
စစ်အာဏာရှင်ကို အိန္ဒိယက ဆက်ဆံမှု တရုတ်ဩဇာလွှမ်းမိုးမှုအား တန်ပြန်ရန်ဖြစ်နိုင်ဟု သုံးသပ်
AI Summary
အိန္ဒိယက မင်းအောင်လှိုင် ဖိတ်ခေါ်၊ တရုတ်ဩဇာ တန်ပြန်ရန် ရည်ရွယ်။ မေ ၃၀ ရက်တွင် အိန္ဒိယသွားမည်၊ ဇွန် ၁ ရက် မိုဒီနှင့်တွေ့မည်၊ ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး ဆွေးနွေးမည်။ ဤဖိတ်ခေါ်မှုသည် စစ်ကောင်စီအတွက် သံတမန်ထွက်ပေါက်ဖြစ်၊ ဒီမိုကရေစီလိုလားသူများ စိုးရိမ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ကို အိန္ဒိယက ဖိတ်ခေါ် အသိအမှတ်ပြုဆက်ဆံလာတာဟာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ရယ်နဲ့ တရုတ်အစိုးရရဲ့ ဒေသတွင်း စီးပွားရေးနဲ့ လုံခြုံရေးဖိအားပေးမှု တွေကို မျှခြေယူနိုင်ဖို့ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက အသိအမှတ်ပြုဖိတ်ကြားတာကြောင့် စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ မေ ၃၀ ရက်မှာ အိန္ဒိယနိုင်ငံကိုသွားရောက်မှာဖြစ်ပြီး ဇွန် ၁ ရက်မှာ မိုဒီနဲ့ တွေ့ဆုံမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံမဲ့ အစီအစဉ်တွေအရ ကုန်သွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို အဓိက ဆွေးနွေး သွားဖို့ ရှိနေတာပါ။
၂၀၂၅ ဩဂုတ်လကုန်ပိုင်းက မိုဒီနဲ့ စစ်ခေါင်းဆောင်တို့ တရုတ်နိုင်ငံ၊ တီရန်ကျင်းမြို့မှာပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆွေးနွေးပွဲမှာ သီးခြားတွေ့ဆုံမှုပြုလုပ်ခဲ့ပါသေးတယ်။
အဲ့ဒီတုန်းက တွေ့ဆုံမှုအသေးစိတ်ကို နှစ်ဖက်စလုံးက အတိအကျမထုတ်ပြန်ခဲ့ပေမဲ့ ဝန်ကြီးချုပ် မိုဒီ က အဲ့ဒီအချိန်ကတည်းက စစ်ခေါင်းဆောင်ကို ထိတွေ့ဆက်ဆံပြီး အသိအမှတ်ပြုတဲ့ အရိပ်အယောင် ရှိခဲ့တာပါ။
စစ်ခေါင်းဆောင်ဟာ တရုတ်အစိုးရနဲ့ မဟာမိတ်သဖွယ်ရှိနေပေမဲ့ တရုတ်အစိုးရရဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ အိန္ဒိယနဲ့ အမေရိကန်အစိုးရတို့ရဲ့ အသိအမှတ်ပြုမှုတစုံတရာရဖို့ ကြိုးစားမှုတွေလည်း ဆက်တိုက် ပြုလုပ်ခဲ့တာတွေ့ရပါတယ်။
Burma Research Institute တည်ထောင်သူ ဇိုသုန်းမှုန်က “အတုအယောင် အကြမ်းဖက် သမ္မတ မင်းအောင်လှိုင်ကို တရားဝင်သမ္မတ ဆိုပြီးတော့ လက်ခံတဲ့ဟာတော့ ကျနော် တော်တော်လေး အံ့ဩတယ်။ အခု အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန် ကောင်းကောင်းလေး ပူးပေါင်းသွားမယ်ဆိုရင် တရုတ်ကို လုံးလုံးမထိန်းနိုင်ရင်တောင်မှ အိန္ဒိယအတွက်ကတော့ တော်တော်လေး အသက်ရှုချောင်မယ်လို့ ကျနော်နားလည်တယ်။ ပြည်နယ်အဆင့်မှာတော့ မီဇိုရမ်ပြည်နယ် ချင်းဒုက္ခသည်ပဲဖြစ်ဖြစ် ကြိုဆိုတယ်၊ ပြည်သူတွေ ကျနော်တို့က ကျေးဇူးတင်တယ်။ ဒါပေမဲ့ အဓိကကတော့ နယူးဒေလီရဲ့ ပေါ်လစီအရေးကြီးတယ်။ အခုလိုမျိုး နယူးဒေလီကနေ မင်းအောင်လှိုင်ကို တရားဝင်သမ္မတဆိုပြီးလက်ခံတဲ့ဟာကတော့ ဝမ်းနည်း စရာဖြစ်ပါတယ်။ နိုင်ငံခြားရေးမူဝါဒရှုထောင့်ကနေ သုံးသပ်မယ်ဆိုရင် ပထမဆုံးသူသွားသင့်တာက တရုတ်၊ ဒုတိယက ရုရှား၊ မင်းအောင်လှိုင်အနေနဲ့ ပထမဆုံးသူသွားသင့်တာက ဘေဂျင်းကိုသွားရမှာ၊ ဘာဖြစ်လို့ တရုတ်ကို ဘေဂျင်းကိုမသွားတာလဲ၊ အဲ့ဒါမေးခွန်းထုတ်စရာ အကြီးကြီးပဲ”လို့ ပြောပါတယ်။
နယူးဒေလီမှာပြုလုပ်ခဲ့တဲ့ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ပူးပေါင်းထားတဲ့ Quad အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲကြေညာချက်ကို မေ ၂၆ ရက်က ထုတ်ပြန်ခဲ့တာမှာ မြန်မာနိုင်ငံတွင်းပဋိပက္ခတွေအတွက် တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းထားသလို မြန်မာနယ်စပ်နဲ့ အရှေ့တောင်အာရှတွင်း အွန်လိုင်းလိမ်လည်မှုစင်တာတွေပြဿနာနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ အရေးကို အသားပေးဖော်ပြထားပါတယ်။
Quad အဖွဲ့ရဲ့ကြေညာချက်ထွက်ပေါ်ပြီး ၂ ရက်အကြာမှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ခေါင်းဆောင်ကို ဖိတ်ကြားကြောင်း ကြေညာခဲ့တာပါ။
Quad အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းတာဝန်တွေကတော့ အင်ဒို-ပစိဖိတ် ဒေသတွင်း လွတ်လပ်ပွင့်လင်းတဲ့ ရေကြောင်းနယ်နိမိတ် ထိန်းသိမ်းရေး၊ တရုတ်နိုင်ငံရဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အသာစီးရယူမှုတွေကို တန်ပြန်ချိန်ညှိဖို့၊ ဒေသတွင်း အရေးကြီးတဲ့ သတ္တုတွင်း လုပ်ငန်းတွေ၊ နည်းပညာတွေနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေအတွက် အပြန်အလှန် ပူပေါင်းဆောင်ရွက် နိုင်ဖို့၊ ဒေသတွင်း လုံခြုံရေး၊ ဖွံဖြိုးရေးနဲ့ လူသားစာနာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့စတဲ့ အချက်တွေဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ ခင်သီရိနန္ဒာစိုးက “ချိန်ညှိတာတွေ၊ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ရယ်၊ နောက်တခါ အိန္ဒိယမှာ အိမ်နီးချင်းပထမမူဝါဒ၊ Neighbourhood First ဆိုတဲ့ မူဝါဒကို သူက ဆက်ပြီးတော့မှ သူက ဆက်ပြီး ကာကွယ်ထားဖို့အတွက် စစ်ကောင်စီနဲ့ ဆက်ဆံရမယ်ဆိုတဲ့ အိန္ဒိယရဲ့သံတမန်ရေးအမြင်ပေါ့နော်၊ သူတို့က သိသိသာသာချပြလိုက်တာ ဖြစ်တယ်ပေါ့နော်။ ကျမတို့နွေဦးတော်လှန်ရေးအပေါ်မှာ သံတမန်ရေးအရ ထိုးနှက်ချက်တွေ ဖြစ်လာတယ်။ အထီးကျန်နေတဲ့ စစ်ကောင်စီကို သံတမန်ရေးအရ ထွက်ပေါက်တခုပေးလိုက်တာပဲ။ ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေအတွက်က