ကားဟောင်းများအပ်နှံပြီး လျှပ်စစ်ကားတင်သွင်းခွင့်ပေးရန် စစ်အုပ်စု စီစဉ်
economy||8 MIN READ

ကားဟောင်းများအပ်နှံပြီး လျှပ်စစ်ကားတင်သွင်းခွင့်ပေးရန် စစ်အုပ်စု စီစဉ်

AI Summary

စစ်အုပ်စုလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သက်တမ်းနှစ် ၂၀ ကျော် ကားအိုကားဟောင်းများအပ်နှံလျှင် လျှပ်စစ်ကားများ အစားထိုးတင်သွင်းခွင့်ပေးမည်ဟု မေလ ၂၈ ရက်တွင် ကြေညာခဲ့သည်။ ယင်းအစီအစဉ်မှာ စက်သုံးဆီချွေတာရန်နှင့် ကားဟောင်းများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု၊ မတော်တဆမှုများကို လျှော့ချရန် ရည်ရွယ်သည်။ ကားဟောင်းအပ်နှံသူများသည် ယာဉ်ဖျက်သိမ်းခွင့်ထောက်ခံချက်ဖြင့် လျှပ်စစ်ကားတင်သွင်းခွင့်ရမည်ဖြစ်ပြီး ဗဟိုဘဏ်က နိုင်ငံခြားငွေကို သင့်တင့်သောစျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။ သို့သော် ကားလုပ်ငန်းရှင်များကမူ ကားဟောင်းအပ်နှံခြင်းသည် ကျပ်သိန်း ၃၀၀ အထက် ကုန်ကျမည်ဖြစ်ပြီး အကျိုးအမြတ်မရှိဟု သုံးသပ်ကာ ကားဈေးကွက်မတည်ငြိမ်ဘဲ အရောင်းအဝယ်အေးသွားနိုင်ကြောင်း စိုးရိမ်နေကြသည်။ ထို့အပြင် အစီအစဉ်အသေးစိတ်နှင့် မဖြစ်မနေဖျက်သိမ်းရမည်လား၊ ပိုင်ရှင်ဆန္ဒအရ အသုံးပြုခွင့်ရှိမည်လားဆိုသည်ကို မသိရသေးဘဲ စောင့်ကြည့်နေဆဲဖြစ်သည်။

သက်တမ်းနှစ် ၂၀ ကျော်ကားများအပါအဝင် ကားအိုကားဟောင်းများအပ်နှံလျှင် လျှစ်စစ်ကားများ အစားထိုးတင်သွင်းခွင့်ပေးမည်ဟု စစ်အုပ်စု လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယမန်နေ့ (မေလ ၂၈ ရက် )တွင် ထုတ်ပြန်ကြေညာသည်။

ကားအိုကားဟောင်းများသည် စက်သုံးဆီပိုသုံးရသဖြင့်  ငွေကုန်ကြေးကျများပြီး မတော်တဆမှုများဖြစ်ပေါ်သလို မီးခိုးငွေ့ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေခြင်းကြောင့် သက်တမ်းနှစ် ၂၀ ကျော်ကားများ၊ ပြင်မရသည့် ကားများနှင့် ပိုင်ရှင်ဆန္ဒအရ အပ်နှံလိုသည့်ကားများကို တန်ဖိုးညီ လျှပ်စစ်ကား တင်သွင်းခွင့်ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကားအပ်နှံပြီးနောက် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်ဖျက်သိမ်းခွင့် ထောက်ခံချက်ဖြင့် သင့်လျော်သော လျှပ်စစ်ကားတင်သွင်းခွင့်ပေးမည်ဟုဆိုသည်။ ကျသင့်သည့် နိုင်ငံခြားငွေကို စစ်အုပ်စု၏ ဗဟိုဘဏ်က သင့်တင့်သောစျေးနှုန်းဖြင့် ရောင်းချပေးမည်ဟု ဆိုသည်။

