# ချစ်သူ၏သမီး (ဂျူး)

သူ့ကို ကျွန်မ စပြီး မြင်ဖူးသည်က လူနာကလေးမလေး တစ်ယောက် အဖြစ်ပါ။

ကျွန်မအိမ်နှင့် ဘေးချင်းကပ်လျက် အိမ်က ပညာရေးဘော်ဒါဆောင်တစ်ခု ဖြစ်သည်။ ဘော်ဒါဆောင်ဆိုတော့ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရောကို ခြံဝင်းထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ မြင်တွေ့နေကျ။ စာသင်သံတွေ၊ စာရွတ်သံတွေကို ကြားနေကျ ဖြစ်သည်။ စည်းကမ်းကြီးသော ဘော်ဒါဆောင်ဖြစ်သဖြင့် ရယ်မော စနောက်သံများ ကိုတော့ မကြာခဏ ကြားရတတ်သည် မဟုတ်ပေ။ အဲသည် ခြံဝင်းဘက်မှ ရယ်သံကို ကျယ်ကျယ်လောင်လောင် ကြားရပြီဆိုလျှင် အဲဒါ စာသင်ချိန် တစ်ခုမှာပဲ ဖြစ်၏။

ဇီဝဗေဒ စာသင်ချိန်မှာ ရယ်မောသံများ ကြားရခြင်းဖြစ်သည်ဟု ဘော်ဒါဆောင်ကို ဦးစီးသူ အမျိုးသမီးက ကျွန်မအား ရှင်းပြဖူးသည်။ ကျွန်မ အံ့သြရပါသည်။ ဇီဝဗေဒ၏ ကိုးတန်း ဆယ်တန်း သင်ခန်းစာများကို ကျွန်မအား သင်ကြားပေးခဲ့သော ဆရာမကြီး ဒေါ်နွယ်နွယ်အား သတိရ အောက်မေ့ရင်း ကျွန်မတို့ စာသင်ချိန်မှာ ဘယ်နှခါ ပြုံးရယ်ခဲ့ရလို့လဲဟု စဉ်းစားကြည့်မိသည်။ ထို့အတူ ပြုံးရယ်စရာမပါသော ဘာသာရပ်တစ်ခုကို ကျောင်းသားတွေ တဝါးဝါး ရယ်မောရအောင် သင်ကြားခြင်းမှာ ဆရာ၏ ချီးကျူးထိုက်သော အရည်အချင်း ဖြစ်လေမလားဟု သံသယ ဝင်ခဲ့ရပါသည်။

ဘာပဲဖြစ်ဖြစ် ဤဘော်ဒါဆောင်သည် နာမည်တော့ တော်တော်ကြီးပါသည်။ အောင်ချက်ကောင်းသည်။ အဆင့်မြင့် တက္ကသိုလ်များသို့ ဝင်သည့် ကျောင်းသားကျောင်းသူတွေများသည် စသည့် သတင်းစကားများကို ကျွန်မ၏ လူနာများထံမှ ကြားရလေ့ရှိသည်။

ဤဘော်ဒါဆောင်မှ ကလေးများ နေမကောင်းလျှင် ကျွန်မပဲ ဆေးကုသပေးရ၏။ အများအားဖြင့်တော့ ဆေးခန်းသို့ လာကြသည်။ တစ်ခါတစ်ရံသာ ဘော်ဒါဆောင်အထိ လိုက်သွားရတတ်သည်။ ဘော်ဒါဆောင်ကိုမှ ကျွန်မ သွားရပြီဆိုလျှင်တော့ လူနာကို ကုသပေးပြီးသည့်နောက် ကျန်သည့် ကျောင်းသားကျောင်းသူများကို ကြုံလျှင်ကြုံသလို ကျန်းမာရေးပညာ အသိတစ်ချို့ကို ပြောပြပေးခဲ့သည်က ကျွန်မ၏ အကျင့်တစ်ခု ဖြစ်နေသည်။

* ဆေးလိပ်ကို ဘာကြောင့် ရှောင်သင့်သလဲ ဆိုသည့် အကြောင်းအရာမျိုး၊

* မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ ဘာကြောင့်လိုအပ်သလဲ၊ ဘယ်အတိုင်းအတာအထိ သိထားသင့်သလဲ ဆိုသည့် အကြောင်းအရာမျိုး၊

* HIV/AIDS နှင့် ပတ်သက်ပြီး လူငယ်တွေ ကြုံတွေ့နိုင်သည့် အဖြစ်အပျက်နှင့် ရလဒ်များဆိုသည့် အကြောင်းအရာမျိုးတွေ ဖြစ်တတ်သည်။

