတွက် အနောက်ခြမ်းနဲ့ အနောက်တောင်ခြမ်းက ခရီးသွားယာဉ်တွေဟာ မြို့တောင်ဘက်မုခ်ပေါက်ကနေတဆင့် ခက်ခက်ခဲခဲ ဝင်ထွက်သွားလာနေရတာလည်း ဖြစ်ပါတယ်။

အဲဒီဂိတ်မှာ စစ်တပ်က စစ်ဆေးရေးဂိတ် ၂ ခု ထားရှိပြီး ဂိတ်ကြေး အဆမတန် တောင်းခံနေသလို CCTV တွေ တပ်ဆင်ကာ အသက် ၄၀ အောက် လူငယ်တွေကို တင်းကျပ်စွာ စစ်ဆေးပြီး ဖမ်းဆီး ငွေညှစ်တာတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြို့တွင်း လှည့်ကင်းတွေကလည်း ခရီးသွားတွေနဲ့ အလုပ်သမားတွေကို ဖမ်းဆီးတာ၊ ခြိမ်းခြောက် ငွေညှစ်တာတွေကို နေ့စဉ်လိုလို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

ဒါ့အပြင် အနောက်တောင်ခြမ်းဘက်က ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဒေသခံအများစုက နေရပ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ရွှေဘိုတွင် စစ်တပ်က ခရီးသွားလူငယ်များထံမှ ငွေနှင့် ပစ္စည်းများ လုယူ | YGN Daily