စက်သုံးဆီချွေတာလိုသည့် စစ်အုပ်စုသည် လောင်စာဆီသုံးကားများအစား လျှပ်စစ်ကားတင်သွင်းမှုကို ဦးစားပေးလာခြင်းကြောင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံသည် ကားဟောင်းများကို သံရည်ကျိုစက်ပို့၍ ဖျက်ဆီးပစ်သည်အထိ ကြွယ်ဝချမ်းသာမှုမရှိဟု ရန်ကုန်မြို့နေ အမည်မဖော်လိုသည့် ကားလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

“EV ကိုများများသွင်းစေချင်တော့ ဒီဟာကို ဇောင်းပေးပြီးတော့ လုပ်တာပေါ့နော်။ ပြောရရင်တော့ နှစ်နှစ်ဆယ်ကျော် ကားဟောင်းတွေကတော့ ယိုးဒယားတို့ မလေးရှားတို့မှာလည်း သုံးနေတာပဲလေ။ ချမ်းသာတဲ့နိုင်ငံတွေတောင်မှ သုံးနေတာ။ တို့ဆီမှာ ဖျက်ဖို့ဆိုတာက သိပ်တော့မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ကားတွေကလိုနေတာ။ ကားတွေလိုတဲ့အတွက်ကြောင့် ကားဈေးတွေက တအားကြီးနေတာ”ဟု သူက ဆိုသည်။

အိုဟောင်းကားများအပ်နှံလျှင် အရည်ကြိုစက်ရုံတွင် ဖျက်ဆီးလိုက်သဖြင့် လက်ရှိအသုံးပြုသည့် ကားအရေအတွက် ကျဆင်းသွားနိုင်ပြီး ဈေးကွက်ထဲတွင် ကားရှားပါး၍ ဈေးတက်လာနိုင်သည်ဟုလည်း သူကဆိုသည်။

သို့ရာတွင် အိုဟောင်းကားများကို မည်သို့သော ကားပိုင်ရှင်များက အပ်နှံမည်ကို ဝေခွဲမရဖြစ်နေသည်ဟု ကားလုပ်ငန်းရှင်များက ဆိုသည်။

အကြောင်းအရင်းမှာ လက်ရှိတွင် ကားဟောင်းများမအပ်ဘဲ လျှပ်စစ်ကားတင်သွင်းခွင့်ရှိသည်။ သို့သော် နိုင်ငံခြားငွေ မချပေးသဖြင့် တင်သွင်းရအခက်အခဲရှိသည်။ ယခုအစီအစဉ်အရ ကားဟောင်းတစ်စီးအပ်လျှင် အနည်းဆုံးကျပ်သိန်း ၃၀၀ အထက်ကုန်ကျပြီး ပြန်လည်ရရှိမည်မှာ လျှပ်စစ်ကားတင်သွင်းခွင့်ပါမစ်သာ ရရှိမည်ဖြစ်သည်။