သို့သော် ထိုတစ်ရက်ကတော့ ကျွန်မ ပြောနေကျ စကားဝိုင်းကို ပျက်ကွက်သွားခဲ့၏။ သူ့ကို ဆေးကုသပေးပြီး သည့်နောက်မှာ ကျွန်မ၏ စိတ်အာရုံများ လွတ်လပ်မှုမရှိပဲ တစ်စုံတစ်ရာနှင့် နှောင်ဖွဲ့တင်းကျပ်မိ သွားသောကြောင့် ဖြစ်သည်။

သူ့ကို ကျွန်မ တစ်ခါမျှ သတိမထားမိခဲ့၊ မမြင်ဖူးခဲ့တာ သေချာသည်။ သို့သော် ကျွန်မ မြင်ဖူးနေသလို ရင်းရင်းနှီးနှီးကို မှတ်မိနေသည်မှာလည်း သေချာသည်။ တောက်ပရွှန်းလက်သော မျက်ဝန်းနက်များ၊ မည်းနက်ပြီး မျက်လုံးနှင့် ဝေးဝေးမြင့်မြင့် မျက်ခုံးများ၊ သေးသွယ်ချွန်မြသည့် နှာတံစင်းစင်း၊ နောက်ပြီး လုံးဝန်းသော မျက်နှာကျမှာ သွယ်ချွန်းသော မေးစေ့။

“သမီးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ၊ သမီး မော်ဒယ်လ်များ လုပ်သလား”

တစ်ဝက်တစ်ပျက် စနောက်သော စကားဖြင့် ငိုမဲ့နေသော ကလေးမကို မေးမိသည်။ သူက မဖြေပါ။ ကျွန်မ၏ ပစ္စည်း ကိရိယာများကိုသာ အသည်းအသန် ဂရုစိုက်ကြည့်လျှက် သူ့ကို နာကျင်အောင် လုပ်တော့မှာကို စိုးရိမ်ကြောင့်ကြနေဟန် ရှိ၏။

ဆေးခန်းထဲမှ ဂျီကျသံ

“ဆေးမထိုးချင်ဘူး”

သူက မျက်ရည်စိုစွတ်သော မျက်ဝန်းများဖြင့် ကျွန်မအား စိန်းစိန်းကြည့်ကာ ငြင်းဆိုပါသည်။

“ကေခိုင်... ဆရာမကို အဲသလို မဆိုးနဲ့လေ၊ ဆရာမက သမီးနေကောင်းအောင် ကုပေးမှာ”

ဘော်ဒါဆောင်အုပ်ချုပ်သူ အမျိုးသမီးက ဖျောင်းဖျသည်။

“သမီးက အဖျားသိပ်ကြီးပြီး ခေါင်းကိုက်လို့ ငိုနေရတာမို့ ချက်ချင်းသက်သာအောင် ဆေးထိုးမှ ကောင်းမယ်လေ”

ကျွန်မ အပြုံးဖြင့် ချော့မော့မိ၏။

“ဟင့်အင်း... မထိုးရဘူး”

“ကောင်းပြီ၊ သမီး မထိုးချင်ရင် အန်တီ မထိုးဘူး၊ ဒါပေမဲ့ အဖျားနဲ့ ခေါင်းကိုက် မြန်မြန်ကျအောင် တခြားနည်းလမ်း တစ်ခုနဲ့တော့ သမီး ကိုယ်ထဲ ဆေးရောက်အောင် လုပ်ရလိမ့်မယ်”

ကျွန်မက တခြားကလေးတွေ မကြားရအောင် သူ့နားနားကို ကပ်ပြီး ပါရာစီတမောလ် ဆေးတောင့်လေးတစ်ခု သူ့ကိုယ်ထဲသို့ ဘယ်နည်းဖြင့် ထည့်ပေးနိုင်သည်ဆိုတာ ရှင်းပြလိုက်သည်။ ထိုအခါ သူ့မျက်နှာလေး ပန်းသွေးရောင် ရဲသွား၏။

“ဟင့်အင်း... ဟင့်အင်း...”

ဆယ်တန်းကျောင်းသူမလေးသည် ထိုနည်းကို အသည်းအသန် ငြင်းပြန်ပါသည်။

“ဒါဖြင့် သမီးရွေးလေ၊ ဆရာမ ဘယ်နည်းနဲ့ သမီး အဖျား မြန်မြန်ကျအောင် လုပ်ပေးစေချင်သလဲ”

ကလေးမ ခဏ တွေဝေသွားသည်။ နောက်တော့မှ မပွင့်တပွင့် အသံဖြင့် ခပ်ဆဆပြောသည်။

“သမီးကို ဖေဖေကလွဲလို့ ဘယ်သူမှ ဆေးထိုးပေးတာ မခံရဖူးဘူး”

ထိုစကားကြောင့် ကျွန်မ သူ့မျက်နှာလေးကို ဖျတ်ခနဲ အသေအချာ Ngုံ့ကြည့်မိ၏။ သူ့အဖေက ဆရာဝန်လား။ ဒါဖြင့်... ဘုရားရေ...

