ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံကိန်းနှင့် စာရွက်ပေါ်က ဓာတ်ငွေ့သိုက်များ
general||11 MIN READ

ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံကိန်းနှင့် စာရွက်ပေါ်က ဓာတ်ငွေ့သိုက်များ

Back to News

AI Summary

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ဓာတ်ငွေ့သိုက်သစ်များတွေ့ရှိပြီး စီးပွားဖြစ်တူးဖော်မည်ဟု စစ်ကောင်စီက ဝါဒဖြန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်သည် 3D Seismic စမ်းသပ်မှုအပေါ်သာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့တွင် စမ်းသပ်တွင်းများတူးဖော်မှသာ အတည်ပြုနိုင်မည်ဖြစ်၍ စွမ်းအင်ကျွမ်းကျင်သူများက သံသယရှိနေကြသည်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာသွားခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူရှာဖွေရန် အခက်အခဲရှိနေသည်။ ဤလုပ်ဆောင်ချက်သည် စစ်ခေါင်းဆောင်၏ ရက်တစ်ရာစီမံကိန်းတွင် တိုးတက်မှုရှိကြောင်း ပြသလိုသည့် ဝါဒဖြန့်ချိမှုသာဖြစ်ကြောင်း NUG အစိုးရက ဝေဖန်ထားသည်။ လက်ရှိတွင် စစ်ကောင်စီသည် ဓာတ်ငွေ့လုပ်ငန်းမှရရှိသည့် ဝင်ငွေများကို စစ်ရေးအတွက် အသုံးပြုနေသဖြင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြားမှ ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေသည်။

ထင်ရှားသော ပြောကြားချက်များ

"Propaganda (ဝါဒဖြန့်ချိမှု) တွေပါပဲ။ တစ်ဖက်မှာလည်း မအလ(ဦးမင်းအောင်လှိုင်) ကိုယ်တိုင်ထက် သူတို့ ခန့်ထားတဲ့ ဝန်ကြီးဆိုသူတွေက မျက်နှာရအောင် ကြွားကြတာလည်း ဖြစ်နိုင်တယ်။ ရေနံလောကနဲ့ ကျောက်မျက်လောကမှာလည်း အဲဒီလို မြှောက်ပင့်ပေးနေသူတွေက ရှိတယ်လေ"

"တကယ်တမ်းဘာမှ ထိရောက်တာ မရှိတော့ ရက် ၁၀၀ အတွင်းမှာ တိုးတက်မှု ပြချင်တဲ့ သဘောလို့ မြင်ပါတယ်"

"မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့သိုက်တွေက ရှိနေပါသေးတယ်။ ဒီကနေရတဲ့ ငွေတွေဟာ ပြည်သူ့ဘဏ္ဍာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပိုက်ဆံတွေကို ပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေးတိုးတက်ဖို့တော့ တစ်ခါမှ မသုံးခဲ့ရပါဘူး"

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်မတိုင်မီ ရက်ပိုင်းအတွင်း မြန်မာ့ကမ်းလွန်ပင်လယ်တွင် ဓာတ်ငွေ့သိုက်သစ်ကြီးများတွေ့ထားပြီး စီးပွားဖြစ်တူးဖော်မှုများစတင်သွားမည်ဟု စစ်တပ်ထိန်းချုပ် သတင်းစာများတွင် ဝေဝေဆာဆာဖော်ပြခဲ့သည်။

လက်ရှိတူးဖော်ထုတ်လုပ်နေသည့် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းကြီးများအနီး ဓာတ်ငွေ့သိုက်လေးခုကို တွေ့ရှိအတည်ပြုထားပြီး ဧရာဝတီနှင့် တနင်္သာရီကမ်းလွန်ရှိ ဓာတ်ငွေ့စီမံကိန်းနှစ်ခုမှာ အလားအလာ ကောင်းကြောင်း ဇွန်လ ၁၅ ရက်ထုတ် ထိုသတင်းစာများတွင် ဖော်ပြခဲ့သည်။

