စခန်းသိမ်းတိုက်ပွဲ ဆက်လာဦးမည်ဟု မကွေးဒေသ ကာကွယ်ရေးအဖွဲ့များ ပြော
politics||5 MIN READ

စခန်းသိမ်းတိုက်ပွဲ ဆက်လာဦးမည်ဟု မကွေးဒေသ ကာကွယ်ရေးအဖွဲ့များ ပြော

DVB
SourceDVB

AI Summary

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ကုက္ကိုစုပျူရွာနှင့် ရေပြာရဲစခန်းတို့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဇွန်လ ၄ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ ဤစစ်ဆင်ရေးသည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ စစ်ရေးအရှိန်မြှင့်တင်ရန်နှင့် စစ်တပ်၏ခြေလှမ်းများကို တုံ့ပြန်ရန် ပူးပေါင်းပါဝင်ရေး ဖိတ်ခေါ်မှုအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ ခေါင်းဆောင်တစ်ဦးအပါအဝင် ၅ ဦး ကျဆုံးခဲ့ရသော်လည်း၊ ပျူစောထီးအင်အား ရာနှင့်ချီရှိသော ကုက္ကိုစုပျူရွာမှ ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ပျူစောထီးများ ဖမ်းဆီးထားသည့် ပြည်သူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးကုသမှုနှင့် ထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ကျင့်ဝတ်များနှင့်အညီ လူသားချင်းစာနာထောက်ထားမှုများ ပေးထားကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်သည်။ ဒေသကာကွယ်ရေးအဖွဲ့များက လက်ရှိစည်းလုံးမှုကို ထိန်းသိမ်းပြီး ရှေ့ဆက်စခန်းသိမ်းအစီအစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဟု သတင်းစကားပေးထားသည်။

Photo: အညာမြေတပ်ပေါင်းစု

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က ကုက္ကိုစုပျူရွာနဲ့ ရေပြာရဲစခန်းကို သိမ်းယူပြီးနောက် လက်ရှိစည်းလုံးမှုကိုထိန်းပြီး ရှေ့ဆက်စခန်းသိမ်းအစီအစဉ်တွေ ရှိလာဦးမယ်လို့ မကွေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပေါက်မြို့နယ်ထဲက ပေါက်ကိုယ်တော် အရိယာဝံသရဲ့ အားအထားရဆုံး ကုက္ကိုစုပျူရွာကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇွန် ၄ ရက်နေ့မှာ သိမ်းယူခဲ့တာပါ။

ကုက္ကိုစုပျူရွာနဲ့အတူ ပေါက်နယ်၊ ရေပြာရဲစခန်းကိုပါ ဒေသကာကွယ်ရေးအဖွဲ့တွေက အချိန် ၃ ရက်အတွင်း သိမ်းယူထားတာဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က ဒေသကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ၁ ယောက်အပါအဝင် ၅ ယောက်ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အတည်ပြုပါတယ်။

လက်ရှိ စည်းလုံးမှုကိုထိန်းပြီး ရှေ့ဆက်စခန်းသိမ်းအစီအစဉ်တွေ ရှိလာဦးမယ်လို့ မကွေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက သတင်းစကားပေးပါတယ်။

ပေါက်ဒေသခံကာကွယ်ရေးရဲဘော်တယောက်က “အခုအချိန်ဆို ပေါက်ကိုယ်တော်လည်း တော်တော်အထိတ်တလန့်ဖြစ်နေပြီပေါ့၊ ဘယ်လောက် လေကြီးထွားခဲ့ထွားခဲ့ လက်တွေ့လုပ်ပြခဲ့တာ ကိုယ့်ဘက်ကကိုး။ အစောပိုင်းက ကျနော်တို့ PDF ခေါင်းဆောင်တယောက်ကျတယ်။ လေထွားထားတယ်၊ အဲ့ဒါကို ဝမ်းသာနေတာ၊ ပျူရွာကကောင်တွေကို လေးစားတယ်ပေါ့၊ ဂုဏ်ယူတယ်။ နောက်ကျရင် ဂုဏ်ပြုမယ်ပေါ့၊ ဘာညာ လေထွားထားတာ။ နောက် တရက်လောက် နှစ်ရက်လောက်နေတော့ သူ့ပျူရွာ ကျသွားတာပဲ။ ၃ ရက်ကြာတာပေါ့၊ စခန်းကလည်း ၂ ခုကိုး၊ ရေပြာရဲစခန်းနဲ့ ပေါက်ပျူရွာစခန်းပေါ့၊ ၂ ရက်နေ့က စသိမ်းတာလေ ၄ ရက်နေ့မှာ ပြီးတာ။ ရေပြာရဲစခန်း သိမ်းတုန်းကကြတော့ ၁ ယောက် ကျတယ်၊ ပျူရွာမှာသိမ်းတော့ ၄ ယောက်ကျတယ်၊ ၅ ယောက် ပေးဆပ်လိုက်ရတယ်။ သူတို့ဘက်ကတော့ အများကြီးပဲ အရှင်တွေရော၊ အသေတွေရော၊ လက်နက်တွေရော ရတယ်၊ ဒီလိုမျိုး စည်းစည်းလုံးလုံးနဲ့တိုက်တာတွေ ကျနော် သဘောကျတယ်။ နောက်ထပ် အစီအစဉ်တွေမှာလည်း ဒီလိုမျိုး စည်းစည်းလုံးလုံးနဲ့တိုက်တာကို လိုချင်တယ်ပေါ့။ ပြည်သူတွေကလည်း အနောက်ကနေ ပံ့ပိုးမှုကောင်းကောင်းပေးမယ်ဆိုရင်တော့ ထပ်ပြီးတော့ ဒါတွေ လုပ်ဖြစ်မယ်လို့ ခန့်မှန်းပါတယ်” လို့ ပြောပါတယ်။