“သူ့အဖေက ဆရာဝန်ပဲ ဆရာမရဲ့”

ဘော်ဒါဆောင် အုပ်ချုပ်သူ အမျိုးသမီးက ကျွန်မအား ရှင်းပြသည်။

ကျွန်မ ကလေးမကို ကြည့်ရင်း ဘယ်သူ့သမီး ဖြစ်နိုင်သည်ဆိုတာ တွေးမိသွားပါသည်။

“သမီးအဖေက ပင်လောင်းက များလား”

“ဟုတ်တယ်... ဖေဖေ့ကို သိလားဟင်”

ကလေးမ၏ မျက်ဝန်းများ လင်းလက်သွား၏။

သိသလား၊ ကျွန်မ ရင်ထဲမှာ ထိပ်ခနဲ ခုန်သွားသည်။ သိသလားတဲ့၊ ကျွန်မ ပြုံးလိုက်ပါသည်။

“သိတာပေါ့၊ သမီးဖေဖေနဲ့ အန်တီနဲ့က တစ်တန်းတည်း ကျောင်းတက်ခဲ့တဲ့ အတန်းဖော် သူငယ်ချင်းတွေလေ၊ သိပ်ခင်တာပေါ့၊ သမီး အိမ်ပြန်တဲ့အခါ အန်တီ ဆရာမအကြောင်း သမီး ပြောပြလိုက်ပေါ့”

သူ့အဖေနှင့် တစ်တန်းသား ဆရာဝန်ဟု သိသွားရုံဖြင့် ကျွန်မပေါ် သူအားကိုးသွားလေသလား မသိ၊ မနာအောင် ဆေးထိုးပေးရန်ဟူသော ခြွင်းချက်ဖြင့် သူ့အား ဆေးထိုးခွင့် ပေးလိုက်သည်။

ထိုနေ့က ကျွန်မ အိမ်သို့ ချက်ချင်း ပြန်သွားခဲ့မိပါသည်။

ကေခိုင်နှင့် အတိတ်၏ ပုံရိပ်များ

သူသည် စာတော်သော ကလေးမတစ်ယောက် ဖြစ်သည် မှန်၏။ သို့သော် တော်တော်စိတ်မြန်ပြီး တော်တော်ရှန်းသော ကလေးတစ်ယောက်လည်း ဖြစ်သည်။

သူ့လေ့ကျင့်ခန်းစာအုပ် အဖြေများကို ကျွန်မတောင်းယူကြည့်သည့်အခါ ပေါ့ဆသော အမှားသေးသေးလေး များကို သတိထားမိသည်။ မေးခွန်းတစ်ခုခုကို သူ့အားမေးလိုက်လျှင် အဖြေကို တစ်ခုတည်း ဘယ်တော့မှ မရတတ်။ ပထမအဖြေ ပြီးသည့်နောက် ကျွန်မ၏ မျက်နှာထားမပြောင်းလဲသည်ကို သတိထားမိလျှင် ဒုတိယအဖြေကို ပြောင်းလဲပေး တတ်သည်။

“ဟင် မဟုတ်ဘူး၊ မဟုတ်ဘူး၊ ပိုတက်စီယမ် ပါမင်းဂနိတ်” ဆိုသော အဖြေမျိုး ဖြစ်သည်။ တကယ်တော့ သူ့ပထမအဖြေက အမှန်၊ ဒုတိယအဖြေက အမှား။ သူ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသည်ဟု ကျွန်မ မှတ်ချက်ချမိသည်။

သူထမင်းမစားချင်ဘူးဆိုလျှင် ကျွန်မက အိမ်မှာ တစ်ခုခု လုပ်ပြီး သူ့ကို သွားပို့ပေးရန် ဖုန်းဆက်ပြီး မေးမိသည့်အခါမျိုးတွေ ရှိသည်။

“သမီး ကေခိုင်၊ ကြေးအိုးသောက်ချင်သလား၊ ဖက်ထုပ်ပေါင်း သောက်ချင်သလား” ဟူသော မေးခွန်းအတွက် ပထမအဖြေကို ချက်ချင်းရ၏။

“ကြေးအိုးသောက်ချင်တယ် အန်တီ”

ထို့နောက် နှစ်စက္ကန့်အတွင်း ဒုတိယအဖြေကို ပြောင်းပေးပြန်၏။

“ဟင် . . . မဟုတ်ဘူး မဟုတ်ဘူး၊ ဖက်ထုပ်ပဲ သောက်ချင်တယ်”