“ယာဉ်အိုယာဉ်ဟောင်းတစ်စီက ကျပ်သိန်း ၃၀၀ လောက်တော့အနည်းဆုံး ရှိတာပေါ့။ အဲ့ဒါကြီးကို အပ်ပြီးတော့ လျှပ်စစ်ကားသွင်းမယ်ဆိုရင် ဘာအကျိုးကျေးဇူးရှိမလဲ တွက်ဆလို့မရဘူး။ တစ်ခုတော့ ရှိတယ်။ သူတို့ သွင်းခွင့်မပေးတဲ့ အင်မတန်ဈေးကြီးတဲ့ကားတွေ သွင်းမယ်ဆိုရင်တော့ သွင်းခွင့်တော့ လွယ်လွယ်ရတာပေါ့။ ဒီအတိုင်းဆိုရင် ( ယာဉ်အိုမအပ်ဘဲ ဒီအတိုင်းကားသွင်းခြင်း) တအားဈေးကြီးတဲ့ကားတွေ လွယ်လွယ်သွင်းခွင့်မပေးဘူး” ဟု အထက်ပါလုပ်ငန်းရှင်က ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် လွန်ခဲ့သော ၁၅ နှစ်ခန့်တွင် ပထမဆုံးအကြိမ်အဖြစ် ကားဟောင်းများကို သံရည်ကျိုစက်ရုံပို့၍ လူတစ်ဦးချင်းစီ တပတ်ရစ်ကား တင်သွင်းခွင့်ပေးဖူးသည်။ ယခုတစ်ကြိမ်ပြန်လည်အသက်သွင်းလာသော်လည်း အစီအစဉ်အသေးစိတ်ကို မသိရသေးခြင်းကြောင့် ခန့်မှန်းရခက်ခဲနေသေးသည်ဟု ရန်ကုန်မြို့မှ နောက်ထပ်ကားလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

ယခုကြေညာချက်အရ သက်တမ်းနှစ် ၂၀ ကျော်ကားများကို မဖြစ်မနေဖျက်ရမည် သို့မဟုတ် မဖျက်သိမ်းလိုလျှင်လည်း ကားပိုင်ရှင်ဆန္ဒအရ အသုံးပြုခွင့်ရှိမည်ဆိုသည့်အချက်ကို ကားလုပ်ငန်းရှင်များက စောင့်ကြည့်နေသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကားအပ်နှံပြီးနောက် ပြည်တွင်းလျှပ်စစ်ကားဖြန့်ဖြူးသည့် လုပ်ငန်းများမှ ဝယ်ယူရခြင်း၊ လူတစ်ဦးချင်းစီအလိုက် လွတ်လွတ်လပ်လပ်တင်သွင်းခြင်းနည်းလမ်းနှစ်ခုအနက် မည်သည့်ပုံစံကို ခွင့်ပြုမည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

“လက်ရှိအခြေအနေမှာ ဘာမှသွားလုပ်လို့မရသေးဘူး။ ရောင်းမှား ဝယ်မှားတွေဖြစ်ကုန်မှာလည်း စိုးရိမ်ရတယ်။ ဈေးကွက်အရပြောရင် အခုချိန်မှာ သက်ရောက်မှုက ဘာမှမရှိနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။

“ဒါပေမဲ့ ကျွန်တော်ထင်တယ် အရောင်းအဝယ်တော့ တော်တော်အေးနေမယ့် အနေအထားမျိုးရှိတယ်။ ဆက်အေးသွားဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ဂယက်တစ်ခုက မတည်ငြိမ်သေးတဲ့အချိန်မှာ ဘယ်သူမှ အရောင်းအဝယ်လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်းမဝယ်သေးဘူ” ဟု ၎င်းက ဆက်ပြောသည်။

ဖျက်သိမ်းရန်အကျုံးဝင်သည့် သက်တမ်းနှစ် ၂၀ ကျော် ကားဟောင်းများထဲတွင် အရည်သွေးမီသည့် ကားများမှာ ကျပ်သိန်း ၆၀၀ အထိပေါက်ဈေးရှိနေသည်ဟု ၎င်းက ဆိုသည်။ စီးပွားကူးသန်းဌာန၏ ယခုထုတ်ပြန်ချက်အရ အပ်နှံသည့်ကားနှင့် တန်းဖိုးညီမျှသည့် လျှပ်စစ်ကားကို သွင်းခွင့်ပေးမည်ဟု ဆိုသဖြင့် ကားအိုကားဟောင်းဈေးကွက်မှာ ပြိုကျသွားမည့်အခြေအနေမရှိကြောင်း သူက ခန့်မှန်းသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရှားပါးသဖြင့် ကားတင်သွင်းမှုကို အကန့်သတ်ဖြင့်ခွင့်ပြုထားရာ ပြည်တွင်း၌ ကားများရှားပါးကာ ဈေးနှုန်းမြင့်တက်နေသည်။ ကားလိုအပ်ချက်ကြောင့် ကားဟောင်းများ၊ လိုင်စင်မဲ့ကားများကို နယ်မြို့များနှင့် ကျေးလက်ဒေသများတွင် အသုံးပြုမှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

