
တွံတေးမြို့အနီးဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်မှု ရန်ကုန်တမြို့လုံး ခံစားလိုက်ရ
AI Summary
ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း၊ တွံတေးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။ ဤငလျင်လှုပ်ခတ်မှုကို ရန်ကုန်တစ်မြို့လုံးရှိ ဒေသခံများ သိသိသာသာ ခံစားသိရှိခဲ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ခဲ့သော်လည်း၊ လက်ရှိ စစ်အုပ်ချုပ်ရေးအဖွဲ့၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ကမူ သတင်းရေးသားချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။ ယင်းအပေါ် ပြည်သူများက ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် မြေကြီးတုန်ခါမှုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပြီး၊ ယခု ဇွန်လအတွင်း မြန်မာနိုင်ငံ၌ အင်အားအနည်းငယ်ရှိ ငလျင်လေးခုအထိ လှုပ်ခတ်ခဲ့ပြီးဖြစ်သည်။
ဓာတ်ပုံ – ရန်ကုန်တိုင်း၊ တွံတေးမြို့အနီးဗဟိုပြု၍ ယနေ့(ဇွန်လ ၁၁)ရက်နေ့ မွန်းလွဲပိုင်းက ငလျင်လှုပ်ခတ်ခဲ့ရာ ရန်ကုန်တမြို့လုံး ခံစားသိရှိလိုက်ရသည်ဟု ဒေသခံများက ပြောသည်။ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တွံတေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကိီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး (၄ )အဆင့်ဖြင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။ (Markus Kostner / World Bank)
ရောင်နီ (ဇွန် ၁၁)
မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ တွံတေးမြို့အနီးဗဟိုပြု၍ ယနေ့(ဇွန်လ ၁၁)ရက်နေ့ မွန်းလွဲပိုင်းက ငလျင်လှုပ်ခတ်ခဲ့ရာ ရန်ကုန်တမြို့လုံး ခံစားသိရှိလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တွံတေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး (၄ )အဆင့်ဖြင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MSLHA)က သတင်းထုတ်ပြန်ထားသည်။
“ တချက်တည်း သိမ့်ခနဲ လှုပ်သွားတာကို ခံစားလိုက်ရတယ်။” ဟု ကြည့်မြင်တိုင်မြို့နယ် ဒေသခံတဦးက ပြောသည်။
လှိုင်သာယာဒေသခံတဦးကလည်း “ ငလျင်လှုပ်တယ်ဆိုပြီး အိမ်က လှမ်းပြောလို့ သိလိုက်တယ်။ ကျွန်တော့ မိတ်ဆွေတချို့လည်း ငလျင်လှုပ်သွားတယ်ဆိုပြီး လာပြောကြတယ်။ ကျွန်တော်က ကားပေါ်ရောက်နေလို့ မသိလိုက်ဘူး” ဟု ဆိုသည်။
အလားတူ ရန်ကုန်ရှိ မြို့နယ်အများစုတွင်လည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားလိုက်ရကြောင်း ဒေသခံများက လူမှုကွန်ရက်ပေါ်တွင် မျှဝေနေကြသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် မြေကြီးတုန်ခါမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ပြောဆိုမှုများရှိနေချိန် ယခုအခါ ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်မှု ကြုံလာရခြင်း ဖြစ်သည်။
ယနေ့ ငလျင်လှုပ်ခတ်မှုအခြေအနေကို အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ မိုးဇလဌာနက ယခုသတင်းရေးသားချိန်အထိ သတင်းထုတ်ပြန်မှု မရှိသေးသည့်အပေါ် ပြည်သူများက ဝေဖန်နေကြသည်။
“ ငလျင်တိုင်းတဲ့စက် ပျက်နေတယ်ထင်ပါတယ်။ မိုးရွာမယ့် သတင်းတွေပဲ တင်နေပါတယ်” ဟု ရန်ကုန်ဒေသခံတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ယခု ဇွန်လအတွင်း ငလျင်လှုပ်ခတ်မှု ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး ဇွန်လ ၁၁ ရက်နေ့အထိ အင်အားအနည်းငယ်ရှိ မြေငလျင် လေးခု လှုပ်ခတ်ထားသည်။
စာတည်း – သန့်ဇော်(သန်လျင်)