ကျွန်မက အနည်းငယ် မျက်မှောင်ကြုတ်မိရာက လေးလေးနက်နက်လေသံဖြင့် မေးမိ၏။

“သမီး သေချာတယ်နော်၊ ဖက်ထုပ်သောက်ချင်တာ ဟုတ်ရဲ့လား”

ထိုအခါ သူသည် နှစ်စက္ကန့်လောက်အတွင်း ချက်ချင်းပင် ပထမ အဖြေဆီ ပြန်ရောက်သွားပြန်၏။

“ကြေးအိုးပဲ သောက်ပါတော့မယ် အန်တီ”

သူဘာဖြစ်လို့ တစ်ခုခုအပေါ်မှာ စိတ်မပြတ်သားရတာလဲ၊ ဘာကြောင့်လဲ။ ထိုအခါမျိုးတွင် ကျွန်မသည် သူ့အဖေကို ပြန်ပြီး သတိရအောက်မေ့သွားရတတ်ပါသည်။ ဒါအဖေ့ ဗီဇအမွေတော့ မဟုတ်နိုင်ဘူး။ သူ့အဖေသည် ငယ်စဉ်ကတည်းက ရွေးချယ်မှုတစ်ခုခုကို ပြုလုပ်ရန် ဘယ်တုန်းကမှ နှောင့်နှေးတွန့်ဆုတ်မှု မရှိခဲ့။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချနိုင်ခဲ့သည်ချည်းပင် ဖြစ်သည်။ သူ့ဘဝမှာ မပြတ်သားခဲ့သည့် တစ်ခုတည်းသော ပြဿနာမှာ ကျွန်မ ဖြစ်သည်။ ကျွန်မကို သူ့ဘဝထဲ ခေါ်သွင်းရမလား၊ ထားရစ်ခဲ့ရမလား ဆိုတာကိုတော့ သူလပေါင်းများစွာ တွေဝေခဲ့ဖူးတာပေါ့။ သို့သော် နောက်ဆုံးမှာတော့ သူပြတ်သား ခဲ့တာပါပဲ။ ကျွန်မကို အခုအချိန်အထိ အထီးကျန်ဘဝအပေါ် တွယ်တာနစ်ဝင်ဆဲ ဖြစ်စေလောက်အောင်ပင် သူ ပြတ်သားခဲ့ပါသည်။

ကျွန်မသည် နောက်ပိုင်းတွင် အိမ်အပေါ်ထပ် ဝရန်တာမှ ဟိုဘက်ခြံဝင်းဆီသို့ လှမ်းရှာကြည့်မိ တတ်လာသည်။ ညနေခင်း ခဏအနားယူချိန်၌ ကလေးတွေ ပန်းခြံထဲမှာ ဟိုနေရာ စုစု၊ သည်နေရာ စုစု စကားပြောတတ်သောကြောင့် ဖြစ်သည်။ အဲသည်လို ညနေချမ်း အချိန်မျိုးမှာ သူဘာလုပ်နေတတ်သလဲဟု ကျွန်မ မေးကြည့်ဖူး၏။

“အခန်းထဲမှာ သီချင်းနားထောင်နေတာ” ဟု ဖြေပါသည်။

သူ့အဖေက သူ့အား နားကြပ်ဖြင့် နားထောင်ရသော ဝေါ့လ်ခ်မင်းကက်ဆက်ကလေးတစ်ခုနှင့် စီဒီဓာတ်ပြား ဖွင့်စက်လေးတစ်ခု ပေးလိုက်သည်။ ဂီတကို အာရုံနစ်ဝင်နိုင်တော့ ကောင်းသည်။ တခြားအာရုံတွေ နည်းသွားနိုင်တာပေါ့ဟု ကျွန်မ မှတ်ချက်ချ မိသည်။

“သမီး ဘယ်သီချင်းကို ကြိုက်သလဲ”

ကလေးတွေကိုတွေ့တိုင်း အလျဉ်းသင့်သလို မေးခွန်းတွေမေးတတ်သည့် ကျွန်မသည် သူ့ကိုတော့ သာမာန်ထက် ပိုကဲသည့် စိတ်ဝင်စားမှုဖြင့် စပ်စုမေးမြန်းမိလေ့ ရှိပါသည်။

“ဘရစ်တနီစပီးယားကြိုက်တယ်၊ အမ်တူးအမ် ကြိုက်တယ်၊ ဗနက်ဆာကာလ်တန် ကြိုက်တယ်”

သူက မျက်လုံးလေး ထောင့်ကပ်စဉ်းစားရင်း ဖြေလျှင် ကျွန်မ လွှတ်ခနဲ အာမေဋိတ်သံဖြင့် ရယ်မောလိုက်မိ ဖူး၏။

“အလို... ပင်လောင်းသူလေးက အလာကြီးပါလား”

