
AI Summary
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မြန်မာနိုင်ငံတွင် တရုတ်၏လွှမ်းမိုးမှု ကြီးမားနေပြီး လက်တွေ့ဖြေရှင်းရာတွင် အခက်အခဲများရှိနေကြောင်း အထက်လွှတ်တော်ကြားနာပွဲတွင် ပြောကြားခဲ့သည်။ အမေရိကန်၏ မူဝါဒများသည် မည်သည့်နိုင်ငံအတွက်မှ ကြားနေမည်မဟုတ်ဘဲ မြန်မာ့ဒီမိုကရေစီအရေးကို အာရုံစိုက်သူ အထက်လွှတ်တော်အမတ် မစ်ချ် မက်ခ်ကော်နယ်၏ မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမတ် မက်ခ်ကော်နယ်က Burma Act ရန်ပုံငွေသုံးစွဲမှု နှောင့်နှေးခြင်းနှင့် စစ်ခေါင်းဆောင်အပေါ် အမေရိကန်၏ မူဝါဒပျော့ပြောင်းနေမှုကိုလည်း ထောက်ပြခဲ့သည်။ လက်ရှိ မြန်မာ့အခြေအနေကြောင့် တရုတ်၏ လုပ်နိုင်ကိုင်နိုင်သည့် အခြေအနေများစွာရှိနေပြီး အမေရိကန်အနေဖြင့် မြန်မာနှင့် ဆက်ဆံရေးနည်းလမ်းများ ရှာဖွေနေသော်လည်း အဖြေရှာရန် ခက်ခဲနေကြောင်း ဝန်ကြီးက ဆိုသည်။ တစ်ဖက်တွင် မြန်မာစစ်တပ်က အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်ရန် လော်ဘီငှားရမ်းကာ ကြိုးပမ်းနေပြီး အမေရိကန်ကလည်း စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများ ပြုလုပ်နေသည်။ သို့သော် မြန်မာနွယ်ဖွားများကမူ အမေရိကန်သည် မြန်မာနှင့်ပတ်သက်၍ ဆက်ဆံရေးကို ချိန်ဆနေဆဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ အမေရိကန်သည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် လုပ်ငန်းအချို့ကို ပိတ်ဆို့အရေးယူထားဆဲဖြစ်သည်။

မြန်မာမှာရှိနေတဲ့ တရုတ်လွှမ်းမိုးမှု ကြီးမားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောတဲ့သတင်းအပါအဝင် ဇွန်လ ၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
အမေရိကန်ရဲ့ မူဝါဒတွေဟာ ဘယ်နိုင်ငံအတွက်မှ ကြားနေဖြစ်မှာမဟုတ်သလို မြန်မာမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု ကြီးမားနေတယ်လို့အမေရိကန်ပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
လွန်ခဲ့သော ၉ မိနစ် က မြန်မာမှာရှိနေတဲ့တရုတ်လွှမ်းမိုးမှုကြီးမားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

အမေရိကန်ရဲ့ မူဝါဒတွေဟာ ဘယ်နိုင်ငံအတွက်မှ ကြားနေဖြစ်မှာမဟုတ်သလို မြန်မာမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု ကြီးမားနေတာကြောင့် လက်တွေ့ဖြေရှင်းတဲ့နေရာမှာ အခက်အခဲရှိနေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ထုတ်ပြောလာပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး တစိုက်မတ်မတ်အာရုံစိုက်သူအဖြစ် သိကြတဲ့ ဝါရင့် အထက်လွှတ်တော်အမတ် မစ်ချ် မက်ခ်ကော်နယ်က မြန်မာက တရုတ်လွှမ်းမိုးမှုကို တန်ပြန်ဖို့ အမေရိကန်ရဲ့မူဝါကို မေးမြန်းချိန် ဝန်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
အမေရိကန် ဒေသစံတော်ချိန် ဇွန်လ ၃ ရက်တုန်းက ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၇ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ဆိုင်ရာ အထက်လွှတ်တော်ကော်မတီ ကြားနာမှုမှာ နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
