
မှတ်ပုံတင်နှင့် အထောက်အထား ထိုင်းက ထုတ်ပေးပါက ဒုက္ခသည်တွေ ဘာအခွင့်လမ်းရနိုင်လဲ
AI Summary
ထိုင်းဗဟိုမှတ်ပုံတင်ဌာန၊ မြန်မာဒုက္ခသည်များအတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ထုတ်ပေးရန် ညွှန်ကြား။ ၎င်း၊ စားနပ်ရိက္ခာပြတ်လပ်၍ အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရ ဆုံးဖြတ်ပြီးနောက် ဖြစ်။ ဒုက္ခသည်များ၊ တရားဝင်အလုပ်ရ၊ ခေါင်းပုံဖြတ်မှု ကာကွယ်ရန် မျှော်လင့်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းရှည်ကြာ ခိုလှုံနေရတဲ့ မြန်မာဒုက္ခသည်တွေကို ကိုယ်ရေးရာဇဝင်စိစစ်ပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုအထောက်အထားတွေ ထုတ်ပေးဖို့ ထိုင်းနိုင်ငံ ဗဟိုမှတ်ပုံတင်ဌာနက ညွှန်ကြားလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က UNHCR အသိအမှတ်ပြု ဒုက္ခသည်စခန်း ၉ ခုမှာ ရှိနေတဲ့ ဒုက္ခသည် သောင်းနဲ့ချီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလကစလို့ နိုင်ငံတကာအလှူရှင်တွေရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု ရပ်ဆိုင်းခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။
ဒီလို စားဝတ်နေရေး ကျပ်တည်းလာတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ဒုက္ခသည်တွေကို စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ ထိုင်းအစိုးရဝန်ကြီးများအဖွဲ့က မနှစ်က ဩဂုတ်လထဲ မှာ သဘောတူ ဆုံးဖြတ်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက်အရ အပြင်ထွက်အလုပ်လုပ်မယ့် ဒုက္ခသည်တွေကို ဥပဒေနဲ့အညီ ထိန်းချုပ်ကွပ်ကဲ နိုင်ဖို့နဲ့ လူဦးရေစိစစ်ရေး လွယ်ကူစေဖို့အတွက် အခုအခါ ထိုင်းနိုင်ငံ ဗဟိုမှတ်ပုံတင်ဌာနက မှတ်ပုံတင်နဲ့ အိမ်ထောင်စုအထောက်အထားတွေ ထုတ်ပေးဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ဘန်ကောက်နဲ့ သက်ဆိုင်ရာခရိုင် မှတ်ပုံတင်ရုံးတွေကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်နေ့စွဲနဲ့ ညွှန်ကြားစာ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ မယ်ဟောင်ဆောင်ခရိုင် နိုင်းဆွယ်စခန်းလို နေရာမျိုးတွေမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက တရားဝင် လာရောက်အကြောင်းကြားတာမျိုး မရှိသေးပါဘူး။
ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ဥက္ကဋ္ဌ ကိုစိုင်းလုံက “ဒီစခန်းထဲမှာနေတဲ့လူထုတွေ အဲဒီ MOU ၂၀၁၉ ဖောင်ရှိတဲ့လူတွေအတွက်ပဲ သူတို့ဦးစားပေးပြီးတော့မှ စခန်းအပြင်ကို ထွက်အလုပ်လုပ်နိုင်ဖို့၊ မိမိကိုယ်ကိုယ် ခြေစုံရပ်တည်နိုင်ဖို့အတွက် သူတို့ အဲဒီ အလုပ်ထွက်လုပ်နိုင်ဖို့အတွက် ဒီအခွင့်အလမ်း ကောင်းအနေနဲ့ ဖန်တီးပေးတာပဲရှိတာပေါ့။ ဒါပေမဲ့ အသေးစိတ်က ဘယ်လိုမျိုးပုံစံ၊ ဘယ်လိုမျိုးပုံစံ လုပ်မယ်ဆိုတာ အတိအကျတော့ သူတို့လာဆွေးနွေးတာမရှိသေးဘူးပေါ့“ လို့ ပြောပါတယ်။
ထိုင်းအစိုးရရဲ့ အစီအစဉ်အရ ဒုက္ခသည်တွေအနေနဲ့ မှတ်ပုံတင် ရရှိလာရင် စခန်းပြင်ပထွက်ခွင့်၊ တရားဝင်အလုပ်လုပ်ခွင့်အပြင် ဘဏ်စာရင်းဖွင့်တာနဲ့ ယာဉ်မောင်းလိုင်စင် လျှောက်ထားတာတွေ အထိ အခွင့်အရေး ရရှိလာမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အလုပ်သမားခေါ်ယူမှုတွေ ရှိခဲ့ပေမဲ့ အလုပ်အများစုက ကမ္ဘောဒီးယားနယ်စပ်နဲ့ ထိုင်းတောင်ပိုင်းလို ဝေးလံတဲ့ဒေသတွေမှာ ဖြစ်နေတာကြောင့် နန်ဆွယ်စခန်းက အလုပ်လုပ်နိုင်သူ ၇,၀၀၀ ထဲက ၂၀၀ ကျော်သာ လက်ရှိမှာ အလုပ်ရရှိပါသေးတယ်။
အလုပ်ရနေတဲ့ ၂၀၀ ကျော်ထဲမှာလည်း ဘာသာစကားနဲ့ လုပ်ငန်းခွင်အတွေ့ကြုံ အားနည်းမှုတွေ ကြောင့် အများစုက လုပ်ခလစာအပြည့်မရကြဘဲ တနေ့လုပ်အားခ ဘတ်၃၀၀ သာ ရနေတယ်လို့ ဒုက္ခသည်တယောက်က ပြောပါတယ်။
“လောလောဆယ် စိုက်ပျိုးရေး နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သွားလုပ်လို့ရနေပြီ။ ဒါပေမဲ့ အလုပ်ရှင်တွေ လာခေါ်ရင် ပြောတဲ့ လုပ်အားခ ဘတ် ၃၆၀ နဲ့ ၄၀၀ ကြား ဟိုရောက်ရင် အတွေ့အကြုံ မရှိဘူး၊ ဘာသာစကားမရဘူးဆိုပြီး ဘတ် ၃၀၀ လောက်နဲ့ဖြတ်ချတာ။ မှတ်ပုံတင် အထောက်အထား ရလာရင်တော့ ပိုကောင်းလာမယ်။”
ဒါကြောင့် ထိုင်းအစိုးရရဲ့ အခုအစီအစဉ်ဟာ ဒုက္ခသည်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပွင့်လာစေနိုင်သလို၊ မြေပြင်မှာ ကြုံတွေ့နေရတဲ့ လုပ်ခလစာ ခေါင်းပုံဖြတ် ခံရမှု ကိစ္စရပ်တွေကိုပါ တရားဝင် ကာကွယ်ပေးနိုင်ဖို့အတွက် အဆိုပါ မှတ်ပုံတင်အထောက်အထား အမြန်ဆုံး လက်ဝယ်ရရှိဖို့ ဒုက္ခသည်တွေက စောင့်ဆိုင်းနေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ နှစ်ရှည်အခြေစိုက် မြန်မာဒုက္ခသည်စခန်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ နယ်စပ်တလျှောက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ The Border Consortium (TBC) တို့ ထုတ်ပြန်ချက်အရ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုရှိနေပြီး ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်ဦးရေဟာ ၉၀၇၆၀ လောက် ရှိနေပါတယ်။
မောရစ်