
AI Summary
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာကလေးငယ်များကို ခေါ်ယူ၍ ပန်းရောင်းခိုင်း၊ တောင်းရမ်းခိုင်းစေကာ သတ်မှတ်ဝင်ငွေမရပါက ရက်စက်စွာ ရိုက်နှက်နှိပ်စက်လေ့ရှိသည့် မြန်မာနိုင်ငံသား ၃ ဦးပါ လူကုန်ကူးဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့က မေလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ အဆိုပါဂိုဏ်းသည် မြန်မာနိုင်ငံမှ ကလေးငယ်များကို တရားမဝင် ခေါ်ဆောင်လာပြီး ညဘက်တွင် ပန်းနှင့်သကြားလုံးများ ရောင်းချခိုင်းကာ ဝင်ငွေမရရှိပါက အစာငတ်ထားခြင်း၊ ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ရိုက်နှက်ခံရ၍ လက်ကျိုးသည့် သတင်းအရ စုံစမ်းရာမှ ဤလူကုန်ကူးမှုဂိုဏ်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးစဉ် အိမ်တွင်းပိတ်လှောင်ခံထားရသည့် ကလေးငယ် ၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အားလုံး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ရှိခဲ့သည်။ လက်ရှိတွင် တရားခံ ၃ ဦးကို လူကုန်ကူးမှုနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေများဖြင့် အမှုဖွင့်ထားကာ၊ ကယ်တင်ရရှိခဲ့သည့် ကလေးငယ်များကို ယာယီစောင့်ရှောက်ထားပြီး ပြန်လည်ကုစားရေး ဆောင်ရွက်လျက်ရှိသည်။
မောင်နေ့သစ်၊ မေလ၊၂၇၊၂၀၂ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်မြန်မာနိုင်ငံမှ ကလေးငယ်များကို ခေါ်ယူပြီး ညဘက်တွင် ပန်းများ လိုက်လံရောင်းချခိုင်း၍ တောင်းရမ်းခိုင်းစေကာ၊ သတ်မှတ်ဝင်ငွေ မရရှိပါက ရက် ရက်စက်စက် ရိုက်နှက်နှိပ်စက်လေ့ရှိသည့် မြန်မာနိုင်ငံသား ၃ ဦးပါ ဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ယနေ့ မေလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးအားဖမ်းဆီးရမိပြီး အိမ်တွင်း၌ ပိတ်လှောင်ခံထားရသည့် ကလေးငယ် ၆ ဦးကိုပါ ထိုင်းရဲတပ်ဖွဲ့ကကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့် ရှောက်ရေး ရဲတပ်ဖွဲ့ခွဲနှင့် ခလောင်တန်နယ်မြေ ရဲစခန်းတို့ ပူးပေါင်းပြီး ဘန်ကောက်မြို့၊ ဆွန်လွမ်ခရိုင်ရှိ အဆောင်တစ်ခု၏ အခန်းအမှတ် (၅၃) ကို ဝင်ရောက်စီးနင်းကာ မဆိုဆို၊ မနီနီဝင်း နှင့် ကိုဦးဆန်း ဆိုသူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အသက် ၆နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး ရိုက်နှက်ခံရသဖြင့် လက်ကျိုးနေကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိသဖြင့် သွားရောက်ကူညီရာမှတစ်ဆင့် ဤလူကုန်ကူးမှုဂိုဏ်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စုံစမ်းစစ်ဆေးချက်များအရ တရားခံများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စု ဒေသများမှ ကလေးငယ်များကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခေါ်ဆောင်လာပြီးနောက်၊ နေ့စဉ် ညနေ ၃:၀၀ နာရီမှ နံနက် ၃:၀၀ နာရီအထိ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးဆိုင်များတွင် ပန်းနှင့် သကြားလုံးများ လိုက်လံရောင်းချခိုင်းခဲ့သည်။
ကလေးငယ်များအနေဖြင့် သတ်မှတ်ထားသည့် ဝင်ငွေမရရှိပါက အစာငတ်ထားခြင်းနှင့် ခန္ဓာကိုယ်ကို အပြင်းအထန် ရိုက်နှက်နှိပ်စက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်းတို့ တည်းခိုရာ အခန်းအတွင်း ဝင်ရောက်ရှာဖွေရာတွင် ခေါင်းပုံဖြတ် တောင်းရမ်း ခိုင်းစေရန် ဖမ်းဆီးပိတ်လှောင်ထားသည့် အခြားကလေးငယ် ၅ ဦးကိုလည်း ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ကလေးငယ် ၆ ဦးကို ဘေးကင်းရာသို့ ကယ်ထုတ်နိုင်ခဲ့သည်။ လက်ရှိတွင် ပြစ်မှုဆိုင်ရာတရားရုံး၏ ဖမ်းဝရမ်းများဖြင့် ဖမ်းဆီးထားသော တရားခံ ၃ ဦးကို လူကုန်ကူးမှု တား ဆီးကာကွယ်ရေး ဥပဒေ (၂၀၀၈)၊ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ (၂၀၀၃) နှင့်တောင်း ရမ်းခြင်း ထိန်းချုပ်ရေး ဥပဒေတို့ဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ်ထားရှိသည်။ ကယ်တင်ရရှိခဲ့သည့် ကလေးငယ်များအားလုံးကို မခင်နှင့်ကလေးစောင့်ရှောက်ရေး ရဲတပ်ဖွဲ့ခွဲတွင် ယာယီစောင့် ရှောက်ထားပြီး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားနိုင်ရေးအတွက် သက်ဆိုင်ရာ လူမှုဝန်ထမ်း ဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ ဆက်လက်ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
Photo: Bangkok Post