
AI Summary
အာရက္ခတပ်တော် (AA) သည် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းထူထောင်ခြင်း ၅ နှစ်ပြည့်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ ထိုသဝဏ်လွှာတွင် KNDF ၏ ၅ နှစ်တာ ကရင်နီတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ကရင်နီပြည်သူလူထု၊ သူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော်များ၏ ပေးဆပ်မှုများကို လေးနက်စွာ တန်ဖိုးထားကြောင်း ဖော်ပြထားသည်။ KNDF သည် ကရင်နီလူမျိုးများနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရန်၊ အမျိုးသားတန်းတူရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ချရေးအတွက် တက်ကြွရဲရင့်သော လူငယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ၅ နှစ်တာကာလအတွင်း ဖက်ဆစ်တပ်၏ အကြမ်းဖက်မှုမျိုးစုံကို ခံစားခဲ့ရသော်လည်း မဟာမိတ်များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သည်။ ထို့ကြောင့် ကရင်နီဒေသအတွင်း မြို့ကြီး၊ မြို့ငယ်အချို့ကို သိမ်းပိုက်ရရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားဖြင့် လည်ပတ်နိုင်ခဲ့ပြီဖြစ်သည်။ AA က KNDF ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုအတွင်း အမြန်ဆုံး ပြည့်မြောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
နိရဉ္စရာ၊ မေ ၃၁/၂၀၂၆
ကရင်နီတော်လှန်ရေးကာလအတွင်း ပေးဆပ် စွန့်လွှတ်ခဲ့ကြသောသူများကို လေးနက်စွာတန်ဖိုးထားကြောင်းအာရက္ခတပ်တော်(AA) ပြောဆိုလိုက်သည်။
မေလ၃၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (Karenni Nationalities Defense Force - KNDF) ဖွဲ့စည်းထူထောင်ခြင်း (၅) နှစ်ပြည့်နေ့အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။
“ KNDF ၏ ငါးနှစ်တာ ကရင်နီတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး ဘဝများစွာ ပေးဆပ် စွန့်လွှတ်ခဲ့ကြရသော ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော်များ၏ ပေးဆပ်မှု တိုင်းကို မိမိတို့မှ လေးနက်စွာ တန်ဖိုးထား အသိအမှတ်ပြုအပ်ပါသည်” ဟု ဖော်ပြထားသည်။
လက်ရှိအချိန်အထိ တော်လှန်နေကြသော အဖွဲ့အစည်းများထဲတွင် တက်ကြွပြီး ရဲရင့်သောလူငယ် များနှင့် စုဖွဲ့၍ ဖွဲ့စည်းထူထောင်ခဲ့ကြသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (Karenni Nationalities Defense Force - KNDF) သည် ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့ဆိုလျှင် ဖွဲ့စည်းထူထောင်ခြင်း ငါးနှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ငါးနှစ်တာကာလအတွင်း တော်လှန်ရေး၏ ဆူကြုံနိမ့်မြင့်လောကဓံအတက်အကျ၊ ဆင်းရဲဒုက္ခမျိုးစုံတို့ကို ကရင်နီပြည်သူလူထုတစ်ရပ်လုံးသည် စစ်အာဏာရှင်စနစ်ကို မလိုလားသော မြန်မာပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူ နေရာဒေသမတူသော်လည်း ဖက်ဆစ်တပ်၏ အကြမ်းဖက်မှုမျိုးစုံကို တူညီစွာ ခံစားခဲ့ ကြရပြီးဖြစ်ကြောင်းစသဖြင့် ဖော်ပြသည်။
ကရင်နီလူမျိုးများနှင့် ၎င်းတို့၏ဒေသအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးနှင့် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ချနိုင်ရေး တို့အတွက် ကရင်နီလူမျိုးများဖြင့် စုဖွဲ့ထားသော ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) သည် ငါးနှစ်တာကာလအတွင်း ကရင်နီဒေသ၊ ရှမ်းမြောက် အပါအဝင် နေရာအချို့တို့တွင် မိတ်ဖက်အဖွဲ့အစည်း၊ မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ပြီး ကရင်နီဒေသအတွင်းမှ မြို့ကြီး၊ မြို့ငယ်အချို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားဖြင့် လည်ပတ်နိုင်ခဲ့ပြီဖြစ်ကြောင်းဆက်လက် ဖော်ပြထားသည်။
KNDF ၏ ငါးနှစ်တာ ကရင်နီတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး ဘဝများစွာ ပေးဆပ် စွန့်လွှတ်ခဲ့ကြရသော ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော်များ၏ ပေးဆပ်မှု တိုင်းကို မိမိတို့မှ လေးနက်စွာ တန်ဖိုးထား အသိအမှတ်ပြုအပ်ပါသည်ဟုဆိုသည်။
ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့် KNDF မှ မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုတိုအတွင်း အမြန်ဆုံး ပြည့်မြောက်နိုင် ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း KNDF ဖွဲ့စည်းထူထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားသို့ ULA/AA မှ ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်ဟုဖော်ပြထားသည်။
