ဝေါလေဗျူဟာစခန်းတိုက်ပွဲကြောင့် ဒေသခံများ ထိုင်းနယ်စပ်ကို စစ်ဘေးရှောင်

ဝေါလေဗျူဟာစခန်းတိုက်ပွဲကြောင့် ဒေသခံများ ထိုင်းနယ်စပ်ကို စစ်ဘေးရှောင်

DVB
SourceDVB

AI Summary

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်အာဏာရှင်တပ်များအကြား ဇွန် ၂ ရက်နေ့က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ဒေသခံထောင်နှင့်ချီ ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့ကြသည်။ KNLA ပူးပေါင်းတပ်များက ဝေါလေဗျူဟာစခန်းကို တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း လေယာဉ်နှင့် လက်နက်ကြီးများဖြင့် ပြန်လည်ခုခံနေသောကြောင့် နှစ်ဖက်ထိခိုက်မှုများ ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖာပွန်မြို့နယ်တွင်လည်း မေ ၅ ရက်မှစ၍ စစ်ရေးအရ အရေးပါသော ဖာပွန်ဗျူဟာနှင့် တပ်စခန်းများ ပြန်လည်ရရှိရန် စစ်တပ်က လူအင်အား ၂,၀၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေစဉ် KNLA ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။ စစ်တပ်စစ်ကြောင်းများသည် ရှေ့ဆက်တိုးနိုင်ရန် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကို အများအပြား အသုံးပြုနေရကြောင်း တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောကြားခဲ့သည်။ လက်ရှိတွင် စစ်ကြောင်းများသည် ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွား လမ်းပေါ်ရှိ မိုင် ၄၀ နှင့် ကတိုင်တိကြားသို့ ရောက်ရှိနေပြီဖြစ်သည်။ မေလအတွင်း စစ်တပ်စစ်ကြောင်းများ အထိနာပြီးနောက် ကျောက်ကွင်းနှင့် ဝါးသိုထကျေးရွာများကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၇၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဤတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးနေရပြီး ကျေးရွာများပါ မီးရှို့ဖျက်ဆီးခံနေရသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။

ထိုင်းနယ်စပ်ကိုထွက်ပြေးလာသည့် ကရင်စစ်ဘေးရှောင်များ ။ Photo: CJ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်အာဏာရှင်တပ်တွေ ဇွန် ၂ ရက် ဒီကနေ့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ပြေး ဒုက္ခသည်အဖြစ် ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးလာကြပါတယ်။

စစ်အာဏာရှင်တပ်စွဲထားတဲ့ ဝေါလေဗျူဟာစခန်းကို  KNLA နဲ့ ပူးပေါင်း မဟာမိတ်တပ်တွေက ဒီနေ့ မနက် ၅ နာရီလောက်က စတင်ကာ အရှိန်မြင့်တိုက်ခိုက်နေပြီပြီး စစ်တပ်ဘက်ကလည်း Y 12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ပါ အပြင်းအထန်ပစ်ခတ်ခုခံနေလို့ နှစ်ဖက်ထိခိုက်မှုတွေ ရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာလည်း စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေ ကြားဖြတ် တိုက်ခိုက်ခံနေရတာကြောင့် ရှေ့ဆက်တိုးနိုင်ဖို့ စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူ ရယူနေရတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ဇွန် ၁ ရက်မှာ ပြောပါတယ်။

မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး စစ်တပ်က နယ်ခြားစောင့်တပ် (BGF) အကူအညီယူပြီး လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုး နေတာကြောင့် KNLA ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ် တိုက်ခိုက်ခံနေရပါတယ်။

လက်ရှိမှာ စစ်အာဏာရှင် စစ်ကြောင်းတွေဟာ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွား လမ်းပေါ်က မိုင် ၄၀ နဲ့ ကတိုင်တိကြားကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

တပ်မဟာ ၅၊ မူတြော်ခရိုင် (ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က “လောလောဆယ်တော့ သူတို့ (စစ်တပ်) မိုင် ၄၀ နဲ့ ကတိုင်တိကြားမှာ ရောက်ရှိနေတယ်။ လေကြောင်းတိုက်ခိုက်မှုကော လက်နက်ကြီးကော တောက်လျှောက်သုံးတယ်။ ဘယ်ပြောကောင်းမလဲ ပိုတိုးပြီး အများကြီး အသုံးပြုတယ်” လို့ ပြောပါတယ်။

မေ ၂၆ ရက် ည ၁ နာရီလောက်က စစ်တပ်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် အနီးနားက ကျောက်ကွင်း (လယ့်ကွယ်သို) ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၀၀ နီးပါး မီးလောင် ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မေ ၂၁ ရက်နဲ့  ၂၆ ရက် ည ၁ နာရီလောက်က အိမ်ခြေ ၇၀ လောက်ရှိတဲ့ ဝါးသိုထကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဝေါလေဗျူဟာစခန်းတိုက်ပွဲကြောင့် ဒေသခံများ ထိုင်းနယ်စပ်ကို စစ်ဘေးရှောင် | YGN Daily