ကလေးမြို့တွင် စစ်အုပ်စု ပေါ်တာဆွဲမှု အရှိန်မြှင့်လာပြီး နေရာအနှံ့အပြား ဖမ်းဆီးနေဟု KPSSC ပြော - BUR.MIZZIMA.COM
politics||4 MIN READ

ကလေးမြို့တွင် စစ်အုပ်စု ပေါ်တာဆွဲမှု အရှိန်မြှင့်လာပြီး နေရာအနှံ့အပြား ဖမ်းဆီးနေဟု KPSSC ပြော - BUR.MIZZIMA.COM

AI Summary

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများကို နေရာအနှံ့အပြား၌ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ (KPSSC) က ပြောသည်။ စစ်အုပ်စုသည် တစ်ဦးတည်းသွားလာသူများနှင့် လူငယ်လူရွယ်များကို တွေ့သည့်နေရာတွင် စစ်ဆေးဖမ်းဆီးကာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေကြောင်း KPSSC အဖွဲ့ဝင် ဦးမောင်မောင်လေးက ဆိုသည်။ ယခင်က ၎င်းတို့စိုးမိုးရာ ရပ်ကွက်များတွင်သာ လူဖြည့်ခဲ့သော်လည်း ယခုအခါ မြို့ပေါ်နေရာအနှံ့အပြားတွင် ဖမ်းဆီးမှုများ ပြုလုပ်လာသည်။ စစ်အုပ်စုသည် လူအင်အားပြတ်လပ်မှုကြောင့် ပြည်သူများကို သားကောင်အဖြစ် မင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်နေခြင်းဖြစ်ကြောင်း KPSSC က သုံးသပ်သည်။ ဖမ်းဆီးခံရသူများကို တိုင်းဗဟို (၁၀) လေ့ကျင့်ရေးဘက်သို့ ပို့ဆောင်ပြီးနောက် အခြားလေ့ကျင့်ရေးကျောင်းများသို့ ဖြန့်ခွဲပို့ဆောင်လျက်ရှိသည်။ KPSSC က ပြည်သူများအနေဖြင့် စစ်အုပ်စု၏ လူအင်အားဖြည့်တင်းမှုတွင် သားကောင်မဖြစ်စေရန် အချင်းချင်း ဝိုင်းဝန်းကူညီပြီး မျက်စိဖွင့်နားဖွင့်နေရန် တိုက်တွန်းထားသည်။ ထို့ပြင် အဓိကလမ်းမကြီးများနှင့် လူစည်ကားရာနေရာများကို ရှောင်ရှားရန်၊ တစ်ဦးတည်းသွားလာခြင်းကို ရှောင်ရန် စသည့် သတိပေးချက်များကိုလည်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – စစ်အုပ်စုအတွက် စစ်မှုထမ်း စုဆောင်းခံရသူအချို့အား တွေ့ရစဉ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့အနှံ့အပြားတွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာသည့်အတွက် ပြည်သူများအချင်းချင်း ဖေးမပြီး ကျော်ဖြတ်ရန် ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ (KPSSC)ကပြောသည်။ (MOI)

001 (ဇွန် – ၇)

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး နေရာအနှံ့အပြားတွင် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လာနေကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ (KPSSC) က ပြောသည်။

လက်ရှိတွင် စစ်အုပ်စုသည် တယောက်တည်းသွားလာသူများ၊ အရွယ်ကောင်း လူငယ်လူရွယ်များကို တွေ့သည့်နေရာတွင် စစ်ဆေးမေးမြန်းပြီး အကြောင်းမဟုတ် အကြောင်းရှာ ဖမ်းဆီးကာ ထိုဖမ်းဆီးမှု၏ နောက်ဆက်တွဲအဖြစ် စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်မှုဖြစ်စဉ်များ တွေ့နေရကြောင်း KPSSC အဖွဲ့ဝင် ဦးမောင်မောင်လေးက ယနေ့(ဇွန်လ ၇ ရက်)တွင် မဇ္ဈိမကို ပြောသည်။

စစ်အုပ်စုသည် ယခင်က ကလေးမြို့တွင် ၎င်းတို့ စိုးမိုးသည့်ရပ်ကွက်များ၊ အသိုင်းအဝိုင်းများတွင်သာ စစ်မှုထမ်းအပတ်စဉ်တိုင်းအတွက် လူဖြည့်ခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်တော့ဘဲ ကလေးမြို့၏ မြို့ပေါ်နေရာအနှံအပြားတွင် ဆောင်ရွက်လာကြောင်း သိရသည်။