လိုအပ်ချက်အရအသုံးပြုသည့် လိုင်းစင်မဲ့ကားများကို ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက Radio Frequency ID တပ်ဆင်၍ လမ်းပေါ်ထွက်လျှင် စကန်ဖတ်စစ်ဆေး ဖမ်းဆီးရန်စီစဉ်နေသဖြင့် ကားအရေအတွက်မှာ ပိုမိုကျဆင်းလာနိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ကားတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ ၁၂၀ ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့အနက် စစ်အုပ်စုနှင့်ဆက်နွှယ်သည့် ကုမ္ပဏီအများအပြားလည်းပါဝင်သည်။ ကားဟောင်းများအပ်၍ လျှပ်စစ်ကားတင်သွင်းခွင့်ပြုရာတွင် ထိုကုမ္ပဏီများမှ တဆင့်ခံ ဝယ်ယူရမည်ဆိုပါက ထိုကုမ္ပဏီများ အခွင့်ကောင်းတရပ်ဖြစ်နိုင်ကြောင်း တွက်ဆမှုများလည်းရှိနေသည်။

ကမ္ဘာ့ရေနံတင်ပို့မှု၏ ဗဟိုချက်ဖြစ်သော အရှေ့အလယ်ပိုင်းဒေသစစ်ပွဲများကြောင့် ကမ္ဘာ့နိုင်ငံများတွင် လောင်စာဆီဈေးကွက်လှုပ်ခတ်နေသည်။  ပြည်တွင်းလောင်စာဆီသုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှ တင်သွင်းနေရသည့် မြန်မာတွင်လည်း လောင်စာဆီဝယ်ယူတင်သွင်းရာတွင် ရိုက်ခတ်မှုရှိလာနိုင်ကြောင်း စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။

လျှပ်စစ်ကားမဟုတ်သော ပုဂ္ဂလိကပိုင် အိမ်စီးကားနှင့် ဆိုင်ကယ်များကို မတ်လ ၇ ရက်မှစ၍ တစ်ရက်သုံး တစ်ရက်နား မောင်းနှင်ရန် သတ်မှတ်ခဲ့သည်။ ကားနံပါတ်၏ စုံဂဏန်းဖြင့်စသော ယာဉ်များကို စုံရက်များတွင်မောင်းနှင်ရန်နှင့် “မ”နံပါတ်ဖြင့် စသောယာဉ်များကို “မ” ရက်တွင်မောင်းရန် ညွှန်ကြားခဲ့ပြီး မလိုက်နာလျှင် အရေးယူမည်ဟုဆိုသည်။

အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ထိခိုက်လာပြီး ပြည်တွင်း၌ စက်သုံးဆီ ရှားပါးမှုနှင့်အတူ လျှပ်စစ်ကား (EV) ဝယ်လိုအား အဆမတန် မြင့်တက်လာသည်။ လက်ရှိကားဈေးကွက်အတွင်း EV ကားတစ်စီးလျှင် ကျပ်သိန်းထောင်နှင့်ချီ၍ ဈေးနှုန်းထိုးတက်နေကြောင်း ဈေးကွက်စောင့်ကြည့်သူများနှင့် အရောင်းအဝယ်ပြုလုပ်သူများထံမှ စုံစမ်းသိရှိရသည်။

ဆက်စပ်သတင်းများ

AI Curated
ကားဟောင်းများအပ်နှံပြီး လျှပ်စစ်ကားတင်သွင်းခွင့်ပေးရန် စစ်အုပ်စု စီစဉ် | YGN Daily