
AI Summary
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြား သေဆုံးမှုများရှိနေသည်။ တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံရခြင်းများ ဖြစ်ပေါ်နေသည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်းပြည်ပ၌ ဂုဏ်ပြုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ မန္တလေးတိုင်းတွင် မြေငလျင်အနည်းငယ် လှုပ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာနေသည်။
ထင်ရှားသော ပြောကြားချက်များ
"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝအခြေပြု စီးပွားရေးဖွံ့ဖြိုးမှုပုံစံများဖြစ်သည့် ဇီဝစီးပွားရေး (Bio Economy)၊ အစိမ်းရောင်စီးပွားရေး (Green Economy) နှင့် စက်ဝန်းပုံစီးပွားရေး (Circular Economy) လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း"
"၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းမှာ ၀ ဒသမ ၀၄ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း တွေ့ရှိရပြီး သစ်တောပြုန်းတီးမှုများ လုံးဝရပ်တန့်သွားစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း"
အမျိုးသားညီညွတ်ရေး အစိုးရ
-မန္တလေးတိုင်းဌာနချုပ်နယ်မြေအတွင်း မေလနှင့်ဇွန်လ ပထမပတ်တိုက်ပွဲများ၌ စစ်တပ်ဘက်က ဗိုလ်မှူးချုပ် အောင်နိုင်ဦးနှင့် ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင်တို့ ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး ၁၈ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ ထုတ်ပြန်သည်။
-မန္တလေးဒေသ၊ နွားထိုးကြီးမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦးခန့် သေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
-မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အနီး မြေအောက်အနက် ၈ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်သော မြေငလျင်တစ်ခုသည် ဇွန်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၃၂ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အကြို အထိမ်းအမှတ် အဖြစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအမျိုးသမီးကော်မတီက ဦးဆောင်၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ အလှူအတန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
-မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားသည့် အာဏာသိမ်းစစ်တပ် နှင့် ဗီယက်နမ်စစ်တပ် ပူးပေါင်းပိုင်သည့် Mytel ၏ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်ကြောင်း Justice For Myanmar-JFM က အသိပေးထားသည်။
-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့ရက်မြတ်ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကိုရီးယားနိုင်ငံတွင် မီးထွန်းဆုတောင်းသည့် ဆီမီးသပိတ်တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း မြန်မာနွေဦးတော်လှန်ရေး ထောက်ခံသူများ (ကိုရီးယား) ထံမှ သိရသည်။
-စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း ရွှေဘိုမြို့နယ် သပိတ်အင်အားစုက အသိပေးထုတ် ပြန်ထားသည်။
-မကွေးတိုင်း၊ မကွေးမြို့ရှိ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၄၂ ဦးကို တိုက်ပိတ်ထားပြီး ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးမှာ ပြင်းထန်စွာ ရိုက်နှက်နှိပ်စက်ခံ ထားရသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ယမန်နေ့က ထုတ်ပြန်ထားသည်။
-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅၈ ဦး သေဆုံးခဲ့ ကြောင်း Black Shadow PDF က ယမန်နေ့က ထုတ်ပြန်ထားသည်။
-မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းဂိတ်ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ထံမှ သိရသည်။
-မြန်မာစစ်တပ်ထံ ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့အရေးယူမှုများကို လျစ်လျူရှုကာ “Coast Watcher” ဟုခေါ်သည့် ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါများ တိုက်ရိုက်ရောင်းချခဲ့သည့် ပြင်သစ် Thales ကုမ္ပဏီကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် ၎င်းအား ဥပဒေအရ အရေးယူပေးရန် မြန်မာနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ပြင်သစ်အစိုးရထံoသို့ ပူးတွဲတောင်းဆိုလိုက်ကြသည်။
-မကွေးတိုင်း၊ ရေစကြိုမြို့အဝင်တွင် အကြမ်းဖက် စစ်တပ်က ဈေးဝယ်လာသည့်ကားများကို ဖမ်းဆီးပြီး ပြည်သူများကို ရိုက်နှက်ကာ တစ်ဦးလျှင် ငွေကျပ် ၂ သောင်းတောင်းခံနေကြောင်း Yesagyo Township Info Committee ထံမှ သိရသည်။
-စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး မြေပြင်စစ်ကြောင်းကလည်း ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီး ခြင်းကြောင့် နေအိမ် ၂၀၀ မီးလောင်ခဲ့ပြီး ပြည်သူများ ထွက်ပြေးနေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ထုတ်ပြန်ထားသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
-မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့၌ ယမန်နေ့တွင် လူထုရှေ့ လှည့်လည်ပြသပြီးနောက် သေနတ်ဖြင့်ပစ်သတ်ကာ သေဒဏ်စီရင်ခဲ့ကြောင်း The Kokang သတင်းဌာနက ဖော်ပြသည်။
စစ်ကောင်စီ
-လျှပ်စစ်မီတာ ဖွင့်၍ ပြုပြင်ကာ ဓာတ်အားခိုးယူသုံးစွဲသဖြင့် မြောင်းတကာစက်မှုဇုန်ရှိ လုပ်ငန်းရှင် တစ်ဦးကို အမှုဖွင့် အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့် ယာဉ်များ တတိယအကြိမ် မြစ်ကြီးနားမြို့သို့ ဇွန် ၁၃ ရက်ထပ်မံရောက်ရှိကြောင်း စစ်အုပ်စုက ထုတ်ပြန်သည်။
-မြဝတီမြို့ဝန်းကျင်ရှိ ဆိုက်များအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသား လေးဦး ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။
-မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) ရှိသည့် နီလာအရိုင်းတုံးကြီး နှင့် ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)ရှိသည့် နီလာပုံဆောင်ခဲတို့အား အာဏာသိမ်းအရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင် ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
-ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ ၉၄ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
-သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝအခြေပြု စီးပွားရေးဖွံ့ဖြိုးမှုပုံစံများဖြစ်သည့် ဇီဝစီးပွားရေး (Bio Economy)၊ အစိမ်းရောင်စီးပွားရေး (Green Economy) နှင့် စက်ဝန်းပုံစီးပွားရေး (Circular Economy) လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အာဏာသိမ်းအရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
-၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းမှာ ၀ ဒသမ ၀၄ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း တွေ့ရှိရပြီး သစ်တောပြုန်းတီးမှုများ လုံးဝရပ်တန့်သွားစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အာဏာသိမ်းအရပ်သားတပိုင်း စစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။