စီမံကိန်းအမည်နှင့် နေရာအတိအကျ ဖော်ပြခြင်းမရှိသော်လည်း ဧရာဝတီကမ်းလွန်လုပ်ကွက်မှာ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၄ ထရီလီယံနှင့် တနင်္သာရီကမ်လွန်းလုပ်ကွက်မှာ ဘူမိဗေဒနည်းအရ ၉၀ ရာခိုင်နှုန်း သေချာသော ဓာတ်ငွေ့ပမာဏ ကုဗပေ ၉၅ ထရီလီယံရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်မှာ ပင်လယ်ရေအောက် သဲကြောများကို 3D Seismic ဟုခေါ်သည့် အသံလှိုင်းသုံး ဘူမိရူပဗေဒဆန်းစစ်ချက်များကို အခြေခံ၍ ခန့်မှန်းထားခြင်းသာဖြစ်ပြီး လက်တွေ့ ရှိမရှိကိုမူ အမေရိကန်ဒေါ်သန်းရာချီအကုန်ကျခံ၍ စမ်းသပ်တွင်း အနည်းဆုံး သုံးတွင်းထက်မနည်း တူးဖော်ပြီးမှ သိရှိနိုင်မည်ဖြစ်ကြောင်း စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူများက ထောက်ပြကြသည်။

အလားအလာကောင်းသည်ဆိုသော စီမံကိန်းများအနက် တနင်္သာရီကမ်းလွန်ရှိ ဓာတ်ငွေ့ပမာဏ ၉၅ ထရီလီယံကုဗပေထွက်ရှိနိုင်သည်ဆိုသော ဓာတ်ငွေ့လုပ်ကွက်မှာ စင်ကာပူတွင်မှတ်ပုံတင်ထားသော ကနေဒါအခြေစိုက် CFG Energy Pte., Ltd က လုပ်ကိုင်ခွင့်ရထားသော M-15 လုပ်ကွက်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ထိုလုပ်ကွက်တွင် ဓာတ်ငွေ့ပမာဏ ၉၅ ထရီလီယံကုဗပေရှိသည်ဆိုသော ထုတ်ပြန်ချက်မှာ လုပ်ကိုင်ခွင့်ရ CFG နှင့် တတိယအဖွဲ့အစည်းဖြစ်သော စွမ်းအင်ဆိုင်ရာ အကြံပေးအဖွဲ့ GCA (Gaffney, Cline & Associates) တို့၏ မူလခန့်မှန်းချက်နှင့် များစွာကွာဟကြောင်း Myanmar Now က ရရှိထားသည့် ၂၀၁၆  ခုနှစ် ဧပြီလတွင် CFG ကုမ္ပဏီက ထုတ်ပြန်ခဲ့သည့် ရင်းနှီးမြှုပ်နှံသူရှာဖွေရေးတင်ပြချက်များတွင် တွေ့ရသည်။

ထိုလုပ်ကွက်ကို CFG ကုမ္ပဏီက ဓာတ်ငွေ့ ၂၄ ထရီလီယံကုဗပေရှိနိုင်ကြောင်းခန့်မှန်းထားပြီး GCA က ၁၃ ဒသမ ၇ ထရီလီယံကုဗပေရှိနိုင်ကြောင်း ခန့်မှန်းထားကာ အမှန်တကယ် စီးပွားဖြစ်ထုတ်ယူနိုင်သော ပမာဏမှာ ကုဗပေ ၆ ဒသမ ၅ ထရီလီယံထုတ်ယူနိုင်မည်ဟု ထိုမှတ်တမ်းတွင် ခန့်မှန်းခဲ့သည်။

ထို့ကြောင့် ထိုလုပ်ကွက်မှ စီးပွားဖြစ်ထုတ်ယူနိုင်စွမ်းမှာ ၄၇ ရာခိုင်နှုန်းသာရှိနိုင်၍ လက်ရှိတူးနေသော ရတနာစီမံကိန်းတွင် စီပွားဖြစ်ထုတ်ယူနိုင်မှု ၈၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင်များစွာနည်းပါးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အကြံပေးအရာရှိတစ်ဦးက ပြောသည်။

