
ကားအစီးရေ ၂၀၀ ပါ စစ်ယာဉ်တန်း မြစ်ကြီးနားရောက်၊ တိုက်ပွဲပြင်းထန်မှာကို စိုးရိမ်
AI Summary
မန္တလေးမှ စစ်ယာဉ်တန်း အစီးရေ ၂၀၀ နီးပါးသည် မေလ ၃၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရောက်ရှိခဲ့သည်။ စစ်တပ်က ကျောင်းသုံးစာအုပ်နှင့် ကျန်းမာရေးပစ္စည်းများ သယ်ဆောင်သည်ဟုဆိုသော်လည်း KIA နှင့် လေ့လာသူများကမူ မိုးတွင်းစစ်ဆင်ရေးအတွက် လူအင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းခြင်းဖြစ်ကြောင်း ရှုမြင်ကြသည်။ ဤယာဉ်တန်းသည် လမ်းတလျှောက် အင်းတော်၊ ကသာနှင့် မိုးညှင်းမြို့နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကို ခံခဲ့ရပြီး စစ်အာဏာရှင်ဘက်က ဒရုန်းများဖြင့် အကာအကွယ်ယူခဲ့သည်။ ဒေသခံများက ယာဉ်တန်းတွင် စစ်လက်နက်ခဲယမ်းနှင့် လူအင်အားများစွာ ပါဝင်လာသည်ကို တွေ့ရှိရကြောင်း ပြောဆိုသည်။ လက်ရှိတွင် မပခသို့ ရောက်ရှိလာသော တပ်အင်အားများသည် ဝိုင်းမော်၊ ဖားကန့်နှင့် ဆွမ်ပရာဘွမ်ဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်မှုများ ရှိနေသည်။ ၎င်းသည် ၂၀၂၆ ခုနှစ်အတွင်း မြစ်ကြီးနားသို့ ရောက်ရှိလာသည့် ဒုတိယမြောက် စစ်ယာဉ်တန်းဖြစ်သည်။

မန္တလေးကနေ တက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ အစီးရေ ၂၀၀ နီးပါးပါဝင်တဲ့ စစ်ယာဉ်တန်းဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ရှိသွားပါတယ်။
ဒီကားတွေနဲ့ ကျောင်းသုံးစာအုပ်တွေ သယ်ဆောင်လာတယ်လို့ စစ်တပ်က ဆိုပေဲ့ လက်တွေ့မှာတော့ လူအင်အားနဲ့ လက်နက်တွေ ပါလာတာကြောင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။
မန္တလေးကနေတက်လာပြီး မေ ၃၁ ရက်မှာ မြစ်ကြီးနားအခြေအစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ ယာဉ်တန်းမှာ စစ်ကားနဲ့ ကုန်ကားတွေအပါအဝင် ကားအစီးရေ ၂၀၀ နီးပါး ပါဝင်နိုင်တဲ့အကြောင်း သိရပါတယ်။
အဲဒီယာဉ်တန်းပေါ်မှာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေနဲ့ ကျန်းမာရေးအထောက်ကူပြု ပစ္စည်းပါဝင်တယ်လို့ စစ်တပ်က ပြောပေမဲ့ KIA နဲ့ လေ့လာသူတွေကတော့ မိုးတွင်းကာလ စစ်ဆင်ရေးတွေအတွက် အင်အားဖြည့်တင်းတာလို့ ရှုမြင်ကြပါတယ်။
ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ ကချင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ လုပ်ဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ၊ လူအင်အားတွေ၊ စားနပ်ရိက္ခာတွေ ပို့တာလည်း ဖြစ်နိုင်တာပေါ့။ နောက် မိုးတွင်းလည်း ရောက်မယ်၊ နောက် မြစ်ကြီးနား-မန္တလေးလမ်း မပေါက်တာလည်း ကြာပြီဆိုတော့ သူတို့ အခု ကုန်းလမ်းကနေ သူတို့ လွယ်လွယ်လေးနဲ့ သူတို့ စားနပ်ရိက္ခာတွေပို့တာတွေ၊ ခဲယမ်းပို့တာတွေ၊ စစ်အင်အားပို့တာတွေလည်း ဖြစ်နိုင်ပါတယ်။ မိုးတွင်းအတွက်ပေါ့၊ အဲဒါလည်း ဖြစ်နိုင်တယ်၊ အခုနပြောသလို ကချင်ပြည်နယ်မှာ သူတို့စစ်ဆင်ရေးတွေ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်နိုင်တာပေါ့”လို့ ပြောပါတယ်။
အဲဒီယာဉ်တန်းဟာ လမ်းတလျှောက်မှာရှိတဲ့ အင်းတော်၊ ကသာနဲ့ မိုးညှင်းမြို့နယ်တွေထဲ ဖြတ်သန်းချိန်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကိုခံခဲ့ရပြီး အထူးသဖြင့် စီပိန်း၊ မော်ဟန်နဲ့ မော်ဟဲကြားနေရာတွေမှာ အဓိက တိုက်ပွဲပြင်းထန်ခဲ့တဲ့အကြောင်း သိရပါတယ်။
စစ်အာဏာရှင်ဘက်ကလည်း ဗျူဟာသစ်အဖြစ် လမ်းတလျှောက်မှာ ဒရုန်းတွေကို အသုံးပြုပြီး အကာအကွယ်ယူခဲ့တဲ့အကြောင်း ဒေသခံမြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒေသခံမြေပြင်သတင်းရင်းမြစ်တယောက်က “တကယ်တမ်း တော်လှန်ရေးအဖွဲ့တွေ ကြားဖြတ် ဝင်ရောက် တိုက်ခိုက်တဲ့အချိန်မှာတွေက မသင်္ကာစရာတွေ အများကြီး တွေ့တယ်လေ၊ ကျောင်းသုံးစာအုပ်တွေ ပါကောင်း ပါနိုင်ပါတယ်။ ဒါပေမဲ့ စစ်လက်နက်ခဲယမ်းတွေနဲ့ လူအင်အားတွေ အများကြီး ပါလာတာ။ ပထမတခေါက်တုန်းကနဲ့ မတူဘူး၊ ဒီတခေါက်က လူအင်အားတွေပါ ပါလာတယ်။ ဒီယာဉ်တန်းတလျှောက်ကို ဒရုန်းတွေနဲ့ တောက်လျှောက် ပျံပြီးမှ လိုက်လာတာ။ ကားပေါ်ကနေမှ ဒရုန်းမောင်းပြီး လိုက်လာတာပေါ့ တော်လှန်ရေးဘက်က ကြားဖြတ်တိုက်ခိုက်တဲ့ အချိန်မှာလည်း ဒီကောင်တွေက တိုက်ခိုက်တဲ့ ဘယ်ဘက်ကလဲဆိုပြီး ဒရုန်းနဲ့စောင့်ကြည့်ပြီး ဒရုန်းနဲ့လိုက်ပစ်တာ သူတို့ကအဲလိုမျိုး။ တော်လှန်ရေးအဖွဲ့နဲ့တောင် ထိတွေ့တိုက်ပွဲ ဒီကြားထဲမှာ တော်တော်လေး ဖြစ်လိုက်တာကိုး”လို့ ပြောပါတယ်။
လက်ရှိမှာတော့ မပခ ဆီ ရောက်ရှိလာတဲ့ တပ်အင်အားတွေဟာ ဝိုင်းမော်၊ ဖားကန့်နဲ့ ဆွမ်ပရာဘွမ်ဘက်တွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တဲ့အကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်နေပါတယ်။
တဖက်မှာလည်း စစ်တပ်ဟာ အခုသီတင်းပတ်တွေထဲ ဝိုင်းမော် ခလရ ၅၈ ဘက်ကို တပ်အင်အားတွေ တိုးချထားပြီး ဒရုန်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ပြုလုပ်လာပါတယ်။
အခုယာဉ်တန်းဟာ ၂၀၂၆ ခုနှစ်အတွင်း မြစ်ကြီးနားကို ရောက်လာတဲ့ ဒုတိယမြောက်ယာဉ်တန်း ဖြစ်ပါတယ်။
ပထမအကြိမ် မေလ ဒုတိယပတ်တုန်းကတော့ ကားအစီးရေ ၃၀၀ ကျော်နဲ့ Non-CDM ဝန်ထမ်းတွေ၊ သံချပ်ကာတင့်ကားတွေ၊ လေယာဉ်ဆီနဲ့ ခဲယမ်းတွေ တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။