ကြီးမားတဲ့စိန်ခေါ်ချက်ဖြစ်တယ်။ စစ်ကောင်စီက ဒီခရီးကိုသွားလို့ရှိရင် အဆင့်မြင့်တဲ့ စစ်လက်နက်ပစ္စည်းတွေ ဒါမှမဟုတ်ရင် နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်တာတွေရရှိဖို့ ကြိုးပမ်းမှာပဲ။ အဲ့ဒီကနေပြီးတော့မှ တော်လှန်ရေးနယ်မြေတွေအပေါ်မှာ ဖိအားတွေ ပိုများလာတာမျိုးတွေ နောက်ဆက်တွဲ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်ပေ့ါနော်။”
စစ်ခေါင်းဆောင်ဟာ အိန္ဒိယနဲ့သံတမန်ရေးထိတွေ့နိုင်ဖို့ အဆက်မပြတ်ကြိုးစားခဲ့တဲ့အပြင် အမေရိကန်အစိုးရနဲ့ ထိတွေ့နိုင်ဖို့အတွက်လည်း ဒေါ်လာသန်းချီအသုံးပြုပြီး လော်ဘီကုမ္ပဏီတွေ ငှားရမ်းတာအပါအဝင် နည်းလမ်းစုံအားထုတ်မှုတွေရှိခဲ့တာပါ။
တရုတ်အစိုးရရဲ့ထောက်ခံမှုနဲ့ အရပ်သားအစိုးရအသွင်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပေမဲ့ စစ်ခေါင်းဆောင် ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဟာ အမေရိကန်နဲ့မဟာမိတ်သဖွယ်ရှိနေတဲ့ အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်ခဲ့ပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် Chin Community of U.S.A, Inc.,(D.C Area) ဥက္ကဋ္ဌ ဒေါင်ခုပ်က “ဒီစီမှာ စကစက တခုပြီးတခု သူတောက်လျှောက်လုပ်နေတယ်၊ တိုးနေတယ်။ ကျနော်တို့မှာ ဘာမှကို မလုပ်နိုင်ဘူး။ ပြီးရင် ကျနော်တို့ကိုထောက်ခံတဲ့ အနောက်တိုင်းနိုင်ငံတွေပဲဖြစ်ဖြစ် အမေရိကန်ရဲ့ ဆီနိတ်တာတွေပဲဖြစ်ဖြစ်ပေါ့လေ ကျနော်တို့က အမိအရ တယောက်မှ တနိုင်ငံကိုမှ ကျနော်တို့က မဆုပ်ကိုင်နိုင်ဘူး၊ အမိမဖမ်းနိုင်ဘူး၊ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်၊ ကျနော်တို့ ရှိနေတဲ့ ရင်းမြစ်တွေကို မသုံးတတ်ဘူး”လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် Global Firepower အညွှန်းကိန်းအရ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေစာရင်းမှာ တရုတ်က နံပတ် ၃ ဖြစ်ပြီး အိန္ဒိယက နံပတ် ၄ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံ ၂ ခုရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေခဲ့ပြီး ၂ နိုင်ငံစလုံးရဲ့ အင်အားပြိုင်ဆိုင်လွှမ်းမိုးလိုမှုအောက်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရုရှားနိုင်ငံဟာ စစ်အင်အားကြီးနိုင်ငံစာရင်းမှာ နံပတ် ၂ ဖြစ်ပြီး အမေရိကန်ကတော့ နံပတ် ၁ ဖြစ်ပါတယ်။
ဒီအင်အားကြီးနိုင်ငံတွေရဲ့ တွန်းထိုးပြိုင်ဆိုင်မှုနဲ့ အသာစီးယူလိုမှုတွေအကြားမှာ မြန်မာစစ်တပ်ဟာ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေခဲ့တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။