ထိုအခါ သူ အနည်းငယ် နှုတ်ခမ်းစူသွား၏။

“ဖေဖေက သမီးကို ဒစ်ဂျစ်တယ်လ် ဂြိုဟ်တုစလောင်း တပ်ပေးထားတာ ဥစ္စာ”

သူ့အဖေကိုတော့ သူတော်တော်ချစ်မြတ်နိုး အားကိုးဟန် ရှိသည်။ ဘာစကားပဲ ဦးတည်ပြောပြော ထိုစကားလုံး နှင့်အတူ သူ့အဖေပါသည်။ ဤကလေးမကို သူ့အဖေ ဘယ်လောက်များ ချစ်လိုက်မလဲ။ ကျွန်မ တစ်ခါတစ်ခါ သူ့ကို ငေးမောရင်း မှန်းဆကြည့်မိသည်။ သူနှင့် ရုပ်ရည်ဆင်တူသော ကိုယ်ပွားသမီးငယ်လေးကို သူ့အသက်တမျှ မြတ်နိုးတွယ်တာပေလိမ့်မည်။ ထိုသမီးငယ်လေးကို မွေးဖွားပေးသော သူ့ဇနီးကိုလည်း အထပ်ထပ်အခါခါ ကျေးဇူးတင်ရင်း ချစ်မြတ်နိုးမဆုံး ဖြစ်ရလိမ့်မည်။

ထိုသမီးငယ်လေးကို ဘဝမှာ ဘာဖြစ်စေချင်ပါလိမ့်။ သူ့လိုပဲ ဆရာဝန် ဖြစ်စေချင်မှာပေါ့။ ဒါကြောင့်သာ မြို့သေးသေးလေးမှာ သူနှင့်အတူ ရင်ခွင်မှာ ထားခွင့်ရပါလျှက် မြို့တော်ကြီးသို့ ကျောင်းအိပ်ကျောင်းထား ဘော်ဒါဆောင် လာထားခြင်း ဖြစ်မှာပေါ့။

“သမီးအသက်ကြီးလာရင် ဘာလုပ်ချင်သလဲ” မေးမိသည်။

“ဆရာဝန် လုပ်ချင်တယ်” ဟုဖြေပါသည်။

“ဆရာဝန်ဘာလို့လုပ်ချင်တာလဲ” ဟု ထပ်မေးမိ၏။

ထိုအခါ သူခဏ တွေဝေသွားသည်။ ထို့နောက် ခပ်ဆဆ ဖြေသည်။

“ဖေဖေ့လို ဖြစ်ချင်လို့”

“ဖေဖေ့လို လူနာတွေနဲ့ချည်း နေရတာကို သမီး ကြိုက်တာလား”

“ဖေဖေ သိပ်ပင်ပန်းတာပဲ”

ကလေးမက အမှန်ကို ယခုမှ စဉ်းစားမိသည့် မျက်နှာထားမျိုးဖြင့် စဉ်းစားဖြေပါသည်။

“ဖေဖေက ဆေးခန်းကို တနင်္ဂနွေ ပိတ်ချင်တယ်၊ ဒါပေမဲ့ ပိတ်လို့မရဘူး လို့ပြောတယ်”

“ဟုတ်တယ်လေ၊ လူနာဆိုတာ နေမကောင်း ဖြစ်တဲ့အချိန်မှာ ဆေးကုခံချင်တာပေါ့၊ ဆရာဝန်ဆိုတာလဲ အဲဒီ လူနာတွေအတွက် အမြဲ အဆင်သင့် ဖြစ်နေရတာပဲ”

သူ့ကို ရှင်းပြသလိုနှင့် ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖျောင်းဖျ မိပါသည်။

“ဟုတ်တယ်နော်၊ ဖေဖေကပြောတယ်၊ လူတွေကို ဝေဒနာကနေ သက်သာအောင် လုပ်ပေးရတာ ကျေနပ်စရာ ကောင်းတယ်တဲ့”

သူ ဆရာဝန်ဖြစ်ချင်သည် ဟူသော ဆန္ဒမှာ သူ့အဖေ၏ လွှမ်းမိုးခံရမှုက တော်တော်အရေးပါသော အကြောင်း ဖြစ်ပါလိမ့်မည်။

## သမီး၏ အလွမ်းနှင့် ဖွင့်ဟဝန်ခံချက်

“သမီး မြို့မှာပဲနေပြီး ကျောင်းတက်ရင် ဆေးတက္ကသိုလ်ကို တက်ခွင့်ရလောက်အောင် အောင်မှတ်ကောင်း လိမ့်မယ်လို့ မထင်လို့ ဒီကိုလာတာလား”

ကျွန်မ သူ့ကို စစ်စစ်ပေါက်ပေါက် မေးမိသည်။

“သမီး မသိဘူး”

ကလေးမက မျက်လုံးကလေးဝိုင်းလျက် ကျွန်မအား ဇဝေဇဝါ ကြည့်လာပါသည်။

“ဖေဖေက ပို့လို့ လာတာလား”

“ဖေဖေက ဒီကို မပို့ချင်ပါဘူး၊ ဘိုးဘိုးကပို့တာ”

ကျွန်မ အနည်းငယ် အံ့သြသွားသည်။

“ဘိုးဘိုး ဆိုတာ . . .”

