ရန်ကုန်တွင် စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအပ်ရန် အခက်ကြုံ

ရန်ကုန်တွင် စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအပ်ရန် အခက်ကြုံ

DVB
SourceDVB

Photo: DVB/သန်းဌေး

ရခိုင်ပြည်နယ်အပါဝင် ပဋိပက္ခဒေသတွေကနေ  ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းပြောင်းလက်မှတ် (TC) မရတာကြောင့် ကျောင်းအပ် ဖို့ ခက်ခဲနေကြတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်က ကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို ကျောင်းပြောင်းလက်မှတ် (TC) ကို အဓိကထား တောင်းခံနေပြီး ကျောင်းပြောင်းလက်မှတ်မပါတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လုံးဝလက်မခံဘူးလို့ စစ်ဘေးရှောင်တယောက်က  DVB ကို ပြောပါတယ်။

"ရခိုင်ကနေ စစ်ရှောင်လာတဲ့လူတွေကို ကျောင်းပြောင်းလက်မှတ်တောင်းတယ်။ စစ်ဖြစ်တော့ မြို့နယ်ပညာရေးမှူးရုံးလည်း ဗုံးကြဲတဲ့အထဲ ပါသွားတယ်ပြောတော့ TC မရရင် လက်မခံဘူးလို့ ပြောတယ်။ ကျောင်းသားကတ်ပြတယ်၊ စစ်ဘေးရှောင်ထောက်ပံ့ကြေးစာရွက်ပြတယ် မရဘူး။ ထောက်ခံစာမရရင် လက်မခံဘူးလို့ပြောတယ်။ ဘယ်သူ့ကို အကူအညီတောင်းရမှန်း မသိဘူး။”

တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ အရှေ့ဒဂုံမြို့နယ်တွေမှာလည်း စစ်ဘေးရှောင်တွေကို ကျောင်းပြောင်း လက်မှတ် (TC) အဓိကထား တောင်းနေပြီး TC မပါသူတွေကို ကျောင်းအပ်လက်မခံဘူးလို့ စစ်ကိုင်းကနေ စစ်ဘေးရှောင်လာတဲ့ ကျောင်းသားမိဘ တယောက်ကလည်း DVB ကို ပြောပါတယ်။

"မြောက်ဒဂုံမှာ ကျောင်းပြောင်းလက်မှတ်မပါရင် ကျောင်းအပ်မရလို့ တောင်ဒဂုံကို ပြောင်းပြီ းအပ်တယ်။ တောင်ဒဂုံမှာလည်း လက်မခံဘူး။ စစ်ဖြစ်နေတဲ့ မြို့နယ်က ပညာရေးမှူးကို ဖုန်းဆက်တော့ TC ရဖို့က ၁၄ ရက်၊ ရက် ၂၀ လောက် ကြာမယ်တဲ့။ အပ်မဲ့ ကျောင်းကို နားလည်အောင် ပြောပြပေမဲ့ သွားအပ်တဲ့ကျောင်းက လက်မခံဘူး။ စစ်ဖြစ်တဲ့နေရာက စစ်ရှောင် လာတဲ့သူတိုင်းကို သူပုန်လို့ သတ်မှတ်နေကြလားမသိဘူး" လို့ ပြောပါတယ်။

ဒါပေမဲ့ ရွှေပေါက်ကံမြို့သစ်က ကျောင်းတွေမှာတော့ ကျောင်းပြောင်းလက်မှတ် (TC) ကို အဓိကမထားဘဲ၊ ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေစေဖို့အတွက် မိဘတွေနဲ့ ညှိနှိုင်းပြီး ကျောင်းအပ်လက်ခံပေးနေတယ်လို့ စစ်ဘေးရှောင်ကျောင်းသားမိဘတယောက်က ရှင်းပြပါတယ်။

"ရွှေပေါက်ကံမှာတော့ ကျောင်းပြောင်းလက်မှတ် (TC) မပါရင် ကျောင်းဘက်က ထောက်ခံစာ ယူပေးတယ်။ အရမ်းဝေးတဲ့နယ်ကသူတွေဆိုရင် အဲ့ဒီမှာရှိနေတဲ့သူတွေကို အကူအညီတောင်းပြီး အောင်စာရင်းထွက်တုန်းက ကျောင်းက ကြေညာသင်ပုန်းမှာ ကပ်ထားတဲ့ အောင်စာရင်းစာရွက်ကို ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီး ဒီဘက်ကို ပို့ခိုင်းတယ်။ သူက ပို့လိုက်ရင် မိတ္တူဆွဲပြီး ကျောင်းကို ပေးလိုက်ရင် ရပြီ။ TC ကတော့ ကျောင်းတက်ရင်း ရတဲ့အချိန်ပေး၊ အဲ့လိုမျိုး ညှိနှိုင်းပြီး ဆောင်ရွက်ပေးတာ" လို့ ပြောပါတယ်။

ကျောင်းအပ်ရာသီရောက်တိုင်း အများဆုံး ကြုံတွေ့ရတဲ့ ပြဿနာကတော့ ကျောင်းပြောင်းလက်မှတ် (TC) ကိစ္စဖြစ်ပြီး၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းပြောင်းလက်မှတ် (TC) မပါရင် ကျောင်းအပ် လက်မခံဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားတာကြောင့် ဖြစ်တယ်လို့ ပညာရေး ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

"ဒီနှစ်က တိုင်းကျော်၊ နယ်ကျော်တွေ TC မပါရင် လက်မခံရဘူးလို့ ညွှန်ကြားထားတာ။ တချို့မိဘ တွေ ကျတော့လည်း ကျောင်းဘက်က စာနာမှုနဲ့ လက်ခံလိုက်ရင် ကျောင်းပြောင်းလက်မှတ်ကို တလနဲ့လည်း ယူမပေး၊ နှစ်လနဲ့လည်း ယူမပေးနဲ့၊ တချို့မိဘတွေဆို နှစ်ဆုံးစာမေးပွဲဖြေတဲ့အချိန်ထိ ရောက်တာတောင် ယူမပေးကြဘူး။ အဲ့လိုအချိန်ကျရင် ကျောင်းဘက်က ရှင်းရရော။”

လတ်တလော ရန်ကုန်မှာ ကျောင်းပြောင်းလက်မှတ် (TC) မရလို့ ကျောင်းအပ်ဖို့ အခက်တွေ့နေရတဲ့ စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူ ရာနဲ့ချီရှိနေပြီး အကူအညီမဲ့နေကြတယ်လို့ ကျောင်းသား မိဘတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated