
ခင်ဦးတွင် စစ်အုပ်စုတပ်က ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် တိုက်ခိုက်၊ ၂ ဦး သေဆုံးပြီး ဘုရားစေတီများ ပျက်စီး - BUR.MIZZIMA.COM
AI Summary
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ စည်ပုတ္တရာကျေးရွာရှိ ရွှေလင်းပင် ဘုန်းကြီးကျောင်းကို စစ်အုပ်စုတပ်ဖွဲ့က ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် အသေခံဒရုန်း လေးစီးဖြင့် တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် ကူညီလုပ်ကိုင်ပေးနေသည့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။ ထို့ပြင် ဘုန်းကြီးကျောင်း အဆောက်အအုံများ၊ ဘုရားစေတီများနှင့် ဆွမ်းစားဆောင်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။ စစ်အုပ်စုတပ်ဖွဲ့သည် ရွှေဘိုမြို့ရှိ ၎င်းတို့၏ သင်တန်းကျောင်းမှ ဒရုန်းများ လွှတ်တင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်နေဆဲဖြစ်သည်။ ထို့ကြောင့် ဒေသခံအဖွဲ့အစည်းများက ပြည်သူများအား လေကြောင်းရန်ကို သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း ရွာစဉ်ကျေးရွာကို တိုက်ခိုက်ခဲ့ရာ လူလေးဦးသေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ဖူးသည်။
ဓာတ်ပုံ- ခင်ဦးမြို့နယ်အနောက်မြောက်ခြမ်း၊ စည်ပုတ္တရာကျေးရွာ ရှိ ရွှေလင်းပင်ဘုန်ကြီးကျောင်းကို စစ်အုပ်စုတပ်ဖွဲ့ က ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင် အသေခံဒရုန်းများ ဖြင့်တိုက်ခိုက်ခဲ့ရာ ပျက်စီးသွား သည့် ဘုန်းကြီးကျောင်းဆောင်များ နှင့် စေတီများကိုတွေ့ ရစဉ်(CJ)
MTO (ဇွန် ၂ ရက်)
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း စည်ပုတ္တရာကျေးရွာရှိ ရွှေလင်းပင် ဘုန်းကြီးကျောင်းကို စစ်အုပ်စုတပ်ဖွဲ့က အသေခံဒရုန်း လေးစီးဖြင့် တိုက်ခိုက်ခဲ့ရာ၊ ဘုန်းကြီးကျောင်းတွင် ကူညီလုပ်ကိုင်ပေးနေသည့် အမျိုးသားတဦး(အသက် ၇၀ နှစ်) နှင့် အမျိုးသမီးတဦး(အသက် ၆၀ နှစ်) တို့ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် စစ်အုပ်စုတပ်၏ ရွှေဘိုမြို့ စခတ (၈) သင်တန်းကျောင်းမှ လွှတ်တင်လိုက်သည့် ဒရုန်းများဖြစ်ပြီး၊ ဘုန်းကြီးကျောင်း အဆောက်အအုံများ၊ ဘုရားစေတီများနှင့် ဆွမ်းစားဆောင်များလည်း ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် တိုက်နယ် (၃) ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုဂျိုကိုးလ်က ပြောသည်။
“သူတို့က လူမဟုတ်တော့ဘူး၊ ဘုရားရဲ့ နယ်မြေဆိုပြီးလည်း မသိတော့ဘူး၊ အသိတရားလည်း ရှိမှာမဟုတ်ဘူး။ ယုတ်မာတယ်၊ ရိုင်းစိုင်းတယ်။ ပြည်သူတွေ နေထိုင်ရာအရပ်ဆီကို နေ့စဉ် လေကြောင်းကနေ လူမဆန်စွာ ပစ်ခတ်နေတာ” ဟု ၎င်းက ပြောသည်။
မြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လေကြောင်းတိုက်ခိုက်မှုများကို စစ်အုပ်စုတပ်က မကြာခဏ ပြုလုပ်နေသဖြင့်၊ ဒေသခံများအနေဖြင့် လေကြောင်းရန်ကို သတိပြုနေထိုင်ကြရန် ဒေသခံအဖွဲ့အစည်းများက တိုက်တွန်းထားသည်။
စစ်အုပ်စုတပ်ဖွဲ့၏ ရွှေဘိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ အရပ်လေးမျက်နှာသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုများလည်း ရှိနေကြောင်း ကိုဂျိုကိုးလ်က ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ကလည်း ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့က ဂျက်ဖိုက်တာ အပါအဝင် အသေခံဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ လေးဦး သေဆုံးပြီး နေအိမ် ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
ဓာတ်ပုံ- ခင်ဦးမြို့နယ်အနောက်မြောက်ခြမ်း၊ စည်ပုတ္တရာကျေးရွာ ရှိ ရွှေလင်းပင်ဘုန်ကြီးကျောင်းကို စစ်အုပ်စုတပ်ဖွဲ့ က ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင် အသေခံဒရုန်းများ ဖြင့်တိုက်ခိုက်ခဲ့ရာ ပျက်စီးသွား သည့် ဘုန်းကြီးကျောင်းဆောင်များ နှင့် စေတီများကိုတွေ့ ရစဉ်(CJ)