“ကျွန်တော်တို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့‌မြေပြင်သတင်းပေးပို့ချက်တွေ မြေပြင် အချက်အလက်တွေ စုဆောင်းချက်အရ ကလေးမြို့ရဲ့ နေရာအနှံ့အပြားမှာ အချိန်နဲ့အမျှ တချို့နေရာတွေဆို အချိန်ပြည့် အသွင်ယူပြီးစောင့်ဆိုင်းတာပဲဖြစ်ဖြစ်၊ ဒီအဖွဲ့အစည်း သူတို့ရဲ့ ကားတွေနဲ့ပေါ့ဗျာ၊ အင်အားအပြည့်နဲ့စောင့်ပြီးတော့ ဖမ်းဆီးတာမျိုးတွေ သုံးလလောက်ကို တော်တော်လေး အဖမ်းဆီး အစစ်ဆေးတွေပြုလုပ်နေပါတယ်” ဟု ပြောသည်။

ကလေးမြို့မှ စစ်မှုထမ်းစုဆောင်းခံရသူများကို စစ်အုပ်စုသည် တိုင်းဗဟို (၁၀) လေ့ကျင့်ရေးဘက်သို့ ပို့ဆောင်ပြီး ထိုမှတဆင့် နိုင်ငံအတွင်းရှိ အခြားလေ့ကျင့်ရေးကျောင်းများသို့ ဖြန့်ခွဲပို့ဆောင်ကြောင်း သိရသည်။

လက်ရှိတွင် စစ်အုပ်စုအနေဖြင့် ၎င်းတို့အတွက် အပြုန်းတီးဆုံးဖြစ်နေသည့် လူအင်အားအတွက် ပြည်သူများကို သားကောင်အဖြစ် ‘မင်းမဲ့စရိုက်ဆန်စွာ’ ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်အုပ်စုပြုန်းတီးအင်အားတွင် သားကောင်မဖြစ်ရန် အချင်းချင်း ဝိုင်းဝိုင်းဝန်းဝန်းရှိရန်လိုကြောင်း KPSSC က ပြောသည်။

“ပြည်သူတွေအနေနဲ့ လုံးဝမျက်စိပိတ်နားပိတ် မနေဘဲ မျက်စိဖွင့်နားဖွင့်ပြီးတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ဒီအခက်အခဲဆုံး အကျပ်အတည်းဆုံးကာလမှာ အတူဖေးမကူညီကြရင်းနဲ့ ကျော်ဖြတ်ကြဖို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်” ဟုလည်း KPSSC အဖွဲ့ဝင် ဦးမောင်မောင်လေးက ဆိုသည်။

လက်ရှိတွင် KPSSC က စစ်အုပ်စု၏ စစ်မှုထမ်းစုဆောင်းမှု(ပေါ်တာဆွဲ) မှုများမှ ရှောင်ရှားနိုင်ရန်အတွက် သတိပေးချက်ကို ယမန်နေ့(ဇွန်လ ၆ ရက်)တွင် ထုတ်ပြန်ထားပြီး အဆိုပါ သတိပေးချက်တွင် အဓိကလမ်းမကြီးများကို ရှောင်ရန်၊ ဗိုလ်ချုပ်လမ်းမကြီး၊ စံပြလမ်းထောင့်၊ လမ်းဆုံများနှင့် ဟိုတယ်၊ ကားကြီးဝင်း အနီးတဝိုက်သွားလာခြင်းများကို ရှောင်ရန်၊ လူစည်ကားချိန်များတွင် သတိထားရန်၊ တဦးတည်းသွားလာခြင်းကိုရှောင်ရန်နှင့် မြေပြင်သတင်းများကို မျက်ခြေမပြတ်နားစွင့်ရန် စသည့်အချက်များကိုလည်း အသိပေးထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
ကလေးမြို့တွင် စစ်အုပ်စု ပေါ်တာဆွဲမှု အရှိန်မြှင့်လာပြီး နေရာအနှံ့အပြား ဖမ်းဆီးနေဟု KPSSC ပြော - BUR.MIZZIMA.COM | YGN Daily