
AI Summary
မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် မဟာဗျူဟာမြောက် အရန်ဆီသိုလှောင်မှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် နိုင်ငံအတွင်း ဓာတ်ဆီနှင့် ဒီဇယ်ဆီများ လုံလောက်စွာရှိနေသဖြင့် စိုးရိမ်ရန်မလိုကြောင်းနှင့် တင်သွင်းမှုလမ်းကြောင်းများကိုလည်း ကွဲပြားအောင် ဆောင်ရွက်နေသည်။ စက်သုံးဆီတင်သွင်းမှုစနစ်ကို မှီခိုနေရသည့်အတွက် မိတ်ဖက်နိုင်ငံများနှင့် ရေရှည်စာချုပ်များ ချုပ်ဆိုရန် ညှိနှိုင်းလျက်ရှိသည်။ ထို့အပြင် ပြည်တွင်းရေနံချက်စက်ရုံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ စက်သုံးဆီဈေးနှုန်းတည်ငြိမ်စေရန်အတွက် အစိုးရမှ နိုင်ငံခြားငွေစိုက်ထုတ်ပေးခြင်းနှင့် အခွန်ကင်းလွတ်ခွင့်ပြုခြင်းတို့ကို လုပ်ဆောင်ပေးနေသည်။
ထင်ရှားသော ပြောကြားချက်များ
"နိုင်ငံတော်အတွင်း ဓာတ်ဆီအနေနဲ့ ရက် ၄၀ ကျော်စာ၊ ဒီဇယ်အနေနဲ့ ၄၅ ရက်စာရှိပြီး နိုင်ငံတော်အရန်ဆီ အလုံအလောက်ရှိနေတဲ့အတွက် စက်သုံးဆီပြတ်လပ်မှုအတွက် စိုးရိမ်ပူပန်ဖို့ မလိုအပ်တဲ့ အခြေအနေ ရှိပါတယ်"

မြန်မာပြည်တွင်း စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနဲ့ ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ခိုင်မာတဲ့ မဟာဗျူဟာမြောက် အရန်ဆီသိုလှောင်တဲ့စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာမှာ တင်သွင်းဖြန့်ဖြူးတဲ့ ကွင်းဆက်ကို စနစ်တကျ ထိန်းကျောင်းနိုင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ဆောင်ရွက်နေတယ်လို့ စစ်အာဏာရှင်ခန့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောပါတယ်။
ကမာရွတ်မဲဆန္ဒနယ်က ဦးကိုကိုသင်းရဲ့ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနဲ့ ဈေးနှုန်းတည်ငြိမ်စေရေး အတွက် ခိုင်မာတဲ့ မဟာဗျူဟာမြောက် အရန်ဆီသိုလှောင်မှုစနစ် ဖော်ဆောင်ရန်နဲ့ တင်သွင်းဖြန့်ဖြူးမှု ကွင်းဆက်ကို စနစ်တကျ ထိန်းကျောင်းပေးနိုင်တဲ့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အခုလိုပြောတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတွင်း ဓာတ်ဆီအနေနဲ့ ရက် ၄၀ ကျော်စာ၊ ဒီဇယ်အနေနဲ့ ၄၅ ရက်စာရှိပြီး နိုင်ငံတော်အရန်ဆီ အလုံအလောက်ရှိနေတဲ့အတွက် စက်သုံးဆီပြတ်လပ်မှုအတွက် စိုးရိမ်ပူပန်ဖို့ မလိုအပ်တဲ့ အခြေအနေ ရှိပါတယ်လို့ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီအရင်းအမြစ်ဟာ တင်သွင်းမှုစနစ် (Import Base) ဖြစ်ပြီး လက်ရှိမှာ စက်သုံးဆီတင်သွင်းမှုအနေနဲ့ နိုင်ငံတခုတည်းကို မှီတည်နေရတာဖြစ်လို့ မတူညီတဲ့ အရင်းအမြစ် လမ်းကြောင်းတွေကနေ စွမ်းအင်တင်သွင်းမှု နည်းလမ်းတွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းတွေ မြှင့်တင်နိုင်ဖို့ မူဝါဒချမှတ်ပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စက်သုံးဆီပြတ်လပ်မှု မဖြစ်စေဖို့နဲ့ ဈေးနှုန်းတည်ငြိမ်မှု ရှိစေဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ရေရှည် စာချုပ်ချုပ်နိုင်ဖို့ကိုလည်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရေရှည်မှာ ပြည်တွင်းရေနံချက်စက်ရုံလုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့ ဦးစားပေးဆောင်ရွက်မယ်၊ ရေနံချက်လုပ်ငန်းတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ရေနံစိမ်းကုန်ကြမ်းတွေကိုလည်း ပြည်တွင်းမှာသာမက မိတ်ဆွေနိုင်ငံတွေမှာ သိုလှောင်ကန်တွေ ထားနိုင်ဖို့ ဆောင်ရွက်မယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။
စက်သုံးဆီဈေးနှုန်းကို အပတ်စဉ်အလိုက် တွက်ချက်ထုတ်ပြန်ပြီး နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးမှာ အများဆုံးအသုံးပြုတဲ့ ဒီဇယ်ဆီ၊ 500 PPM အတွက် အစိုးရက နိုင်ငံခြားငွေ စိုက်ထုတ်ပေးတာ၊ ဈေးနှုန်းတည်ငြိမ်ရေးအတွက် တင်သွင်းမှုအခွန် ကင်းလွတ်ခွင့်ပြုတာတွေ လုပ်ပြီး ရည်ညွှန်းဈေးနှုန်းကို တွက်ချက် ထုတ်ပြန်ပေးနေပါတယ်။