
မြန်မာနိုင်ငံဆိုင်ရာ ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) နှင့် တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်ရန် ပြင်သစ်အစိုးရ အတည်ပြု
AI Summary
ပြင်သစ်၊ ကုလသမဂ္ဂ IIMM နဲ့ တရားစီရင်ရေး ပူးပေါင်းဖို့ သဘောတူ။ မြန်မာ ရာဇဝတ်မှု၊ ပြစ်ဒဏ်ကင်းလွတ်မှု တိုက်ဖျက်ဖို့ IIMM အရေးကြီး။ IIMM၊ ၂၀၁၁ က မြန်မာ ရာဇဝတ်မှု အထောက်အထား စုဆောင်း။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နဲ့ နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ပြင်သစ်အစိုးရက သဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ သဘောတူစာချုပ်ကိုတော့ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ ရက်ကတည်းက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အဲဒီစာချုပ်အတွက် အတည်ပြုချက်ရယူမဲ့ လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပြီဖြစ်လို့ ပြင်သစ်နိုင်ငံအနေနဲ့ များစွာ ဝမ်းမြောက်မိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ ဆက်တိုက် ဆိုးရွားနေဆဲဖြစ်ပြီး အခု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဟာ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေကို တိုက်ဖျက်ရာမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကပါ ထောက်ခံထားတဲ့ IIMM အဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေကို သက်သေပြနိုင်မဲ့ အထောက်အထားတွေကို စုဆောင်းတာ၊ စိစစ်တာ၊ ထိန်းသိမ်းတာနဲ့ ခွဲခြမ်းစိတ်ဖြာတာတွေကို စနစ်တကျ လုပ်ဆောင်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီယန္တရားဟာ သက်ဆိုင်ရာ ပြည်တွင်း၊ ဒေသတွင်း ဒါမှမဟုတ် နိုင်ငံတကာ တရားရုံးတွေမှာ တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့အညီ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေ စတင်နိုင်အောင်လည်း သက်သေအထောက်အထား ဖိုင်တွဲတွေကို ပြုစု တည်ဆောက်ပေးနေတာပါ။
ဒါကြောင့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တရားစီရင်ရေးကဏ္ဍကိုပါ ဖြည့်ဆည်း ပံ့ပိုးပေးနေတာလို့ ဆိုပါတယ်။
ဇူလိုင် ၁ ရက်နေ့ စတင်အသက်ဝင်မဲ့ ဒီသဘောတူစာချုပ်ဟာ ပြင်သစ်တရားရုံးတွေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကြား နှစ်ဖက် အပြန်အလှန် တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဘောင်တခုကို ချမှတ်ပေးမှာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံတကာတရားမျှတမှုရရှိရေး၊ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရစေရေးနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ယန္တရားတွေကို ကူညီပံ့ပိုးပေးရေးတို့အတွက် ပြင်သစ်နိုင်ငံရဲ့ အမြဲမပြတ်ရှိနေတဲ့ ကတိကဝတ်ကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။