
ရတနာပုံဆိုက်ဘာစီးတီး၌ ရင်းနှီးမြှုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များကို စစ်အာဏာရှင် ဖိတ်ခေါ်
AI Summary
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏သား အကောင်အထည်ဖော်နေသော ပြင်ဦးလွင်ရှိ ရတနာပုံ ဆိုက်ဘာစီးတီး စီမံကိန်းအပါအဝင် နည်းပညာ၊ ဆေးဝါး၊ စွမ်းအင်စသည့် ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည်။ ၎င်း၏ ပထမဆုံး အိန္ဒိယခရီးစဉ်အတွင်း မေလ ၃၁ ရက်နေ့တွင် ပြုလုပ်သော မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ၌ ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းက မြန်မာနိုင်ငံအတွက် အရေးကြီးသော သွင်းကုန်ပစ္စည်းများကိုသာ ဦးစားပေးခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ စိတ်ပူပန်မှုမရှိရန်နှင့် စီးပွားရေးခိုင်မာအောင် လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့သည်။ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုသည် နှစ်စဉ် ပျမ်းမျှ ၁.၅ ဘီလီယံရှိပြီး အိန္ဒိယသည် မြန်မာနိုင်ငံတွင် ၁၁ နိုင်ငံမြောက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။ သို့သော် အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ပွဲများ၊ စီးပွားရေးကျဆင်းမှု၊ အခြေခံအဆောက်အအုံ အားနည်းမှုနှင့် မူဝါဒပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းလာကာ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်နေသည်။

မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မှာ သူ့ရဲသားဖြစ်သူ အောင်ပြည့်စုံ အကောင်အထည်ဖော်နေတဲ့ ဧက ၁၀,၀၀၀ လောက် ကျယ်ဝန်းတဲ့ ရတနာပုံ ဆိုက်ဘာစီးတီး စီမံကိန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ အိန္ဒိယက အိုင်တီလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူပြီး ပထမဆုံးအကြိမ် သွားရောက်တဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း မေ ၃၁ ရက်က တာ့ဂျ်မဟာဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။
ဒီရီးစဉ်မှာ အိန္ဒိယလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ကာ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခဲ့ပေမဲ့ အိန္ဒိယ ပစ္စည်းဆိုပြီး ဦးစားပေးမှာမဟုတ်ဘဲ တကယ်လိုအပ်တဲ့ ပစ္စည်းတွေကိုသာ စိစစ်ခွင့်ပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က “မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ သွင်းကုန်ပစ္စည်းကိုတော့ ဦးစားပေး ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးမကြီးတဲ့ ပစ္စည်းကတော့ ဦးစားပေးမှာ မဟုတ်ပါဘူး။ ကျနော်တို့က ငွေကြေးပေါတဲ့လူတွေ မဟုတ်ပါဘူး။ လူဆိုတာတော့ အကုန်လိုကြတာကိုး။ မြန်မာနိုင်ငံမှာရှိတဲ့ ပစ္စည်းထက်သာတဲ့ ကုန်ပစ္စည်းဆိုရင် အကုန်လုံးက လိုချင်ကြမှာပဲ။ ဒါ လူ့သဘောသဘာ၀ ကောင်းတာ ပိုကြိုက်တာကိုး။ ကောင်းတာကြိုက်တိုင်းလည်း ခွင့်ပြုချက် ပေးလို့မရဘူး။ ကျနော်တို့ကတော့ မြန်မာနိုင်ငံဘက်က တတ်နိုင်တဲ့ဘက်က ရှိတဲ့အခြေအနေမှပဲ သွင်းကုန်တွေ ပါမစ်တွေ ခွင့်ပြုချက်တွေ ပေးလို့ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ဖို့အတွက် ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို ၂၀၂၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ စတုတ္ထအကြီးဆုံး ကုန်သွယ်ဘက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ နှစ်နိုင်ငံကုန်သွယ်မှုကတော့ နှစ်စဉ် ပျမ်းမျှ ၁ ဒသမ ၅ ဘီလီယံရှိပြီး မြန်မာဘက်က တင်ပို့မှု ပိုများပါတယ်။
ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပေါင်း ၃၉ ခုနဲ့ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈ သန်း ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေထဲမှာ ၁၁ နိုင်ငံမြောက် အများဆုံး ရင်းနှီးမြှုပ်နှံထားတာလည်း ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ နည်းပညာ (ICT)၊ ဆေးဝါး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါ့အပြင် ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ၊ လျှပ်စစ်ကား (EV)၊ ဆေးဝါး၊ စားသုံးဆီ ထုတ်လုပ်မှုအပြင် ပြည်တွင်းထွက် သစ်၊ ချည်နဲ့ ရာဘာကို အခြေခံတဲ့ တန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းတွေ လာလုပ်ရင် အထူးဦးစားပေးပြီး ပံ့ပိုးပေးမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် သူဟာ နိုင်ငံ့ဝန်ထမ်းအနေနဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့သူတယောက်ဖြစ်လို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို သေချာနားလည်တာကြောင့် နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ပူပန်မှုမရှိဖို့ ပြောဆိုခဲ့သလို စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း ခိုင်မာမှုရှိအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ မေ ၃၀ ရက်ကနေ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံကို သွားရောက်နေတာဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့လည်း မနေ့က တွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်မက်ဖြစ်ပွားမှုတွေနဲ့အတူ နိုင်ငံ့စီးပွားရေး တိုးတက်မှု ထိုးကျခဲ့သလို စီးပွားရေးလုပ်ကိုင်ရခက်ခဲတာ၊ လျှပ်စစ်လို အခြေခံအဆောက်အအုံတွေ အားနည်းတာတွေအပြင် မူဝါဒအပြောင်းအလဲတွေ၊ တင်းကျပ်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း တနှစ်ထက် တနှစ် လျော့နည်းလာခဲ့ပါတယ်။
ဒါ့အပြင် မြန်မာကျပ်ငွေဈေးကျပြီး ကုန်ဈေးနှုန်းတွေလည်း အာဏာမသိမ်းမီကထက် အနည်းဆုံး သုံးဆလောက် မြင့်တက်နေပါတယ်။