တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ
AI Summary
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရာနယ်မြေရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်နေသည့် တရုတ်အမျိုးသားသုံးဦးသည် ရဲကင်းလှည့်ကားကို အရပ်သားယာဉ်အမှတ်ဖြင့် မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့သည် မြန်မာဘက်ခြမ်းရှိ တရုတ်လုပ်ငန်းများတွင် အလုပ်လုပ်ရန် လှည့်ဖြားခေါ်ဆောင်ခံရပြီး လူကုန်ကူးခံရပြီးနောက် ထွက်ပြေးရန်အတွက် လမ်းခရီးစရိတ်နှင့် ယာဉ်များရရှိရန် လုယက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် ဒေသခံခရီးသွားပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ခဲ့ရပြီး လူကုန်ကူးမှုကွင်းဆက်တစ်ခုလည်း ပေါ်ပေါက်ခဲ့သည်။ ဖမ်းဆီးခံရသူ သုံးဦးစလုံးက ပြစ်မှုများကို ဝန်ခံခဲ့ကြသည်။ လက်ရှိတွင် ၎င်းတို့ကို ထိုင်းဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ထားသည်။ မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် လူကုန်ကူးမှုနှင့် ရာဇဝတ်မှုများ မကြာခဏဖြစ်ပွားနေသဖြင့် ဒေသခံများ သတိပြုသွားလာကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။
ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဖုတ်ဖရာနယ်မြေအတွင်း ကျေးရွာချင်းဆက်လမ်းတခု၌ ဆိုင်ကယ်နှစ်စီးဖြင့် တရုတ်အမျိုးသား ၃ ဦးသည် လမ်းပိတ်ဆို့မှုများပြုလုပ်ကာ ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို ချုံခိုတိုက်ခိုက်လုယက်နေကြောင်း ဒေသခံများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။
ထိုအဖွဲ့သည် လမ်းပေါ်ရှိ အရပ်သားယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်နေစဉ် ဖုတ်ဖရာ ရဲစခန်းမှ ရောက်ရှိလာသည့် ကင်းလှည့်ယာဉ်ကိုလည်း အရပ်သားယာဉ်ဟု ထင်မှတ်ကာ အဖွဲ့လိုက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲအရာရှိများက ချက်ချင်းဝင်ရောက် ဖမ်းဆီးခဲ့ရာ အသက် ၂၈နှစ်အရွယ်ရှိ Yang Luta၊ အသက် ၃၁ နှစ်အရွယ်ရှိ Feng Zhengdao နှင့် အသက် ၃၂ နှစ်အရွယ်ရှိ Hu Pan တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအရ သံသယရှိသူများသည် ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဝန်ခံခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်းတွင် တရုတ်လူမျိုးများ ဦးစီးလုပ်ကိုင်နေသည့် လုပ်ငန်းများတွင် အလုပ်လုပ်ရန် လှည့်ဖြားခေါ်ဆောင်ခြင်းခံခဲ့ရကြောင်းထွက်ဆိုခဲ့သည်။
ထို့နောက် ဖုတ်ဖရာနယ်မြေနှင့် မျက်နှာချင်းဆိုင်ရှိ မြို့သစ်တစ်ခုသို့ လူကုန်ကူးခံခဲ့ရပြီး အဆိုပါနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းစဉ် လမ်းခရီးတွင် အသုံးပြုရန်အတွက် ငွေနှင့် မော်တော်ယာဉ်များ လုယက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ ၃ ဦးနှင့် သိမ်းဆည်းရမိသော ပစ္စည်းများကို ထိုင်းနိုင်ငံဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် ယခုကဲ့သို့ လူကုန်ကူးမှုနှင့် ရာဇဝတ်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများအနေဖြင့် သတိပြု သွားလာကြရန်လည်း အာဏာပိုင်များက တိုက်တွန်းထားသည်။
ကိုးကား – Chiang Mai New
The post တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ appeared first on သျှမ်းသံတော်ဆင့်.