“ဖေဖေ့ရဲ့ အဖေ”

“...” ကျွန်မ ဘာမှ မပြောနိုင်။

“ဖေဖေ နဲ့ ဘိုးဘိုးနဲ့ စကားတွေ များကြသေးတယ်။ ဒါပေမဲ့ ဖေဖေက လျှော့လိုက်ရတယ်၊ ဒီတစ်နှစ်ပဲ ထားမှာတဲ့၊ တကယ်လို့ ဘိုးဘိုး ထင်သလို မဖြစ်လာရင် နောက်နှစ်တော့ သမီးကို ဖေဖေ့ဆီမှာပဲ ထားမှာတဲ့”

“ဒါဖြင့် သမီး စာမေးပွဲ ကျသွားနိုင်တယ်လို့ သမီးအဖေ ထင်နေတာလား”

သူအနည်းငယ် မျက်နှာ ညှိုးသွားသည်။

“အိမ်နဲ့ ခွဲရရင် သမီး ငိုနေလိမ့်မယ်လို့ ဖေဖေက ဘိုးဘိုးကို ပြောတာပဲ”

“တကယ်ရော သမီး ငိုနေတာပဲလား”

ကျွန်မမေးမိတော့ သူချက်ချင်း မျက်ရည်တွေ ရစ်ဝဲရာမှ ပြည့်လျှံသွားသည်။ ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သောအခါ ပြည့်လျှံနေသော မျက်ရည်တို့ လွင့်စဉ်ကျသွားလေသည်။ ကျွန်မသည် ကလေးမလေး၏ နုငယ်လှသော မျက်နှာလေးကို ငေးကြည့်ကာ ရင်ထဲမှာ စစ်ခနဲ နာကျင်သွားသည်။

“သမီး ဖေဖေနဲ့ မေမေကို အရမ်းသတိရတာပဲ အန်တီ”

“ဩော်... သမီးရယ်”

ကျွန်မ သူ့ပါးပြင်မှ မျက်ရည်စတို့ကို လက်ဖြင့် အသာအယာ ပွတ်သပ်ပေးမိသည်။

“အန်တီ ဖေဖေ့ကို ခေါ်ပေးမလားဟင်... အန်တီစကားဆို ဖေဖေ နားထောင်ချင်နားထောင်မှာပေါ့၊ သမီးဆီကို အလည်လာဖို့ ခေါ်ပေးပါလား”

ဘုရားရေ...

ကျွန်မ၏ တောင်းဆိုချက်ကို သူ့အဖေ လိုက်လျောမည်ဟု သူထင်နေခဲ့သည်။ ကျွန်မက သူ့အဖေအပေါ်မှာ ဘယ်တုန်းကမှ ဘာကိုမှ မတောင်းဆိုခဲ့ဖူးသည်ကို ကလေးမ မသိ။ တောင်းယူမှပေးမည့် အရာမျိုးကို သူ့အဖေထံမှ ကျွန်မ မလိုချင်ခဲ့ပါ။ သူမပေးနိုင်တာတစ်ခုကို တောင်းမိသွားမှာ ကျွန်မ စိုးရိမ်သည်။ ကျွန်မကို လိုက်လျောချင်စိတ်နှင့် မလိုက်လျောနိုင်သည့် ဆုံးဖြတ်ချက်တို့အကြားမှာ သူတွေဝေမှာကို ကျွန်မကြောက်သည်။

“သူမလာနိုင်တာကို လာပါလို့ခေါ်ရင် သူစိတ်မကောင်းဖြစ်ရုံပဲ ရှိမှာပေါ့ သမီးရဲ့၊ သူလာနိုင်ရင် လာမှာပေါ့”

ကျွန်မဖျောင်းဖျမိသည်။ သူလက်မခံပါ။

“မဟုတ်ဘူး၊ သူမလာနိုင်ဘူးလို့ အန်တီ ဘယ်လိုလုပ်သိတာလဲ၊ သူလာနိုင်တာ ဖြစ်ချင်ဖြစ်နေမှာပေါ့၊ နှစ်ရက်သုံးရက်တော့ ဆေးခန်းခဏပိတ်လို့ ရချင်ရမှာပေါ့”

“ရရင်လာမှာပေါ့ မဟုတ်ဘူးလား၊ မရလို့ မလာတာပေါ့”

