
ရန်ကုန်ရှိ NLD ပါတီရုံးချုပ် ဆိုင်းဘုတ်နှင့်အလံ “မင်းအောင်လှိုင်၏ နောက်လိုက်များ ခိုးတာ” ဟု NLD မှ ဦးဘိုဘိုဦးပြော - BUR.MIZZIMA.COM
AI Summary
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်တွင် တပ်ဆင်ထားသော ပါတီဆိုင်းဘုတ်နှင့် အလံများ အဖြုတ်ခံထားရကြောင်း သိရှိရသည်။ အဆိုပါလုပ်ရပ်သည် စစ်အုပ်စု၏ ခြောက်ခြားမှုကြောင့် ပြုလုပ်ခြင်းဖြစ်ကြောင်း NLD ပါတီတာဝန်ရှိသူများက ပြောဆိုသည်။ ဤဖြစ်စဉ်ကြောင့် ပါတီ၏ သင်္ကေတများ ပျောက်ဆုံးသွားခဲ့ပြီး အာဏာသိမ်းကာလအတွင်း NLD ပါတီရုံးများ အကြိမ်ကြိမ် ပစ်မှတ်ထား ဖျက်ဆီးခံနေရသည့် အခြေအနေကို ထင်ဟပ်နေသည်။ စစ်အုပ်စုသည် နိုင်ငံရေးပါတီများကို ဖျက်သိမ်းခြင်းနှင့် ရုံးများကို ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ လက်ရှိတွင် အဆိုပါဆိုင်းဘုတ်နှင့် အလံများမှာ ရုံးချုပ်နေရာမှ ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြေအနေမှာ တင်းမာလျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"ခွပ်ဒေါင်းကြယ်ဖြူရယ် အနီရောင်အလံရယ် မြင်လို့ရှိရင်ကို သူတို့တွေ (စစ်အုပ်စု) ခြောက်ခြားနေလို့ပါဗျာ"
ဓါတ်ပုံ – ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးချုပ်ရှိ ဆိုင်းဘုတ်နှင့် အလံ အဖြုတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ (ဒေသခံ)
001
မဇ္ဈိမ။ ။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရုံးချုပ်ရှိ ဆိုင်းဘုတ်နှင့် အလံ အဖြုတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး NLD စမ်းချောင်းမြို့နယ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုဦးကမူ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က စစ်အုပ်စုခေါင်းဆောင် “မင်းအောင်လှိုင်၏ နောက်လိုက်များ ခိုးတာ” ဟု ယနေ့ (ဇွန် ၁၄)တွင် မဇ္ဈိမကို ပြောသည်။
“လွန်ခဲ့တဲ့ နှစ်ရက်ကပါ။ မနေ့က သတင်းတွေမှာ ပါလာတာကို တွေ့ပါတယ်။ အခိုးခံရတာပါခင်ဗျ။ အဖြုတ်ခံရတာ မဟုတ်ပါဘူး။ ခွပ်ဒေါင်းကြယ်ဖြူရယ် အနီရောင်အလံရယ် မြင်လို့ရှိရင်ကို သူတို့တွေ (စစ်အုပ်စု) ခြောက်ခြားနေလို့ပါဗျာ” ဟု ဆိုသည်။
မဇ္ဈိမက ရရှိထားသည့် ဓာတ်ပုံအချို့တွင်လည်း ပါတီရုံးချုပ်ရှိ ဆိုင်းဘုတ်နှင့် အလံများ အဖြုတ်ခံထားရသည်ကို တွေ့ရပြီး မည်သူများက ပြုလုပ်သွားခြင်းဖြစ်ကြောင်း သီးခြားအတည်မပြုနိုင်သေးပေ။
သို့သော် DVB နှင့် People’s Spring တို့၏ သတင်းများတွင်လည်း အဆိုပါ ဆိုင်းဘုတ်နှင့် ပါတီအလံကို စစ်အုပ်စုဘက်က ဖြုတ်ချသွားခြင်းဖြစ်ကြောင်း ဒေသခံများကို ကိုးကားပြီး ဖော်ပြထားသည်။
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုသည် NLD ပါတီဝင်များနှင့် အဖွဲ့ချုပ်ရုံးများကို အဓိက ပစ်မှတ်ထားချေမှုန်းရန် ရည်ရွယ်ချက်ရှိသည့်အတွက် NLD အဖွဲ့ချုပ်ရုံးများကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ ရန်ကုန်ရှိ အဖွဲ့ချုပ်ဗဟိုရုံးကို သုံးကြိမ်၊ တိုင်းနှင့် ပြည်နယ်ရှိ ရုံးများကို ၁၅ ကြိမ်၊ ခရိုင်ရုံးများကို ခြောက်ကြိမ်၊ မြို့နယ်ရုံးများကို ၁၁၅ ကြိမ်နှင့် ရပ်ကျေးရုံးများကို ၂၈ ကြိမ် ဖျက်ဆီးမှုရှိခဲ့ကြောင်း NLD ပါတီ၏ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT)က ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်များကို ဖမ်းဆီးချုပ်နှောင်ထားသည့် စစ်အုပ်စုက ၎င်းတို့ထံ မှတ်ပုံပြန်မတင်ခဲ့သည့် NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ၂၀၂၃ ခုနှစ်တွင် ကြေညာခဲ့သည်။
စာတည်း – သန့်ဇော်(သန်လျင်)