ထိုစီမံကိန်းအတွက် စီးပွားဖြစ်ထုတ်လုပ်မှုမတိုင်မီ ကြိုတင်ပြင်ဆင်မှုများအတွက် အမေရိဒေါ်လာသန်း ၁၃၀ လိုအပ်ပြီး စီပွားဖြစ်ထုတ်လုပ်မှုအဆင့်တွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ လိုမည်ဟု ကုမ္ပဏီမှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် စစ်အုပ်စုကို ပစ်မှတ်ထားပိတ်ဆို့ထားသလို ပြင်သစ် Total၊ အမေရိကန် Chevron (Unocal) နှင့် နိုင်ငံတကာစွမ်းအင် ကုမ္ပဏီကြီးများ မြန်မာပြည်မှထွက်ခွာသွားသည်။ ထိုအကျပ်အတည်းများအောက်တွင် ရင်းနှီးမြှုပ်နှံသူ ရှာဖွေရန် အကျပ်အတည်းတွေ့နိုင်ကြောင်း စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူများက ဆိုသည်။

ထို့ကြောင့် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ စွမ်းအင်ဝန်ကြီးဌာန၏ ဓာတ်ငွေ့သိုက်များနှင့်ပတ်သက်သော ထုတ်ပြန်ချက်သည် ရွေးကောက်ပွဲကို စိတ်တိုင်းကျကျင်းပပြီး ကိုယ့်ကိုယ်ကိုယ် သမ္မတပြန်ခန့်ထားသော စစ်ခေါင်းဆောင်၏ ရက်တစ်ရာစီမံကိန်းတွင် တိုးတက်မှုများရှိနေကြောင်း ဝါဒဖြန့်လိုခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက Myanmar Now ကို ပြောသည်။

“Propaganda (ဝါဒဖြန့်ချိမှု) တွေပါပဲ။ တစ်ဖက်မှာလည်း မအလ(ဦးမင်းအောင်လှိုင်) ကိုယ်တိုင်ထက် သူတို့ ခန့်ထားတဲ့ ဝန်ကြီးဆိုသူတွေက မျက်နှာရအောင် ကြွားကြတာလည်း ဖြစ်နိုင်တယ်။ ရေနံလောကနဲ့ ကျောက်မျက်လောကမှာလည်း အဲဒီလို မြှောက်ပင့်ပေးနေသူတွေက ရှိတယ်လေ” ဟု ၎င်းက ဆိုသည်။

“တကယ်တမ်းဘာမှ ထိရောက်တာ မရှိတော့ ရက် ၁၀၀ အတွင်းမှာ တိုးတက်မှု ပြချင်တဲ့ သဘောလို့ မြင်ပါတယ်”

ရေနံနှင့်သဘာဝဓာတ်ငွေ့လောက၏ ဖြစ်လေ့ဖြစ်ထရှိသည့် ထုံးစံများကဲ့သို့ လုပ်ကိုင်ခွင့်ရထားသည့် အော်ပရေတာကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်ရန်ကြိုးပမ်းမှုလည်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး လက်ရှိတွင် တိုင်းလွတ်တော် ဥက္ကဋ္ဌ နေရာယူထားသော ဦးမြတ်ကိုနှင့် FG ကုမ္ပဏီက ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာSongning Shen တို့ မေလကုန်တွင်တွေ့ဆုံခဲ့ပြီး ဓာတ်ငွေ့တူဖော်ရေးလုပ်ငန်းများကို ယခုနှစ်ကုန်တွင်စတင်ရန် ဆွေးနွေးခဲ့သည်။

ထိုအခြေအနေနှင့်ပတ်သက်၍ CFG ကုမ္ပဏီကို Myanmar Now က အီးမေးမှ မေးမြန်းသော်လည်း အကြောင်းမပြန်သေးပါ။