“မဟုတ်ဘူး၊ သမီးဖေဖေ့ကို အရမ်းသတိရနေတယ်ဆိုတာ ဖေဖေမသိရင် လာလို့တော့ ရချင်ရနေမယ်၊ ဒါပေမဲ့ ဖေဖေဘယ်လာမလဲ၊ သမီး အရမ်းခံစားနေရတာကို ဖေဖေသိမှ လာဖို့ကြိုးစားမှာပေါ့၊ အဲလိုသိအောင် အန်တီက ပြောပေးရမှာပေါ့၊ ပြောပြမှ သိမှာပေါ့ အန်တီရဲ့၊ နော် . . . နော်”

ကျွန်မ ကလေးမကို ငေးမောသွားမိသည်။ ဟုတ်သလား။ သူပြောတာ မှန်သလား။ ပြောမပြဘဲ လာနိုင်ရင် လာမှာပေါ့ဟု ကြိတ်မှိတ်မျိုသိပ်ပြီး မျှော်လင့်နေရမှာနှင့် စာလျှင် အောက်မေ့ တသစိတ်ကို ဖွင့်ဟပြီး တောင်းဆိုလိုက်တာက ပိုပြီး သဘာဝကျသလား။ ကျွန်မ မသိပါ။

“နော်... အန်တီ၊ ဒီမှာ ဖေဖေ့သမီးက အရမ်းငိုနေတယ်လို့ ဖေဖေ့ကို ပြောပေါ့”

ကလေးမက ချွဲနွဲ့စွာ ပူဆာ၏။ ကျွန်မ စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်မိသည်။

“အရမ်းမှ မငိုပဲနဲ့၊ သမီးက တစ်ခါတစ်ခါမှ ငိုမိတာ မဟုတ်လား၊ အန်တီနဲ့သမီး ခဏခဏ စကားပြောမိ ရယ်မိကြတာပဲ ဥစ္စာ”

“အန်တီကလဲ တစ်ခါတစ်ခါ ငိုတာလဲ အရမ်းခံစားတာပဲ ဥစ္စာ၊ အဲလိုပြောမှ ဖေဖေ သမီးကို သနားပြီး လိုက်လျောမှာပေါ့”

“ကြည့်စမ်း... သမီး တော်တော်ဆိုးပါလား”

ကျွန်မ မချင့်မရဲ ပြုံးမိသည်။

“ဒါ ဆိုးတာ မဟုတ်ပါဘူး အန်တီရယ်၊ တစ်ခုခုဆိုတာ တောင်းမှ ရတာ မဟုတ်ဘူးလား၊ အဲဒါကြောင့်ပါ”

ကျွန်မ သူ့ကို ကတိတော့ မပေးခဲ့ပါ။

“အန်တီ စဉ်းစားမယ်လေ” ဟုသာ ပြောခဲ့သည်။

ကျွန်မ တကယ် စဉ်းစားရပါဦးမည်။

## အတိတ်နှင့် ပစ္စုပ္ပန် အလွှာကွာခြားချက်

အကယ်၍သာ သူလက်ထပ်သူမှာ ကျွန်မဖြစ်ခဲ့လျှင် ကေခိုင်သည် ကျွန်မ၏ သမီးလေး ဖြစ်လာမလား။ ထိုအတွေးသည် ကျွန်မကို အတိတ်ကာလ၏ ဝေဒနာတွေ ကြားမှာ နှောင်ဖွဲ့တင်းကျပ် သွားစေခဲ့သည်။

သမီး၏ ၁၅နှစ်၊ ၁၆နှစ် အရွယ် မျက်နှာလေးသည် သူ၏ အသက် ၂၂နှစ် အရွယ် မျက်နှာနှင့် အတူတူပဲ ဖြစ်သည်မို့ သမီးကို စကားပြောနေရင်း လွန်ခဲ့သည့် နှစ်များစွာက သူ့ကို ကျွန်မအနီးမှာ ပြန်လည်ရရှိလိုက်သလိုပဲ ခံစားလိုက်ရသည်။ အခုအခါမှာ အဲသည်တုန်းက ကျွန်မ မှားယွင်းခဲ့သလားဟု ပြန်စဉ်းစားကြည့်မိသောအခါ ကျွန်မ အနည်းငယ်တော့ တွေဝေသွားခဲ့သည်ဟု ကိုယ့်ကိုယ်ကို သတိထားမိ၏။

