
AI Summary
မလေးရှားတွင် UFC ချန်ပီယံ ဂျော့ရှုဝါဗန်၊ အဆိုတော် ဖြူဖြူကျော်သိန်း ဖျော်ဖြေပွဲလုပ်။ Chin Refugee Community ၂၅ နှစ်ပြည့် အထိမ်းအမှတ်၊ ပရိသတ် ၃,၀၀၀ ကျော် တက်ရောက်။ အခမဲ့ပွဲ လူများ၊ ခန်းမမဆံ့၊ အချို့ဝင်ခွင့်မရ။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းဖိုက်တာ ဂျော့ရှုဝါဗန်နဲ့ နာမည်ကြီးအဆိုတော် ဖြူဖြူကျော်သိန်းတို့ရဲ့ ဖျော်ဖြေပွဲကို ပရိသတ် ၃,၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ပွဲတက်ရောက်သူတွေက ပြောကြပါတယ်။
ဒီပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်ရှိ ခန်းမတခုမှာ မေ ၂၇ ရက် မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိနဲ့ ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ ၂ ကြိမ်ခွဲပြီး ကျင်းပခဲ့တာလို့ ဆိုပါတယ်။
မလေးရှားနိုင်ငံအခြေစိုက် Chin Refugee Community အဖွဲ့ရဲ့ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဒီဖျော်ဖြေပွဲကို မလေးရှားနိုင်ငံရောက် ချင်းတိုင်းရင်းသားတွေ အပါအဝင် မြန်မာနိုင်ငံသားတွေ အများအပြား လာရောက် အားပေးခဲ့ကြပါတယ်။
ပွဲကိုလာရောက်သူတယောက်က “လူကတော့ ထင်တာထက် အရမ်းကိုများလို့ ပွဲထဲမှာမဆန့်တဲ့ ဗန်ရဲ့ ပရိသတ်တွေရော ဖြူဖြူရဲ့ ပရိသတ်တွေရော အများကြီးရှိတယ်။ ဗန်ကလည်း ကျေနပ်မယ်ထင်တယ်၊ သူကိုယ်တိုင်ကလည်း ပွဲထဲမှာ ဝင်လို့မဆန့်တော့တဲ့ သူ့ရဲ့ ပရိသတ်တွေကိုလည်း ၃ ကြိမ်လား ၄ ကြိမ်လား ဆင်းတွေ့တယ်၊ ဗန်ကလည်း မလေးရှားကနေ USA ရောက်ပြီးနောက်ပိုင်း ပထမအကြိမ်ပေါ့၊ ဖြူဖြူကတော့ ၅ ကြိမ်ဆိုလား ၄ ကြိမ်ဆိုလား ရောက်ပြီးသွားပြီ၊ ဒါပေမဲ့ နိုင်ငံရေးဖြစ်ပြီးနောက်ပိုင်းတော့ ပထမဆုံးပေါ့” လို့ ပြောပါတယ်။
ပွဲတက်ရောက်လာသူတွေကို Chin Refugee Community အဖွဲ့က အသင်းရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီတွေကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာအသိုက်အဝန်းက ပြုလုပ်ခဲ့တဲ့ ပွဲတွေထဲမှာ ဒီပွဲက အခမ်းနားဆုံး ဖြစ်တယ်လို့ ဒီပွဲကို တက်ရောက်ခဲ့သူတွေက ပြောပါတယ်။
ဖျော်ဖြေပွဲကို ဝင်ကြေးအခမဲ့နဲ့ ကျင်းပခဲ့တာဖြစ်ပြီး ပွဲကျင်းပတဲ့ခန်းမက လူဦးရေ ၃,၀၀၀ ကျော်ပဲ ဆန့်တဲ့အတွက် ဝင်ခွင့်မရတဲ့သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
ပွဲလာရောက်တဲ့ အရေအတွက်ဟာ ခန့်မှန်းတာထက် များခဲ့တဲ့အတွက် နေရာအခက်အခဲဖြစ်ပြီး တချို့ပရိသတ်တွေ ခန်းမထဲ ဝင်ခွင့်မရခဲ့တာလို့ ပွဲမှာ ကူညီပေးခဲ့သူတယောက်က ပြောပြပါတယ်။
“ဒီခန်းမက ဟိုးလွန်ခဲ့တဲ့ ၆ လတည်းက ကြိုတင်ပြီး ငှားရမ်းထားတာ၊ အဲဒါ ကျနော်တို့အနေနဲ့ ဂျော့ရှုဝါဗန်ကို လာလိမ့်မယ်လို့ မထင်ထားတဲ့အတွက် CRC အဖွဲ့ဝင်တွေပဲ လာကြမယ်လို့ ကျနော်တို့ တွေးထားတယ်။ ဂျော့ရှုဝါလည်း တော်တော်စိတ်မကောင်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ အခန်းက လုံးဝမဆန့်တော့ သူတို့ လုံးဝဝင်လို့မရတော့ဘူး။ ပွဲကတော့ အရမ်းအဆင်ပြေတယ်၊ အရမ်းစည်ကားတယ်၊ အဆုံးထိ တော်တော် ချောချောမွေ့မွေ့ ပြီးသွားတယ်။”
ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့တဲ့ UFC ချန်ပီယံ ဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မေ ၂၈ ရက် ညနေ မလေးရှားနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။
သီရိ