စစ်အုပ်စုထုတ်ပြန်သော စီမံကိန်းလေးခုအနက် အခြားသောစီမံကိန်းတစ်ခုမှာ မုတ္တမကမ်းလွန်ရှိ လုပ်ကွက် M-10 “မင်းရဲသူ” စီမံကိန်းဖြစ်နိုင်ကြောင်း သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုစီမံကိန်းစတင်ရန် ထိုင်းနိုင်ငံသားပိုင် Gulf Petroleum Myanmar ကုမ္ပဏီနှင့် စစ်ကောင်စီထိန်းချုပ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) တို့ ၂၀၂၅ ခုနှစ် မေလတွင် ရေနံနှင့် ဓာတ်ငွေ့တူးဖော်ရန် ထုတ်လုပ်မှုခွဲဝေခံစားရေးစာချုပ် (Production Sharing Contract-PSC) လက်မှတ်ရေးထိုးခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် မုတ္တမကမ်းလွန်ရှိ ရဲတံခွန်ရေနံစီမံကိန်းအော်ပရေတာ မလေးရှားနိုင်ငံပိုင် Petronas နှင့် အခြားကုမ္ပဏီများထွက်ခွာသွားပြီးနောက် Gulf Petroleum Myanmar ကုမ္ပဏီသည် ရဲတံခွန်စီမံကိန်းအော်ပရေတာအဖြစ်လုပ်ပိုင်ခွင့်ရထားသလို မင်းရဲသူစီမံကိန်းအသစ်ကိုလည်း တူးဖော်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ထိုလုပ်ကွက်နေရာကို တရုတ်အစိုးရပိုင် China National Offshore Oil Corporation (CNOOC) ကုမ္ပဏီနှင့် MOGE တို့ စာချုပ်ချုပ်ဆို၍ ရေနံရှာဖွေရေးတွင်းပေါင်း လေးတွင်းအထိ တူးခဲ့သော်လည်း ဓာတ်ငွေ့အနည်းငယ်သာတွေ့ရှိပြီး စီးပွားဖြစ်မထုတ်လုပ်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ် ဝန်းကျင်တွင် ပြန်လည်အပ်နှံခဲ့ကြောင်း ထိုသတင်းရင်းမြစ်က ဆိုသည်။

“CNOOC ကအတွေ့အကြုံများတဲ့ ကုမ္ပဏီတစ်ခုပါ။ 3D seismic တိုင်းပြီး ရှာဖွေရေးတွင်း (အကဲဖြတ်တွင်းအပါ) လေးတွင်းတူးခဲ့ရာမှာ အရန်ဓာတ်ငွေ့သိုက် ပမာဏ ၁ ဒသမ TCF (ထရီလီယံကုဗပေ)  လောက်ဘဲ ရှာတွေ့လို့ ကမ်းလွန်လုပ်ငန်းသဘောတရားအရ တွက်ခြေမကိုက်လို့ လုပ်ကွက် ပြန်အပ်သွားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်၏ ထုတ်ပြန်ချက်များသည် အလားအလာရှိသည့် ဓာတ်ငွေ့ပမာဏပေါ်အခြေခံထားခြင်းကြောင့် ယုတ္တိမရှိကြောင်း ၎င်းက ဆိုသည်။

ယခုလ  ၁၅ ရက်တွင် Gulf Petroleum Myanmar ကုမ္ပဏီသည် တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ၎င်းတို့၏ ဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းများကို ဆွေးနွေးခဲ့ကြောင်း စစ်တပ်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြခဲ့သည်။

စစ်အပ်စုက 3D Seismic စမ်းသပ်မှုကို အခြေခံသည့် ဓာတ်ငွေ့ပမာဏခန်းမှန်းချက်များသည်  အမှန်တကယ်ရှိမှုနှင့် ကွာခြားနိုင်ကြောင်း ပြည်တွင်းရေနံကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသည့် အကြီးအကဲတစ်ဦးက မှတ်ချက်ပေးသည်။

“ဘယ်လောက်ရှိတယ်ဆိုတာ အကုန်လုံးတိုင်းထွာပြီးမှပြောရတာ။ တိုင်းထွာတယ်ဆိုတာ တူးပြီးလို့ အောက်ထဲမှာ ရေနံသိုက်ကြီးကို လက်နဲ့ထိတွေ့လိုက်သလိုမျိုး ထိတွေ့လိုက်ရတဲ့အချိန်မှာ အပူချိန်တွေ ဖိအားတွေတိုင်းလိုက်ရင် ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ မှန်လည်းမှန်တယ်” ဟု သူက ပြောသည်။