လိုချင်တာတစ်ခုကို အသနားခံတောင်းဆိုမှ၊ ပိုပိုကဲကဲလေး ဖွင့်ဟဝန်ခံမှ ရမည်ဆိုလျှင် နေပါစေတော့ဟု ကျွန်မ ခံယူခဲ့မိသည်။ ဘယ်တုန်းကမှ သူ့ကို ဘာမှ မတောင်းဆိုခဲ့ဖူးသည့်အတွက်လည်း ကိုယ့်ကိုယ်ကို နာကျင်မှုအကြားမှ ကျေနပ်ခဲ့မိသည်။ နှစ်ပေါင်းများစွာ ကြာသည်အထိ ကျွန်မ၏ အတိတ်ကို ကျွန်မ ပြန်နောင်တမရခဲ့ပါ။

အခုတော့ သမီး၏ စကားတစ်ခွန်းက ကျွန်မ၏ နှလုံးသားကို စူးစူးနစ်နစ်နာကျင်အောင် ထိုးဖောက်သွားခဲ့ပြီ။ ထိုအခါ ကျွန်မသည် ထိုညချမ်းတစ်ခုလုံးကို သူ့အကြောင်းတွေးတောရင်းဖြင့် အချိန်ဖြုန်းမိသွားတော့သည်။

ကျွန်မ မှားသွားသလား။ မှားခဲ့သည် ဆိုလျှင်လည်း ဘယ်တော့မှ ပြန်ပြင်၍ မရတော့မည့် အမှားပဲ။ ဘာကြောင့် ပြန်စဉ်းစားနေတော့မလဲ။ မစဉ်းစားနဲ့။ ကိုယ့်ကိုယ်ကို ရှုတ်ချမိသည်။ ဒါမှမဟုတ် ကျွန်မ မှန်ခဲ့တာလည်း ဖြစ်နိုင်၏။ သူ့ကို ကျွန်မတောင်းဆိုကြည့်ပေမယ့်လည်း သူ မလိုက်လျောနိုင်မည့် တောင်းဆိုချက်ကြီး ဖြစ်နေနိုင်ခဲ့တာပဲ။ သူ မလိုက်လျောနိုင်တာ သေချာသည့် အခွင့်အရေးတစ်ခုကို ကျွန်မတောင်းဆိုမိခဲ့လျှင် ကျွန်မကို သူမပေးလို့ သူ့ကို ကျွန်မ စိတ်ကွက်မိကောင်းကွက်မိမည်။ ကိုယ့်အဖြစ်ကို ရှက်မိကောင်း ရှက်မိနိုင်သည်။ သူလည်း ယခင်ထက်ပို၍ စိတ်ရှုပ်ထွေး ဦးနှောက်ခြောက်ခဲ့ပေလိမ့်မည်။ ဒါမှမဟုတ် ကျွန်မကို သူ သနားချင် သနားမိသွားနိုင်သည်။

အခုအတိုင်းလေးက မလှဘူးလား။ ကျွန်မ မသိပါ။

စာတစ်စောင် သို့မဟုတ် ဖုန်းကောလ်တစ်ခု

ဘာပဲဖြစ်ဖြစ် သူ့ထံသို့ ကျွန်မ စာတစ်စောင် ရေးရလိမ့်မည်။ သို့မဟုတ် တယ်လီဖုန်း ဆက်ရလိမ့်မည်။ သမီးပြောစေချင်သော သမီးအလွမ်းကို တစ်နည်းနည်းဖြင့် သူသိအောင် ပြောပြရပါလိမ့်မည်။

ကျွန်မ အမြဲအလွတ်ရလျက် ဘယ်တုန်းကမှ မဆက်သွယ်မိခဲ့သော ဖုန်းနံပါတ်ကလေးကို ငေးကြည့်နေ ခဲ့မိသည်က အကြိမ်ကြိမ်။ စာပဲ ရေးလိုက်ရမလား။ စာရေးတာက အကြိမ်ကြိမ် အသစ်ရေးလို့ ရသည်။ တယ်လီဖုန်းနှင့်ဆိုလျှင် စကားအသုံးအနှုန်း စကားလုံး တစ်ခုခု ချွတ်ချော်ပြောမိလျှင် ပြန်နှုတ်ယူလို့မရ၊ လွန်မြောက်ခဲ့ပြီ။ စာနှင့်ပဲ ပြောပြပါတော့မည်။

နှစ်ပေါင်းများစွာ မမြင်ရသည့် လက်ရေးကို စာအိတ်ပေါ်မှာ မြင်ရလျှင် သူဘယ်လို တုံ့ပြန်မှာလဲ။ ကြည်နူးသွားမလား။ အံ့ဩသွားမလား။ မျက်မှောင်ကြုတ်မိသွားမလား။

သို့မဟုတ် ကျွန်မ လက်ရေးကို သူမမှတ်မိတော့တာလည်း ဖြစ်နိုင်ပါသည်။

(၁ဝနှစ်ပြည့်ဆေးတပ်ဖွဲ့မဂ္ဂဇင်း / ချစ်ခြင်း၏အနုပညာနှင့်ဝတ္တုတိုများစာအုပ်မှ)