ပျူစောထီးအင်အားရာနဲ့ချီ ရှိတဲ့ ကုက္ကိုစုပျူရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ချိန်မှာ မြိုင်နယ် စက်မှု ၂ ဘက်ကို လက်နက်တွေနဲ့ ထွက်ပြေးတဲ့ ပျူစောထီး ၇၀ ကျော်ကို ပေါက်နယ် တောတွင်းတနေရာမှာ ဖမ်းဆီးရမိတယ်လို့ ဇွန် ၆ ရက်မှာ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

ကုက္ကိုစုပျူရွာခေါင်းဆောင်နဲ့ စစ်အာဏာရှင် တပ်ဖွဲ့ဝင် ၆ ယောက် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ကျင့်ဝတ်တွေနဲ့အညီ လိုအပ်တဲ့ လူသားစာနာ အကူအညီတွေ ပေးထားတယ်လို့ ဆိုပါတယ်။

ကုက္ကိုစုပျူရွာနဲ့ အနီးဝန်းကျင်ရွာတွေမှာ ပျူစောထီးတွေ ဖမ်းဆီးထားတဲ့ ပြည်သူတွေကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး လိုအပ်တဲ့ ဆေးကုသမှုနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ထားတယ်လို့ အညာမြေတပ်ပေါင်းစု ရဲဘော်တယောက်က ပြောပါတယ်။

အညာမြေတပ်ပေါင်းစုရဲဘော်တယောက်က “ကုက္ကိုစုပျူရွာထဲမှာ ပြည်သူ့စစ်တွေက ရှုံးမဲမဲပြီး ပြည်သူတွေကို လက်ပြန်ကြိုးတုပ်ပြီး ဒီအတိုင်း ထားခဲ့ပါတယ်။ အဲဒီလူတွေကို ကျနော်တို့ လူသားချင်းစာနာပြီးမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်ပေါ့။ လက်ရှိလည်း ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတယ်၊ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုသမှု ခံယူခွင့်ပေးထားပါတယ်။ လက်ရှိအတိုင်းအတာမှာတော့ CDM ဝင်ထားတဲ့ ဆရာ၊ ဆရာမတွေက အစပေါ့။ ဝိုင်းဝန်းကူညီပြီး ကျနော်တို့ လူသားချင်းစာနာ လုပ်နေတာ ဖြစ်ပါတယ်။ သူတို့ စစ်သုံ့ပန်းတွေ တော်တော်များများလည်း ထွက်ပြေးဖို့ သူတို့ ကြိုးပမ်းနေတာတွေ ရှိပါတယ်။ သူတို့လွတ်မြောက်ဖို့အတွက် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ကိစ္စလေးတွေ တော်တော်များများကိုလည်း စစ်ကောင်စီဘက်က သတင်းတွေကို ထောက်ပြီးကာမှ လေကြောင်းက လာရင် အဲဒီလိုမျိုးတွေအထိ လုပ်ဆောင်ထားတာတွေ ရှိတယ်ဗျ။ စစ်သုံ့ပန်းတွေကို ကျနော်တို့ လူသားချင်းစာနာထောက်ထားပြီးတော့ ဆေးကုသမှု ခံယူခွင့်တွေ ပေးထားပါတယ်။ လူသားချင်းစာနာဝန်ကြီးဌာနကလည်း အကုန်လုံး ဆေးကုသခွင့်တွေနဲ့ စားဝတ်နေရေးတွေ၊ ရိက္ခာတွေ ထောက်ပံ့ပေးထားတာ ရှိပါတယ်ဗျ။”

ချင်းပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြိုင်နယ်က သရက်ကန်ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက မေ ၂၂ ရက်မှာ သိမ်းယူခဲ့ပြီး မကွေးတိုင်းထဲမှာ စစ်ရေးအရှိန်မြှင့်တင်ခဲ့တာပါ။

မကွေးဖက်ဒရယ်ယူနစ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကို စီမံကွပ်ကဲပြီး စစ်တပ်ရဲ့ ခြေလှမ်းတွေကို တုံ့ပြန်နိုင်ရေးအတွက် ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်ကြဖို့ မေ ၂၇ ရက်က ကြေညာချက်ထုတ်ပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဖိတ်ခေါ်ခဲ့ပါတယ်။

ကြားကာလ မကွေးဖက်ဒရယ် ယူနစ်အစိုးရ ကွပ်ကဲမှုမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ပြီးနောက် ကုက္ကိုစုပျူရွာနဲ့ ရေပြာစခန်းသိမ်းတိုက်ပွဲတွေ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စခန်းသိမ်းတိုက်ပွဲ ဆက်လာဦးမည်ဟု မကွေးဒေသ ကာကွယ်ရေးအဖွဲ့များ ပြော | YGN Daily