ဆောတွင် ဘုန်းကြီးအပါ ပြည်သူ ၆ ဦးကို စစ်တပ်က သတ်ပြီး အိမ်အလုံး ၆၀ နီးပါး မီးရှို့ဖျက်ဆီး

ဆောတွင် ဘုန်းကြီးအပါ ပြည်သူ ၆ ဦးကို စစ်တပ်က သတ်ပြီး အိမ်အလုံး ၆၀ နီးပါး မီးရှို့ဖျက်ဆီး

DVB
SourceDVB

AI Summary

မကွေးတိုင်း ဆောမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်က မေလအတွင်း ဒေသခံပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လူနေအိမ် ၆၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါလုပ်ရပ်များမှာ စစ်တပ်၏ နယ်မြေစိုးမိုးရေးနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်ခံရသူများတွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး၊ CDM ကျောင်းဆရာတစ်ဦးနှင့် ဒေသခံပြည်သူများ ပါဝင်သည်။ ဤဖြစ်စဉ်ကြောင့် ဒေသခံများမှာ နေအိမ်များ ဆုံးရှုံးခဲ့ရပြီး အနီးနားရှိ ကျေးရွာများမှ ပြည်သူများမှာလည်း ၁၀ ရက်ကျော်ကြာ စစ်ဘေးရှောင်နေကြရသည်။ လက်ရှိတွင် စစ်တပ်သည် တပြင်းကျေးရွာ၌ တပ်စွဲထားပြီး ဒေသခံများ၏ ပစ္စည်းများကို ခိုးယူခြင်းနှင့် ဆက်လက်စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ အထူးသတိပြုနေထိုင်လျက်ရှိသည်။

Photo : ယောအလင်းတန်း

မကွေးတိုင်း၊ ဆောမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်စစ်​ကြောင်းဟာ မေလအတွင်း ဘုန်းကြီးတပါးအပါအဝင် ပြည်သူ ၆ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသလို လူနေအိမ်အလုံး ၆၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မေ ၁၈ ကနေ ၂၆ ရက်အထိ စစ်တပ်စစ်ကြောင်းက တပြင်းရွာဘုန်း​ကြီးကျောင်းမှ ကျောင်းထိုင် ဦးပဥ္စင်းတပါး၊ CDM ကျောင်းဆရာ တယောက်နဲ့ ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့တာလို့ ဆောမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျောင်းထိုင်ဦးပဥ္စင်းက ကျောင်းထဲမှာပဲ အသတ်ခံရတာပါ။ CDM ကျောင်းဆရာ ကိုမျိုးမင်းကျော် ကတော့ စစ်ရှောင်စခန်းတခုနားမှာ စစ်တပ်စစ်ကြောင်းနဲ့တွေ့ပြီး လေကြောင်းသတိပေးချက်တွေ နားထောင်တဲ့ စကားပြောစက်နဲ့အတူ အဖမ်းခံရပြီးတော့ လမ်းမှာ အသတ်ခံရတာပါ။ ကျန်တဲ့သူတွေကလည်း တပြင်းရွာထဲနဲ့ ရွာအပြင်ဘက်တွေမှာ အသတ်ခံခဲ့ရတာဖြစ်ပြီးတော့ နောက်တယောက်ကတော့ ရွာသာရွာဘက်ကမှာ အသတ်ခံရတာပါ။”

စစ်တပ်စစ်ကြောင်းရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တပြင်းကျေးရွာဘုန်း​ကြီးကျောင်းက သက်တော် ၃၆ နှစ်အရွယ် ကျောင်းထိုင်ဘုန်းကြီးတပါး၊ အသက် ၃၄ နှစ်အရွယ် မတင်မာစိုး၊ အထက်တန်းပြ ရူပဗေဒဘာသာရပ်သင် အသက် ၄၁ နှစ်အရွယ် CDM ကျောင်းဆရာ ဦးမျိုးမင်းကျော်၊ အသက် ၂၀ ကျော်အရွယ် ကိုတာတေ နဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား တယောက်၊ ရွာသာကျေးရွာအနီးမှာလည်း အသက် ၄၀ အရွယ် အမျိုးသားတယောက်တို့ သေဆုံးခဲ့ရတာပါ။

စစ်တပ်စစ်ကြောင်းရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ CDM ကျောင်းဆရာ ဦးမျိုးမင်းကျော်ဟာ ဆောမြို့နယ်အတွင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းမှာ တာဝန်ထမ်း​ဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆောမြို့နယ် ပကဖ ရဲ့တာဝန်ခံက “၂၆ ရက်နေ့ မနက်စောပိုင်းမှာ အဲဒီစစ်ကြောင်းထဲမှာပါတဲ့ တဝက်လောက်က တပြင်းရွာဘက်ကနေ ရွာသာရွာဘက်ကို ကူးလာတော့ လမ်းကနေ ကြားဖြတ်တိုက်ခိုက်လိုက်လို့ တိုက်ပွဲငယ် ဖြစ်ခဲ့သေးတယ်။ အဲဒီတိုက်ပွဲကနေ အထိနာပြီးတော့ ရွာသာရွာထဲကို ဝင်ပြေးသွားကြပြီး ရွာထိပ်နားမှာတွေ့တဲ့ အသက် ၄၀ လောက် အမျိုးသား တယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်သွားတာ။ ရွာသာရွာထဲကို တနေကုန် မီးရှို့သွားတာ အိမ်ခြေ ၃ ပုံ ၂ လောက် မီးလောင်ပျက်စီးတယ်။ အိမ်ခြေအားဖြင့်ဆိုရင်တော့ အိမ်အလုံး ၆၀ နီးပါးလောက် မီးလောင်ပျက်စီးပါတယ်။ တပြင်းရွာနဲ့ ရွာသာရွာတွေအပြင် ဘေးရွာတွေက ပြည်သူ​တွေကတော့ ထွက်ပြေးနေကြရတာ ၁၀ ရက်ကျော်လောက်ရှိပြီပေါ့ဗျ” လို့ DVB ကို ပြောပါတယ်။

တပြင်းကျေးရွာအတွင်းမှာ အထိုင်ချတပ်စွဲနေကြတဲ့ စစ်တပ်လက်အောက်ခံတွေဟာ မေ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ စစ်ဘေးရှောင် ထွက်ပြေးသွားကြတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကားတွေနဲ့ ခိုးယူသယ်ဆောင်ခဲ့ကြတယ်လို့ ဆိုပြောပါတယ်။

စစ်တပ်ဟာ ယောဒေသအတွင်းက ဆောမြို့နယ်နဲ့ ကျောက်ထုမြို့နယ်တွေထဲကို အင်အားအလုံးအရင်းနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အဆမတန် ပြုလုပ်နေတာဖြစ်လို့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်တဲ့ စစ်ရေးသတင်းတွေကို အထူးသတိပြုလိုက်နာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated