
AI Summary
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေရဲစခန်းကို NUG PDF က သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တော်လှန်ရေးအတွက် ပြည်ပရောက် မြန်မာဒိုင်အက်စပိုရာများနှင့် တွေ့ဆုံရန် ခရီးစဉ်များ ဆက်လက်သွားရောက်မည်ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် လူပေါင်း ၁၆ ဒသမ ၂ သန်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ထောက်ပြခဲ့သည်။ စစ်ကောင်စီဘက်မှ မင်းအောင်လှိုင်က ရေအားလျှပ်စစ်စီမံကိန်းများ နှောင့်နှေးရခြင်းမှာ ကန့်ကွက်မှုများကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တရားမဝင်ရွှေတူးဖော်မှုများကို နှိမ်နင်းရန်လည်း ညွှန်ကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အခြေအနေကို လေ့လာရန် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဟု ဆိုပြီး IndustriALL က စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
အမျိုးသားညီညွတ်ရေး အစိုးရ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ရှိ ရဲစခန်းကို ယနေ့နံနက် ၄ နာရီတွင် ပခုက္ကူခရိုင်စစ်ဌာန၏ ဦးဆောင်ကွပ်ကဲမှုဖြင့် ဝင်ရောက်တိုက်ခိုက်ရာ နံနက် ၅ နာရီ၌ အပြီးသတ်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲ ယမ်းများရရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အနေဖြင့် ယခုနှစ်အတွင်း နောက် ထပ် ပြည်ပခရီးစဉ်များ သွားရောက်ရန် ရှိနေပြီး အဝေးရောက် မြန်မာဒိုင်အက်စပိုရာများ၏ အင်အားမှာ တော်လှန် ရေးအတွက် အရေးကြီးသဖြင့် ခရီးစဉ်တိုင်းတွင် ၎င်းတို့နှင့် တွေ့ဆုံခြင်းကို အဓိက အစီအစဉ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SCEF အတွင်းရေးမှူးအဖွဲ့ဝင်၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ယမန်နေ့( ဇွန်လ ၉ ရက်)တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။
မကွေးဒေသ၊ ချောက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ (ချောက်မြို့နယ်) က အသိပေးစာတစ်စောင်ကို ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကလေးငယ် ၅ သန်းအပါအဝင် လူပေါင်း ၁၆ ဒသမ ၂ သန်း၏ အသက်ရှင်သန် ရပ်တည်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်း တိုက်ပွဲများတွင် ကျဆုံးခဲ့သည့် ပကဖ ရဲဘော်များ၏ မိသားစုဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ပကဖအသံက ဖော်ပြထားသည်။
မကွေးဒေသ၊ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်တွင်ရှိသည့် စစ်ဘေးရှောင်ပြည်သူများကို မကွေးတိုင်း ပကဖ မှ ဦးစီးကာ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း မကွေးတိုင်း ပကဖမှ ထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို လေ့လာသိရှိနိုင်ရန်နှင့် အဖြေရှာဖွေနိုင်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ရည်ရွယ် ထားကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို က ဇွန်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
ယခုနှစ် မေလအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ အလင်းဝင်ပူးပေါင်းလာသည့် စစ်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ် စုစုပေါင်း ၄၀ ဦးရှိခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁၀၃ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မကွေးတိုင်း၊ ရေစကြိုမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Yesagyo Township Info Committee ထံမှ သိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း တောင်ငူမြို့သို့ လှည့်လည်လာရောက်ခဲ့ပြီးနောက် တောင်ငူမြို့လယ်တွင် စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်နှင့်စည်ပင်တို့က ကရိန်းဖြင့် ဖျက်ဆီး ဖယ်ရှား ရှင်းလိုက်ကြောင်း တောင်ငူမြို့ ဒေသခံများထံမှ သိရသည်။
မြန်မာစစ်ကောင်စီထံ စီးဆင်းနေသည့် ငွေကြေးလမ်းကြောင်းများကို ပိတ်ဆို့အရေးယူမှုများ၊ သံတမန်ရေးအရ အထီးကျန်စေမှုများနှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး သဘောတူညီချက်များ ကို ရပ်ဆိုင်း ဖြတ်တောက်ကြရန် ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်-IndustriALL က တောင်းဆိုလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ အမှတ် (၁)၊ အမှတ် (၉) နှင့် အမှတ် (၁၉) တပ်ရင်း ၃ ရင်းကို ပေါင်းစည်းကာ အမှတ် (၆) တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း KNDF B-06 က ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ
လာအိုနိုင်ငံခြားရေးဝန်ကြီး သောင်ဆာဗန် ဖွန်ဗီဟန်သည် ဇွန်လ ၁၂ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ နှစ်ရက် ကြာ လာရောက်မည်ဖြစ်ပြီးယခုခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် အိမ်နီးချင်းကောင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်ဖြစ်ကြောင်း The Laotian Times သတင်း၌ ဖော်ပြသည်။
နိုင်ငံတွင်းရှိ မြစ်၊ ချောင်းများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ကာ လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်သော်လည်း ဖွံ့ဖြိုးတိုးတက်လာမည့်အရေး မလိုလားသူများ ကန့်ကွက်ခဲ့၍ စီမံကိန်းကြီးများ ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ပြီး ကန့်ကွက်မှု မရှိခဲ့ပါက လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနေမည်ဟု အာဏာသိမ်း အရပ်သားတပိုင်းစစ်အစိုးရ ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည် တော် အစည်းအဝေးများအတွင်း ပြောဆိုသည်။
ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် စားသုံးကုန်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စစ်တပ်က ဆက်လက်ပို့ဆောင်ကြောင်း စစ်အုပ်စု လက်ဝေခံ မီဒီယာများတွင် ဖော်ပြထားသည်။
လူမှုကွန်ရက်များဖြစ်သည့် Tiktok, Facebook, Telegram, Viber စသည့် Social Media များတွင် ရထားလက် မှတ်ဝယ်ယူရန် ဝန်ဆောင်မှုပေးခြင်း ပြုလုပ်သည့်ကြော်ငြာများအား အရေးယူသွား မည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။
လူနေအိမ်အောက်ထပ်တွင် ရုံးခန်းဖွင့်လှစ်ထားရသည့် ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဦးစီးဌာနရုံး နေရာအတည်တကျရှိစေရေး အတုယောင် မွန်ပြည်နယ် လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ကြောင်း သိရသည်။
တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှု ကန့်သတ်ချက်များရှိသည့် ဒေသအချို့၌ မြစ်ချောင်းများအနီး တရားမဝင် ရွှေတူးဖော်ခြင်းကြောင့် မြစ်ချောင်းများတိမ်ကောခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်း များရှိသဖြင့် တရားမဝင်ရွှေတူးဖော်ခြင်းကို ထိထိရောက်ရောက် နှိမ်နင်းရန် အာဏာသိမ်း အရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ သဘောတူညီမှုရရှိထားသည့် အချက် ၄၃ ချက်ကို လွှတ်တော်သို့ တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
နွေရာသီကာလတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေးအတွက် ရေရှားပါးမှုကြုံတွေ့နေရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ကျေးရွာများ၌ ရေရရှိရေးလုပ်ငန်းများကို နှစ်အလိုက် စီမံချက်များချမှတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အာဏာသိမ်း အရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်ကက ပြောသည်။