အထက်လွှတ်တော်အမတ်ကတော့ အမေရိကန်ဟာ မြန်မာနဲ့ပတ်သက်လာရင် တရုတ်လွှမ်းမိုးမှုကို ဘယ်လိုမူဝါဒ ချမှတ် တန်ပြန်မလဲဆိုတဲ့မေးခွန်းကို မနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ အခုလို ကြားနာပွဲမှာလည်း မေးခဲ့ပေမဲ့ တစ်နှစ်ပြည့်တဲ့အထိ သိသာတဲ့အပြောင်းအလဲ မတွေ့ရသေးဘူးလို့ ဝန်ကြီး ရူဘီယိုကို ထောက်ပြပြောဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ‘’လက်ရှိမြန်မာ့အခြေအနေကြောင့် တရုတ်က လုပ်နိုင်ကိုင်နိုင်တဲ့အခြေအနေ များကြီးရှိနေတာကို တွေ့ရပါတယ်။ အမေရိကန်အနေနဲ့လည်း အနည်းဆုံးတော့ မြန်မာက သက်ဆိုင်သူတွေနဲ့ ဘယ်လိုများထိတွေ့မှုလုပ်မလဲဆိုတဲ့နည်းလမ်းစုံကို ရှာဖွေပါတယ်။ ဒါပေမဲ့ အဖြေရှာဖို့ ခက်နေပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ အုပ်ချုပ်နေတဲ့ အစုအဖွဲ့ဟာ ရက်စက်တဲ့အုပ်ချုပ်ပုံနဲ့ အုပ်ချုပ်နေတယ်။ တရုတ်ရဲ့လွှမ်းမိုးမှုကလည်း အတိုင်းအတာတစ်ခုအထိ ရှိနေတာပေါ့လေ။ ဒီအရွေ့ကို အပြောင်းအလဲဖြစ်နိုင်မယ့်အခွင့်အလမ်းကို ကျွန်တော်တို့ စောင့်နေပါတယ်’’လို့ မေးခွန်းကို ပြန်ဖြေပါတယ်။
အလားတူ အမတ် မက်ခ်ကော်နယ်က အမေရိကန်အနေနဲ့ မြန်မာ့အရေးဖြေရှင်းရေးမှာ သုံးနိုင်တဲ့ Burma Act ရဲ့ ရန်ပုံငွေ သုံးစွဲရန် နှောင့်နှေးနေတဲ့အချက်အပြင် စစ်ခေါင်းဆောင်အစုအဖွဲ့အပေါ် အမေရိကန်ရဲ့ မူဝါဒ ပျော့ပျောင်းနေမှုကိုလည်း ကြားနာပွဲမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။
Burma Act ဆိုတာဟာ အမေရိကန် ရဲ့ နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် ဥပဒေ (Bill of National Defense Authorization Act - NDAA) ထဲ အစိတ်အပိုင်းတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်မှာ အမေရိကန်လွှတ်တော်ကအတည်ပြု ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
မာကိုရူဘီယိုကတော့ အမေရိကန်အနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေနဲ့သာ ပိုဆက်ဆံလိုတဲ့သဘော ပြောဆိုပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၅- ၂၀၂၆ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ နေပြည်တော်အစိုးရဟာ အမေရိကန်နဲ့ နေပြည်တော်ကြား ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေဖို့ နာမည်ကြီးလော်ဘီကို ငွေပေးပြီး ဝါရှင်တန်ကို နေပြည်တော်ဘက်ယိမ်းအောင် ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
Bloomberg Government ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေ ရော်ဂျာစတုန်းဟာ လော်ဘီဈေးကွက်ထဲပြန်ရောက်လာချိန်မှာပဲ မြန်မာစစ်တပ်က သူ့ကို လော်ဘီအဖြစ် ငှားရမ်းထားလို့ ပြီးခဲ့တဲ့လတုန်းက သတင်းဖော်ပြပါတယ်။
ဘီဘီစီအနေနဲ့ ဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါပေမဲ့ ပြည်တွင်းမှာ အမေရိကန်သံရုံးအကြီးအကြဲက မြန်မာ့စီးပွားရေးလုပ်ငန်းပွဲအခမ်းအနားအချို့ တက်ရောက်တာ၊ အမေရိကန်ရဲ့ပဲပုပ်ကို မြန်မာက ဝယ်ယူဖို့ အမေရိကန်နဲ့ မြန်မာကုမ္ပဏီကြား နားလည်မှုစာချွန်လွှာလက်မှတ်ထိုးတာ၊ နောက် မန္တလေးမြို့မှာ ပိတ်ထားတဲ့ ယဉ်ကျေးမှုစင်တာ ဂျက်ဖာဆင် စင်တာကို မကြာသေးခင်ကပြန်ဖွင့်တာတွေကို ထောက်ပြပြီး ဒါဟာ အမေရိကန်က မြန်မာနဲ့ဆက်ဆံလိုကြောင်း ပြသနေတယ်လို့ ထောက်ပြပြောဆိုကြပါတယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးလှုံ့ဆော်ဆောင်ရွက်နေတဲ့ မြန်မာနွယ်ဖွားတွေကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုရဲ့လွှတ်တော်ကြားနာပွဲ ပြောဆိုချက်ဟာ လက်ရှိ မြန်မာနဲ့ပတ်သက်ရင် အမေရိကန်ဘက်က ဆက်ဆံရေးကို ချိန်ဆနေဆဲဆိုတာကို ပြသနေတယ်လို့ပြောပါတယ်။
အမေရိကန်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ၊ စစ်ကောင်စီမှာပါဝင်ခဲ့ကြသူတွေအပြင် လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်အချို့ကို မဟာမိတ်တွေနဲ့အတူ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပါတယ်။
လွန်ခဲ့သော ၁၂ မိနစ် က
မင်္ဂလာပါ။ ဇွန်လ ၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။