
AI Summary
ရန်ကုန်-ဒလ စက်လှေတစ်စီး မေ ၂၈ ရက် ည ၇ နာရီခန့်တွင် တိမ်းမှောက်။ စက်လှေမောင်းသူအပါအဝင် လူ ၃ ဦး ပျောက်ဆုံး။ ကားကူးတို့နှင့် တိုက်မိ၍ တိမ်းမှောက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်နေ။

ရန်ကုန်-ဒလ ကူးတို့ စက်လှေတစီး မေ ၂၈ ရက် ဒီနေ့ည ၇ နာရီ ဝန်းကျင်မှာ တိမ်းမှောက်ခဲ့တာကြောင့် စက်လှေမောင်းသူ အပါအဝင် လူ ၃ ယောက် ပျောက်ဆုံးနေတယ်လို့ စက်လှေမောင်းသူတချို့က ပြောပါတယ်။
ဒီနေ့ညပိုင်း ရန်ကုန် (မော်တင်ဆိပ်ကမ်း) ကနေ တဖက်ကမ်း ဒလမြို့၊ မှော်စက်ရပ်ကွက်ကို ဖြတ်ကူးတဲ့ သမ္ဗာန်စက်လှေတစီး ရန်ကုန်-ဒလ ကားကူးဇက်ကူးတို့နဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့ သိရှိသူတချို့က ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးကို သွားကြည့် နေသူတယောက်က “စက်လှေက ဒိုက်(အမှိုက်) ပတ်လို့ လှေသမားက ဖြုတ်နေချိန်မှာ ကားကူးဇက်က ဝင်တိုက်သွားတာတဲ့။ အခုထိတော့ ဆက်ပြီး ရှာဖွေနေကြတုန်းပဲ။ ရေကျချိန်ဆိုတော့ ရေစီးကလည်း သန်တယ်" လို့ DVB ကို ဒီည ၈ နာရီ လောက်မှာ ပြောတယ်။
လတ်တလော လှေကူးသန်းမှုကို ပိတ်ပင်ထားပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
မှော်စက် သမ္ဗာန်ဆိပ် (ကူးတို့ဆိပ်) ဟာ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်မှာ တည်ရှိပြီး ရန်ကုန်ဘက်ခြမ်း မော်တင်ဗောတံတားတွေကြားမှာ ဆိုက်ကပ်ပါတယ်။
ရန်ကုန်မြစ်၊ တွံတေးတူးမြောင်းနဲ့ လှိုင်မြစ်ဆုံရာအနီး ရန်ကုန်ဘက်ခြမ်း၊ မော်တင်ဗောတံတား အမှတ် ၁ နဲ့ ၂ ကြားမှာ ဖွင့်လှစ်ထားတဲ့ ဒီသမ္ဗာန်ဆိပ်ဟာ မြစ်ပြင်ပိုကျယ်တဲ့ နေရာကနေ ဖြတ်သန်းမောင်းနှင်ရတာ ဖြစ်ပါတယ်။
ဒလမြို့နယ်ဘက်ခြမ်း ရန်ကုန်ဖြစ်တလျှောက်မှာ စက်လှေသမ္ဗာန်ဆိပ်များစွာရှိပြီး နေ့စဉ် လူဦးရေထောင်နဲ့ချီ အသုံးပြု ကူးသန်းကာ ရန်ကုန်မြို့ဘက်မှာ အသက်မွေးဝမ်းကျောင်းကြပါတယ်။
စစ်အာဏာရှင်အစိုးရဟာ အရပ်သားအစိုးရခေတ်က တည်ဆောက်ခဲ့တဲ့ ရန်ကုန်-ဒလ မြစ်ကူးတံတားကို ဖွင့်လှစ်ထားပြီး အများပြည်သူသုံး ဘတ်စ်ကားတွေ ပြေးဆွဲပေးနေပေမဲ့ ဒလမြို့ခံအများစုအတွက် အသုံးမဝင်ဘဲ စက်လှေ၊ သင်္ဘော ကူးတို့တွေကို ဆက်လက် အသုံးပြုနေကြရတာကို တွေ့ရပါတယ်။
Photo : DVB