
မြဝတီတွင် ဆီသိုလှောင်ထားသည့် အိမ် မီးလောင်ပြီး ကလေးငယ် ၂ ဦးသေဆုံး
AI Summary
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇွန်လ ၁၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်တွင်းအိပ်ပျော်နေသည့် ကလေးငယ်နှစ်ဦး သေဆုံးပြီး သက်ကြီးရွယ်အိုတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါမီးလောင်မှုသည် ဂက်စ်အိုးမှတစ်ဆင့် အနီးရှိ ဓာတ်ဆီပုံးသို့ မီးကူးစက်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြဝတီမြို့တွင် ထိုင်းနိုင်ငံဘက်မှ တင်သွင်းလာသော စက်သုံးဆီများကို နေအိမ်များ၌ သိုလှောင်ရောင်းချမှုများရှိနေခြင်းက အန္တရာယ်ကြီးမားသော အခြေအနေကို ဖန်တီးနေသည်။ မီးသတ်တပ်ဖွဲ့ဝင်များက တစ်နာရီခန့်ကြာမြင့်စွာ ငြှိမ်းသတ်ခဲ့ရပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။ အိမ်တွင်း၌ ဆီသိုလှောင်ရောင်းချခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဤမီးလောင်မှုသည် ဒေသခံများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
ထင်ရှားသော ပြောကြားချက်များ
"ဆီပြန်ထုတ်ရောင်းတဲ့ အိမ်လို့ သိရတယ်ဗျ။ မြဝတီမှာ အဲ့ဒီလိုလုပ်တဲ့သူတွေ အများကြီးပဲ။ အန္တရာယ် တော်တော်ကြီးတယ်။ ထိုင်းဘက်ကနေ ဝယ်တယ်။ ဒီဘက်မှာ ပုံးလိုက် ပြန်ရောင်းကြတယ်။ စျေးပိုရတယ်လေ"
YT (ဇွန် ၁၉)
မဇ္ဈိမ။ ။ ကရင်ပြည်နယ် မြဝတီမြို့၌ ဆီသိုလှောင်ထားသည့် နေအိမ်တလုံး မီးလောင်မှုဖြစ်ပွါးပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဇွန်လ ၁၉ ရက်) ညနေ ၃ နာရီ မိနစ် ၂၀ အချိန်က မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ခေါက်မလိလမ်းရှိ နေအိမ်တလုံး မီီးလောင်မှုဖြစ်ပွားပြီး နေအိမ်အတွင်း အိပ်ပျော်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦး၊ အသက် ကိုးလအရွယ် ယောကျ်ားလေးတဦး သေဆုံးခဲ့ကာ အသက် ၇၀ ခန့်အရွယ် အမျိုးသားတဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဂက်စ်အိုးဖြင့် ထမင်းအိုးရာမှ အနီးရှိ ဓါတ်ဆီပုံးသို့ မီးကူးစက်မှုဖြစ်ပွားပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုသည် အချိန်တနာရီကြာ ကြာမြင့်ခဲ့သည်။ ထို့နောက် မြဝတီမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစီး၊ ရေသယ်ယာဉ် လေးစီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
“ ဆီပြန်ထုတ်ရောင်းတဲ့ အိမ်လို့ သိရတယ်ဗျ။ မြဝတီမှာ အဲ့ဒီလိုလုပ်တဲ့သူတွေ အများကြီးပဲ။ အန္တရာယ် တော်တော်ကြီးတယ်။ ထိုင်းဘက်ကနေ ဝယ်တယ်။ ဒီဘက်မှာ ပုံးလိုက် ပြန်ရောင်းကြတယ်။ စျေးပိုရတယ်လေ” ဟု မြဝတီမြို့ခံတဦးက ပြောသည်။
မြဝတီမြို့ပေါ်ရပ်ကွက်တိုင်း၌ ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့ဘက်မှတဆင့် စက်သုံးဆီများဝယ်ယူပြီး နေအိမ်များအတွင်း သိုလှောင်ထားရှိကာ ပြန်လည်ရောင်းချခြင်းကို ပြုလုပ်သည့် နေအိမ်များရှိသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၌ စက်သုံးဆီဆိုင်တွင် ဆီဘောက်ဆာကားအတွင်း ဆီဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားပြီး ဆီဆိုင်ဝန်ထမ်း၊ ဆီလာဖြည့်သူအပါအဝင် သုံးဦးသေဆုံးကာ တဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
စာတည်း – သန့်ဇော်(သန်လျင်)