
SRF ဥက္ကဋ္ဌအပါအဝင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ရန် တော်လှန်ရေးအင်အားစု တောင်းဆို
AI Summary
တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့၊ မင်းကင်းတွင် ဖမ်းဆီးခံရသူ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းနှင့် အခြားသူများ ချက်ချင်းလွှတ်ပေးရန် တောင်းဆို။ ပအဖ၊ ပကဖ အဖွဲ့များ လုံခြုံရေးအာမခံဖြင့် ချိန်းဆိုဖမ်းဆီး၊ ကာကွယ်သူ အရပ်သားနှစ်ဦး ပစ်ခတ်ဒဏ်ရာရ။ NUG တရားဥပဒေအရ စစ်ဆေးအရေးယူ၊ ဒဏ်ရာရသူ ကုသ၊ အင်အားသုံးမဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်း။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ မတရားဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတဲ့ ကျောင်းသား တော်လှန်ရေးတပ်တော် (SRF) ဥက္ကဋ္ဌ ကိုစံတင်ထွန်းအပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့က တောင်းဆိုလိုက် ပါတယ်။
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ (GSC) အစရှိတဲ့ တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့က မေ ၂၈ ရက်က ထုတ်ပြန် တောင်းဆိုခဲ့တာပါ။
မင်းကင်းမြို့နယ် ပအဖ၊ ပကဖ အဖွဲ့တွေက SRF ဥက္ကဋ္ဌကို လုံခြုံရေးအာမခံချက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုပြီးနောက် လမ်းခရီးမှာ ဖြတ်တောက်တိုက်ခိုက်ပြီး သေနတ်ပစ်ဖောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို ဖမ်းဆီးရာမှာ ဝိုင်းဝန်းကာကွယ်ပေးခဲ့ကြတဲ့ အပြစ်မဲ့ ဒေသခံ ပြည်သူ တွေကိုပါ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အပေါ် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စိတ်မကောင်းဖြစ်ရပြီး ဒီလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်း အပါအဝင် ဖမ်းဆီးထားသူမှန်သမျှရဲ့ အသက်အန္တရာယ် လုံခြုံရေး အတွက် အပြည့်အဝ တာဝန်ယူပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ဒေသခံပြည်သူတွေကိုပါ သေနတ် နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မင်းကင်းမြို့နယ် ပကဖ အဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တရားဥပဒေအရ စစ်ဆေးဖော်ထုတ်ပြီး အရေးယူ ပေးဖို့ တောင်းဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ချိန် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူတွေကို ဆေးဝါးကုသမှုနဲ့ အကာအကွယ်ပေးမှုတွေကိုဆောင်ရွက်ပေးဖို့နဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ နောက်ဆက်တွဲ ပြဿနာ တွေကို အင်အားသုံးဖြေရှင်းရမဲ့အစား ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စံ (NUCC)နဲ့ လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေအကြား အမြန်ဆုံး တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာ ကြဖို့လည်း တိုက်တွန်းထားပါတယ်။
တကယ်လို့သာ အခုဖြစ်စဉ်ကို တိကျတဲ့ အဖြေမထုတ်ပေးနိုင်ပါက မင်းကင်းမြို့နယ် ပကဖ အဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တရားဝင်မှုကို ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဆက်လက် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ထောက်ပြထားပါတယ်။