
AI Summary
ရန်ကုန်မြို့ရှိ Sakura Residence & Hotel တွင် အမေရိကန်သံတမန်တစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းကာ လူသတ်မှုဖြစ်နိုင်ခြေအဖြစ် စုံစမ်းစစ်ဆေးနေကြောင်း AP သတင်းက ဖော်ပြသည်။ လွန်ခဲ့သည့် နှစ်ပတ်ခန့်က သေဆုံးလျက်တွေ့ရှိခဲ့သည့် အဆိုပါ အမေရိကန်အစိုးရဝန်ထမ်း၏ သေဆုံးမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သော်လည်း မိသားစု၏ ပုဂ္ဂလိကလုံခြုံမှုကို လေးစားသောအားဖြင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ ဤဖြစ်စဉ်ကြောင့် သေဆုံးသူ၏ မိသားစု၊ ဖမ်းဆီးခံရသူ ထိုင်းအမျိုးသမီးနှင့် သက်ဆိုင်ရာ သံရုံးများ ထိခိုက်မှုရှိခဲ့သည်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ထိုင်းသံရုံးနှင့် ဟိုတယ်တာဝန်ရှိသူများက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြသည်။ လက်ရှိတွင် ထိုင်းအမျိုးသမီးကို ထိန်းသိမ်းထားဆဲဖြစ်ပြီး အမှု၏ နောက်ဆုံးအခြေအနေကို အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။

ရန်ကုန်မြို့မှာ အမေရိကန်သံတမန်တယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသမီးတယောက်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရန်ကုန်ရှိ သံတမန်အသိုက်အဝန်းကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံရှိ သံတမန်အသိုင်းအဝန်းမှ အမည်မဖော်လိုတဲ့ လူပုဂ္ဂိုလ် ၃ ယောက်ရဲ့ ပြောပြချက်အရ အဆိုပါ အမေရိကန် အမျိုးသားကို လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်က ရန်ကုန်ရှိ Sakura Residence & Hotel မှာ သေဆုံးလျက်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရှိ အမေရိကန်အရာရှိတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့ကို မေးမြန်းခဲ့တာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံမေးမြန်းဖို့ လွှဲပေးခဲ့တယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရန်ကုန်ရှိသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ "အမေရိကန်အစိုးရဝန်ထမ်းတယောက်သေဆုံးမှု" ကို အတည်ပြုခဲ့ပေမဲ့ တခြားအသေးစိတ်အချက် အလက်တွေကိုတော့ ထုတ်ဖော်ပြောတာမရှိဘူးလို့ သတင်းမှာဖော်ပြပါတယ်။
အေပီ သတင်းဌာနရဲ့ မေးမြန်းမှုတွေအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်ကနေ တဆင့် ပြန်လည်ဖြေကြားရာမှာ "သေဆုံးသူရဲ့ မိသားစုနဲ့ အနီးကပ်ဆွေမျိုးသားချင်းတွေရဲ့ ပုဂ္ဂလိက လုံခြုံမှုကို လေးစားတဲ့အနေနဲ့ လောလောဆယ်မှာ အသေးစိတ် အချက်အလက် ထပ်မံထုတ်ပြန်ဖို့ မရှိသေးပါဘူး"လို့ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားတဲ့ ဆာကူရာဟိုတယ်ဟာ အမေရိကန်သံရုံးနဲ့ ၁ မိုင်လောက်ပဲ ဝေးတဲ့နေရာမှာ တည်ပြီး ရေရှည်ငှားရမ်း နေထိုင်နိုင်တဲ့ ဟိုတယ်ဖြစ်လို့ သံတမန်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တခြား နိုင်ငံခြားသားခရီးသွားတွေ ငှားနေကြတဲ့ နေရာဖြစ်ပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဒီမှုကို လူသတ်မှုဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေပြီး ထိုင်းအမျိုးသမီးတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ရန်ကုန်ရှိ ထိုင်းသံရုံးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း သံသယရှိသူ အမျိုးသမီးကို သံတမန်ရေးရာအရ ကူညီစောင့်ရှောက်မှုပေးထားခြင်း ရှိ၊ မရှိ အပါအဝင် တခြား အချက်အလက်တွေကို ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။
ဆာကူရာဟိုတယ် တည်ရှိရာနယ်မြေကို တာဝန်ယူထားတဲ့ ရဲစခန်းမှ တာဝန်ကျအရာရှိကလည်း မှတ်ချက်ပေးဖို့ ဖုန်းလိုင်းချပစ်ပြီး ငြင်းပယ်ခဲ့သလို ဆာကူရာဟိုတယ် မန်နေဂျာကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။
Source: AP