အနည်းဆုံးစမ်းသပ်တွင်း လေးတွင်းအထိ တူးဖော်ရလေ့ရှိပြီးမှသာ ခန့်မှန်းပမာဏ၏ ပိုများခြင်း၊ လျော့နည်းခြင်း၊ လုံးဝမရှိခြင်းတို့ကို သိရှိနိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဒါကတော့ ရေနံလုပ်ငန်းကတော့ လောင်းကစားလိုပဲ။ အဲ့ဒီအတွက် ကျွန်တော်တို့ ရေနံလောကမှာ ပြောင်တာတို့ လှောင်တာတို့တော့မရှိကြဘူး” ဟု သူက ဆိုသည်။

သဘာဝဓာတ်ငွေ့နှင့် ရေနံတွင်းတစ်တွင်းတူးဖော်လျှင် ဒေါ်လာသန်းရာဂဏန်းကုန်ကျခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ ရှာခြင်းမှာ အခရာကျသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်း ချောင်းသာကမ်းခြေ၏ အနောက်ဘက်ရှိ A6 လုပ်ကွက်ကို ရေနက်ပိုင်းအတွက် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော MPRL E&P ကုမ္ပဏီက ဓာတ်ငွေ့ရှာဖွေတွေ့ရှိထားသော်လည်း စစ်အာဏာသိမ်းပြီးနောက် မိတ်ဖက်အဖွဲ့များဖြစ်သည့် ပြင်သစ် Total နှင့် ဩစတေးလျအခြေစိုက် Woodside ကုမ္ပဏီတို့က ထွက်ခွာသွားသဖြင့် ရင်းနှီးမြှုပ်နှံမှုရှာဖွေရန် ရုန်းကန်နေရသည်။

ဓာတ်ငွေ့သိုက်များတွေ့ရှိမှုနှင့်ပတ်သက်၍ စစ်အုပ်စုလက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောခွင့်ရ အမြဲတမ်းအတွင်းဝန် ဦးဇော်ဇော်အောင်ကို Myanmar Now က ဖုန်းဖြင့် မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်းမရှိပါ။

သဘာဝဓာတ်ငွေ့စီမံကိန်းများသည် စစ်အုပ်စု၏ အာဏာရှင်ယန္တရားနှင့် စစ်အုပ်ချုပ်ရေးကို အသက်ဆက်ပေးနေသော နိုင်ငံခြားဝင်ငွေထောက်တိုင်ဖြစ်နေ၍ တိုးမြှင့်လုပ်ဆောင်နေပြီး စစ်တပ်ထံစီးဆင်းနေသည့် ဓာတ်ငွေ့ဝင်ငွေများဖြတ်တောက်ရန် တက်ကြွလှုပ်ရှားသည့်အဖွဲ့ Blood Money အဖွဲ့ ပြောခွင့်ရသူက ဆိုသည်။

ထိုသို့တိုးမြှင့်မှုမှ ဝင်ငွေများရလာလျှင် လေယာဉ်၊ လက်နက်နှင့် ကျည်ဆန်များဝယ်ယူပြီးနောက် လူထုကိုပြန်လည်သတ်ဖြတ်နေ၍ နိုင်ငံတကာကုမ္ပဏီများသည် နိုင်ငံတကာဥပဒေများကိုချိုးဖောက်၍ ကြံရာပါလုပ်နေကြောင်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့သိုက်တွေက ရှိနေပါသေးတယ်။ ဒီကနေရတဲ့ ငွေတွေဟာ ပြည်သူ့ဘဏ္ဍာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပိုက်ဆံတွေကို  ပြည်သူလူထုရဲ့  လူမှုရေး၊ စီးပွားရေးတိုးတက်ဖို့တော့ တစ်ခါမှ မသုံးခဲ့ရပါဘူး”ဟု သူက ပြောသည်။

စစ်အုပ်စု၏ အချက်အလက်များအရ ဓာတ်ငွေ့တင်ပို့မှုမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ သုံးလ အတွင်းတွင် အမေရိကန်ဒေါ်လာ ၈၄၁ ဒသမ ၇ သန်းရှိခဲ့ကြောင်း စစ်တပ်နှင့် ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်နေသည့် Justice For Myanmar(JFM) က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

AI Curated