
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM
AI Summary
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရေးပဋိပက္ခများ၊ တော်လှန်ရေးလှုပ်ရှားမှုများနှင့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များ ဆက်လက်ဖြစ်ပွားနေပါသည်။ ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ စစ်ကောင်စီစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအတွက် ဩစတြေးလျတွင် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညီလာခံတွင်လည်း လွတ်မြောက်ရေး တောင်းဆိုမှုများ ရှိခဲ့သည်။ ချင်းပြည်နယ်တွင် ချင်းပြည်သူ့တပ်မတော် (CPU/CPA) နှင့် မဟာမိတ်များက စစ်ကောင်စီတပ်များကို ပြင်းထန်စွာ တိုက်ခိုက်နေပြီး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။ စစ်ကောင်စီက CRPH, NUG နှင့်ပတ်သက်သည့် သတင်းများ မျှဝေသူများနှင့် မင်းအောင်လှိုင်ကို လှောင်ပြောင်သူများကို ဖမ်းဆီးအရေးယူလျက်ရှိသည်။ ထို့အပြင် ရုရှားကုမ္ပဏီနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံအတွက် MoU လက်မှတ်ရေးထိုးခြင်းနှင့် တောင်ငူခရိုင်ကို အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဆောင်ရွက်နေကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောကြားခဲ့သည်။
အမျိုးသားညီညွတ်ရေး အစိုးရ
-ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ဆွာမကြီး (ဆွာရွာမ) စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တောင်းမြစ်အရှေ့ဘက် ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ဇွန်လ ၆ ရက် တွင် ထုတ်ပြန်သည်။
-မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ရှိ ဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
-ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ကျင်းပသည့် သံတမန်ရေးရာရှင်းလင်းပွဲကို ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်များအပြင် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း SCEF က ထုတ်ပြန်အသိပေးသည်။
-စစ်ကိုင်းဒေသ၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
-စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူမြို့သို့ ရောက်ရှိမည် ကြားသိရ၍ တောင်ငူအခြေစိုက် မဆရ (၃) စစ်ဆေးရုံနှင့် ကေတုမတီလေတပ်အတွင်းရှိ အစည်းအဝေးခန်းမသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယမန်နေ့ (ဇွန်လ ၆ ရက်)က သတင်းထုတ်ပြန်သည်။
-ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Proof of Life Campaign နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဩစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့၌ ဇွန်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
-ဘီလာရုစ်နှင့် မြန်မာ နှစ်နိုင်ငံစလုံးသည် အခြေခံအလုပ်သမား အခွင့် အရေးများကို ပြင်းထန်စွာ ချိုးဖောက်နေမှုများကြောင့် အပြည်ပြည်ဆိုင် ရာ အလုပ်သမားအဖွဲ့ (ILO) ၏ ဥပဒေအပိုဒ် ၃၃ အရ အရေးယူခံနေရသော နိုင်ငံများဖြစ်သဖြင့်၊ နှစ်နိုင်ငံအာဏာပိုင်များ၏ ပူးပေါင်းမှုတိုးမြင့်လာခြင်းအပေါ် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။
-၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုပေးကြပါရန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (CTUM) ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက တိုက်တွန်းပြောဆိုသည်။
-အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခြင်းခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အသက် ၈၁ နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို ယမန်နေ့က သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
-အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်သည့် ထိတွေ့ဆက်ဆံမှုများအားလုံးကို သတိကြီးစွာဖြင့် ချင့်ချိန်ဆောင်ရွက်သင့်ကြောင်း နိုင်ငံတကာအစိုးရများအား အပြည်ပြည်ဆိုင်ရာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က အကြံပြုထုတ်ပြန်ထားသည်။
-လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် စောင့်မျှော်ကြည့်ရှုနိုင်မည့် တော်လှန်အနုပညာရှင်များ၏ “နှစ်ပါးသဘင် ပြည်တော်ဝင်” အထူးဖျော်ဖြေပွဲကြီးကို ဇွန်လ ၆ ရက်နေ့ညက မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
-ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ နဂျက် (အောက်) ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။
-တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်း မြို့ပေါ်ရှိကျောင်းများတွင် ကျောင်းအပ်နှံထားသော ကျောင်းသားမိဘများအနေဖြင့် ကလေးငယ်များ၏ လုံခြုံရေးကို အလေးထားစဉ်းစားကာ မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြရန် လောင်းလုံမြို့နယ်အတွင်းရှိ အဖွဲ့အစည်းများက ပူးတွဲမေတ္တာ ရပ်ခံချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
-စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ထောက်ပို့စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Fighter Brotherhood Guerrilla Army (FBGA) ကထုတ်ပြန်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
-ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ (၅) မူတြော်ခရိုင်အတွင်း တည်ရှိသည့် စစ်အုပ်စုတပ်၏ ဖာပွန်ဗျူဟာနှင့် KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်းတည်ရှိသည့် ဝေါလေဗျူဟာတို့၌ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များ ထံက သိရသည်။
-ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) ထိန်းချုပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်/ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ ကျပ်သိန်းရာချီ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ကောင်းတပ်ကျေးရွာပြန်လည်ထူထောင်ရေး ကော်မတီက ထုတ်ပြန်ထားသည်။
-ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် ချင်းပြည်သူ့တပ်မတော် (CPU/CPA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အာဏာသိမ်းစစ်တပ်နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွား နေပြီး ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က အသိပေးထားသည်။
-ချင်းပြည်နယ်တွင်း စစ်ပုံစံသည် ပြောက်ကျားစနစ်မဟုတ်တော့ဘဲ သမရိုးကျစစ်အသွင်ပြောင်း သွားခဲ့ပြီး တောင်ပိုင်းကို ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်ကို ဗျူဟာကျကျပြန်လည်တုံ့ပြန် တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး/တပ်မတော် (CPU/A) အထွေထွေအတွင်း ရေးမှူး ဆလိုင်းယောမန် ကပြောသည်။
စစ်ကောင်စီ
-CRPH၊ NUG နှင့်ပတ်သက်သည့် post များကို မျှဝေသည့် ပဲခူးမြို့ လိပ်ပြာကန် ရပ်ကွက်တွင် နေထိုင်သော အသက် ၆၈ အရွယ်ရှိ “Daw Kyin Soe” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဒေါ်ကျင်စိုးကိုလည်း ပဲခူးမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းအ မှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း ယနေ့ထုတ် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး သတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြထားသည်။
-အာဏာသိမ်းအရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ မင်းအောင်လှိုင်အကြောင်း ဂုဏ်ပြုသီဆိုထားသည့် သီချင်းကို လှောင်ပြောင်၍ တောင်ကြီးတွင် အမျိုးသမီးတစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅-က)ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူခံထားရကြောင်း သိရသည်။
-ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)ကို ရုရှားနိုင်ငံ Inter RAO ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီတို့အကြား ဇွန် ၅ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
-စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နယ်မြေအခြေအနေ ကောင်းမွန်လာပါက ဘုတလင် ဆေးရုံကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အတုယောင်လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။
-နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးနိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
-တောင်ငူခရိုင်ကို အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်နှင့် ချိတ်ဆက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း အာဏာသိမ်း အရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။